ငြိမ်းချမ်းအေး

Nyein Chan Aye – Articles

“နိုင်ငံရေးမသေ၊ ပြည်သူမကြေ” စေဖို့ရာ …
ငြိမ်းချမ်းအေး
မေ ၂၁၊ ၂၀၁၃

ဧရာဝတီ ကျေးဇူးနဲ့ ခုတလော ဗိုလ်လွန်းမောင် တရား တော်တော် နာလိုက်ရတယ်။ဗိုလ်လွန်းမောင် လော်ဘီက ဟိုးအရင်ကတည်းက အွန်လိုင်းမှာ စစ်အုပ်စုနောက်မြီးဆွဲတွေ လုပ်နေကြတာ ကြာပါပြီ။  သူကလည်း အနူတော လူချော လိုဖြစ်ခဲ့တော့ လော်ဘီ လုပ်လို့ ကောင်းတာပေါ့။  ဗိုလ်လွန်းမောင်လော်ဘီရယ်လို့တော့ မဟုတ်ပါဘူး။  စစ်အုပ်စုထဲက မျက်နှာပြလို့ ရတဲ့ကောင်းကွက်တချို့ ကို တဆိတ် တအိတ်လုပ် ဆိုပြရင်း အွန်လိုင်းမှာစစ်တပ်ကောင်းကြောင်း ဝါဒဖြန့်ကြတာပေါ့။
ဗိုလ်သိန်းစိန် ဆိုလည်း ဘဝရှင်မင်းတြားကြီးရဲ့ သမ္မတမဲ ပေါက်ကတည်းက စပြီးဝိုင်းအမွှန်းတင်ခဲ့ကြ၊ ခုအချိန်ထိလည်း “တို့.. သမ္မတ က ဘယ်လို ရိုးတာ၊ဘယ်လို ဘာဖြစ်တာ” ဆိုပြီး ခပ်ရိုင်းရိုင်း ဆိုရရင် ဝိုင်း “ဘောမ”နေကြရင်း စစ်အုပ်စု အတွက် ကျွဲကူးရေပါ တပါတည်း ကူလီထမ်းစစ်ကျွန်သက်ရှည်ဆေး ဖော်ပေးနေကြတာကို ဆိုလိုတာပါ။  ဒီခေတ် ဗမာပြည်ဒီမိုကရေစီ စနစ် က ရှေးခေတ် အေသင် မြို့ပြနိုင်ငံက လူထုဆန္ဒ အဓိကပါဝင်နိုင်တဲ့ “ခေါမဒီမိုကရေစီ” လို့တော့ ဆိုလို့မရပေမယ့် နီးနီးစပ်စပ်(မရိုသေ့စကား၊ နားနဲ့မနာ ဖဝါးနဲ့ နားပါ၊ မိုးမခ စာဖတ်သူ ကိုတော့အားနာပါရဲ့၊ ဒါပေမယ့် ဆိုပါရစေ..၊ ချဉ်လို့ပါ) “ဘောမ-ဒီမိုထမိန်ခြုံ”စနစ်တော့ စည်ပင်နေပြီလို့ ဆိုနိုင်ပါတယ်။
ဧရာဝတီ ရဲ့ ဗိုလ်လွန်