Uncategorized

Nat Sei – Articles

အန္ဓဝေဏိ
နတ်စည်
မေ ၂၁၊ ၂၀၁၃


ဆန္ဒစောနေသောကြောင့်လားမသိ၊ သင်းကလေးတွေ လာခဲလိုက်တာ၊ ခါတိုင်းဆို ဒီအချိန်ရောက်ပြီ၊ အင်း … အကြီးတွေကများ အငယ်တွေကို ကစားကွင်းတွေ ဘာတွေ ဟိုဟိုသည်သည်များ လျှောက်ခေါ်နေကြရော့လား၊ အကြီးဆုံးဖြစ်တဲ့ ကိုဇင်မင်းက အပျော်ကဲကဲရယ်၊ ထင်သည့်အတိုင်းပင် …
“အကိုဇင်မင်းကြောင့် နောက်ကျတာ ဘုန်းဘုန်းနဲ့ တိုင်မယ်”
“နီလာထွန်း မတိုင်နဲ့၊ ငါတမင် လုပ်တာမှ မဟုတ်တာ … နင်တို့သိရင် အစကပြောပါလား”
သူ့ကြောင့် ငါ့ကြောင့် အပြစ်ဆိုရင်း လာကြပါပြီ၊ အံမယ် ဒီနေ့လူစုံပါလား၊ ကိုးယောက်ဖြစ်လိုက်၊ ဆယ်ယောက် ဖြစ်လိုက်နှင့် မမှန်၊ များသောအားဖြင့် အကြီးတွေက ပျက်တာများသည်။
မိမိရပ်နေသည်ကို မြင်မှ စကားတိတ်သွားကြကာ ဘုရားကိုပင် မကန်တော့နိုင်ကြသေးဘဲ
“ဘုန်းဘုန်း အကိုဇင်မင်းကြောင့် သမီးတို့ နောက်ကျတာ ပြီးတော့”
တိတိကျကျ နေထိုင်ပြောဆိုတတ်သော နီလာထွန်းက စလိုက်တော့ ဖြစ်ပုံကို သူကတခွန်း ကိုယ်ကတခွန်းနှင့် ရုပ်လုံးပေါ်လာသည်က သူတို့ ဇင်မင်းစကားကို နားထောင်ပြီး ကားမှားစီးမိကြကြောင်း၊ နံပါတ်ခြင်း တူသော်လည်း ဥက္ကလာဘက်မှ ပတ်သောကားကို စီးမိ၍ ကားကြပ်တဲ့ ဒုက္ခလည်းရောက်၊ အချိန်လည်းကုန်၊ လူပန်း၊ ကားခလည်း ပိုကျရကြောင်း သိရသည်။
“သားကလည်း ရောက်မယ်ထင်လို့ ဘုန်းဘုန်း၊ ကောင်းမြတ်တို့၊ နွယ်နီထွန်းတို့ကလည်း သိလျက်နဲ့ မပြောကြဘဲနဲ့ ခုမှ ဘာညာပြောကြတာ ဘုန်းဘုန်း”
“ကျွန်တော်ပြောတယ်၊ ကိုဇင်ပဲ ဆရာကြီးဆို”
“သမီးတို့က သူ့စကားနားထောင်ရမယ်လို့ မေမေက မှာထားလို့”
နီလာထွန်းကတော့ နှုတ်ခမ်းစူဆဲ၊ ညီညီဝေထွန်းတို့ ယမင်းတို့ ကလေးတွေကတော့ ဘာမှမဖြစ်ဟန်၊ ခေါင်းဆောင်ကြီး ကိုဇင်မင်းကတော့ ပြုံးဖြီးဖြီးပေါ့။
“သားတို့ သမီးတို့ အဖြစ်က ဟိုပုံပြင်လေးထဲကလို ဖြစ်နေပြီ”၊ ပုံပြင်ဆိုကတည်းက အငယ်တွေက ခေါင်းမတ် ပြီးသား၊ ခင်မေထွန်းက …
“ဘယ်ပုံပြင်ထဲကလိုလဲ ဘုန်းဘုန်း”
“တခါတုန်းက ရွာတရွာမှာ သူ့ကိုယ်သူ ပညာရှိလို့ထင်တဲ့ တတ်ယောင် သိယောင်ကား လူကြီးတစ်ယောက် ရှိသတဲ့”
“အကိုဇင်မင်းလိုပေါ့ ဟိ … ဟီး”
“ဟေ့ကောင် စည်သူထွေးနော်”
“ကဲ … ကဲ နွယ်နီတို့ နီလာတို့ ကောင်းမြတ် တို့လိုပေါ့”
“အောင်မာ”
“ဘာအရေးကြုံကြုံ အဲဒီလူထံပဲသွားပြီးမေးကြ မြန်းကြ အကြံဉာဏ်ယူကြသတဲ့၊ တစ်နေ့မှာတော့ လူတစ်ယောက်ရဲ့ နွားမတစ်ကောင်ဟာ အိုးထဲရေငုံ့သောက်ရာက ခေါင်းဝင်သွားပြီး ခေါင်းထုတ်လို့မရ ဖြစ်နေသတဲ့၊ ဒါနဲ့ ရွာသားတွေဟာ ဘာလုပ်ရမှန်း မသိတော့ ခုနက ပညာရှိယောင်ဆီ သွားပြီးမေးကြသတဲ့၊ ဒီတော့ အဲဒီလူက မေးထောက် စဉ်းစားနေပြီး အတန်ကြာတော့၊ “ဒါလွယ်ပါတယ်ကွ၊ မင်းတို့နွားရဲ့ဇက်ကို ဖြတ်လိုက်” လို့ အကြံပေးလိုက်ပါသတဲ့၊ ဒါနဲ့ နွားရှင်လဲ ဝမ်းသာ အားရ ပြန်သွားပြီး နွားလည်ပင်းကို ဖြတ်လိုက်ပါသတဲ့။
“ ဟင်”  “ ဟယ်”
“ခေါင်းထွက်သွားရောလား ဘုန်းဘုန်း”
“စဉ်းစားကြည့်ပေါ့ကွယ်၊ မထွက်တဲ့ပြင် လည်ပင်းသာ ပြတ်သွားတယ်၊ ခေါင်းကအိုးထဲ ကျန်ခဲ့ရော၊ ဒါနဲ့ ခုနက လူထံ သွားပြန်ရော၊ ကိုင်း ဘယ်နယ့်လဲဟေ့လို့ သူကဆီးမေးတော့၊ ခေါင်းထုတ်လို့ မရသေးဘူးဆရာ ဆိုတော့ တခါမေးထောက်ပြီး စဉ်းစားပြန်တယ်၊ အတန်ကြာမှ ဒါဆိုလွယ်ပါတယ် အိုးခွဲလိုက်ကွာ”
“ဟား … ဟား … ဟား”
အငယ်လေးတွေကတော့ သဘောပေါက်ကြပါ့ မလားမသိ၊ အကြီးတွေကတော့ ရယ်ကြသည်။
“အိုးကို အရင်ခွဲလိုက်ရင် ဖြစ်တဲ့ဟာ ခုတော့ ပညာရှိကြီးလုပ်လိုက်မှ နွားလဲဆုံး၊ အိုးလဲဆုံးရတဲ့အဖြစ်၊ ခုလဲ သားတို့တတွေ အဖြစ်ကလည်း အဲလိုဘဲ၊ ကိုဇင်မင်းကြီးက ပညာရှိကြီးဆိုရင် သူ့ကိုယုံပြီးလိုက်လုပ်တဲ့ သားတို့ သမီးတို့က ရွာသားတွေ နွားရှင်တွေပေါ့၊”
ပြုံးတုံ့တုံ့တွေ လုပ်နေကြသည်၊ သူတို့ဖြစ်ထွေနှင့် ဆက်စပ်ကာစဉ်းစားမိသည်၊ ရှေ့ဆောင်တို့ ခေါင်းဆောင်တို့ ဆိုတာ လူမှုအသိုက်အဝန်းမှာ ဘယ်နေရာမဆို အရေးကြီးတာကလား၊ ကြောင်းကျိုးစဉ်းစားဉာဏ်သာမက အတွေ့အကြုံ ပညာကလည်း ရှိပါမှ၊ ဒါကြောင့် ဘုရားရှင်က ပညာအရေးပါကြောင်း အလျင်းသင့်တိုင်း ဟောတော်မူခဲ့တာဘဲ၊ ဟော အင်္ဂုတ္တိုရ်မှာဆို “ပျက်တာ မပြင်၊ ပျောက်လျှင်မရှာ၊ ဗလပွာသုံး၊ ဉာဏ်တုံးသူအား ခေါင်းဆောင်ထား၊ စီးပွား ဆုတ်ယုတ် ကြောင်း” တဲ့၊ ဒီနေ့ ဒီအကြောင်းလေး သူတို့ကို ပြောပြပေးရမည်။
“ကဲ .. လာကြ အမောပြေကြရောပေါ့၊ ဒီနေ့ “အန္ဓဝေဏိ” အကြောင်း ဘုန်းဘုန်းပြောပြမယ်”
“အန္ဓဝေဏိ ဆိုတာဘာလဲ ဟင်”
ထိုင်လျှင်ထိုင်ချင်း ညီညီထွန်းဝေက မေးသည်၊ ဒါပေမယ့် ဒါသူတို့အားလုံးသိချင်နေတဲ့ မေးခွန်းဖြစ်မှာပါလေ။
“အန္ဓဝေဏိ” ဆိုတာ “သူကန်းအစဉ်” မျက်မမြင် လူတန်းကြီးကို ခေါ်တာကွဲ့”
“သားတို့ သမီးတို့ရဲ့ မြတ်စွာဘုရားက ဘယ်အရာမဆို အောင်မြင်ကြီးပွားလိုတဲ့သူဟာ ပညာရှိတဲ့ ရှေ့ဆောင်ကို မှီမှ ဖြစ်မယ်လို့ ဟောခဲ့တယ်၊ ပညာမဲ့တဲ့ ခေါင်းဆောင်ကို နောက်လိုက်မိရင် မကြီးပွားတဲ့ပြင် ကိုယ်ကျိုးနည်းတတ်သတဲ့ကွယ့် ..”
“ဥပမာပြရရင် တခါမှာ ပုဏ္ဏားတစ်ယောက်က သူတို့ကသာလျှင် ဗြဟ္မာရဲ့သားမြေးများမို့ မြင့်မြတ်ပြီး ရဟန်းတွေက ယုတ်နိမ့်ကြောင်း ပြောလာပါသတဲ့၊ ဒါနဲ့ မြတ်စွာဘုရားက ကောင်းပြီပုဏ္ဏား၊ ဒါဆိုရင် သင်က ဗြဟ္မာကိုမြင်ဖူးသလားလို့ မေးတော့ မမြင်ဖူးဘူးတဲ့။ ဒါဖြင့် သင့်ဆရာတွေကော မြင်ဖူးလားဆိုတော့လည်း မမြင်ဖူးဘူးတဲ့၊ ဒါဖြင့် သင်တို့ရဲ့ဆရာ့ ဆရာတွေကောဆိုတော့၊ မမြင်ဖူးဘူးတဲ့၊ ဒီတော့ မြတ်စွာဘုရားက ပုဏ္ဏား သင်တို့ဟာက ကိုယ်တိုင်လည်း မမြင်ဘူး၊ ဆရာလည်း မမြင်ဘူး၊ ဆရာ့ဆရာများကလည်း မမြင်ဖူးဘဲနဲ့ ဗြဟ္မာကို ကိုးကွယ်ဆည်းကပ်နေကြတာဖြင့် ရှေ့ဆုံး လူကလည်း မမြင်၊ အလယ်လူကလည်း မမြင်၊ နောက်ဆုံးလူကလည်း မမြင်ဘဲနဲ့ မြို့ကိုသွားနေကြတဲ့ သူကန်းစဉ် (အန္ဓဝေဏိ)နဲ့ တူနေပါရော့လား၊ ပုဏ္ဏား တခါက မျက်မမြင်တစုဟာ အစာရေပေါတဲ့မြို့ကို တယောက်ရဲ့ခါးကို တစ် ယောက်ကဆွဲပြီး သွားနေကြပါသတဲ့၊ မမြင်နိုင်သူများအဖို့ ပန်းတိုင်ရောက်ဖို့မဆိုထားနဲ့၊ ခရီးတောင် မတွင်နိုင်ဘူးပေါ့၊ ဒီအထဲ အဲဒီမျက်မမြင်လူတန်းကြီးကို အရက်မူးသမားတစ်ယောက်မြင်သွားတော့ ဝင်တဲ့ပြီး သင်တို့ကို ငါလမ်းပြမယ်၊ ငါ့ရဲ့ခါးကို ဆွဲလိုက်ခဲ့ကြဆိုပြီး ခေါ်သွားသတဲ့၊ ခြုံပုတ်တစ်ခုနားရောက်တော့ အမူးသမားဟာ ပတ်ကွေ့သွားပြီး သူ့နောက်က မျက်မမြင်ရဲ့ လက်ကို ဟိုနောက်ဆုံးက မျက်မမြင်ရဲ့ခါးမှာ ချိတ်ပေးတဲ့ပြီး ငါ့ကိစ္စရှိ၍ သွားဦးမည်၊ ငါ့မိတ်ဆွေရဲ့ နောက်ကသာ လိုက်သွားကြပေရော့ဆိုပြီး ထားခဲ့ပါရောတဲ့၊ မျက်မမြင်တွေခမျာ ရှေ့ကလူရဲ့ခါးကို နောက်မျက်မမြင်က ဆွဲပြီး ဆူးခြုံကို ဝိုင်းပတ်နေသတဲ့”
“ဟိ … ဟီး … ဟီး ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ပေါ့”
“ဟင်း … ဟင်း ဒုက္ခပါပဲ”
နောက်တော့မှ ဒီနေရာဘဲ ပတ်နေတာကို သဘောပေါက်သွားကြကာ ခုနကလူဟာ သူတို့ကို ဒုက္ခပေးသွား တာပါလားလို့ သိကြပြီး “တို့ မမြင်ရတဲ့ထဲ လူသော့သွမ်းကို ရှေ့ဆောင်တင်မိလို့ ဒုက္ခရောက်ကြရပါပေါ့လား” လို့ ငိုယိုကြပါသတဲ့၊
“နဂိုကမှ မမြင်ရတဲ့ထဲ၊ အရက်သမား ခေါင်းဆောင်တင်မိတော့ သွားပါရော”
“အဲဒါ … တို့ အဖွဲ့ပေါ့ ဟဲ … ဟဲ”
“ဒါဆို အမူးသမားက အကိုဇင်မင်း”
ဝိုင်းရယ်လိုက်ကြသည်၊ ဇင်မင်းရဲ့ “ မိနီလာနော်” ဆိုသည့် အသံကိုပင် ဖုံးတော့၏။      ။
သရုပ်ဖော်ပန်းချီအား ဤနေရာမှ ကူးယူပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts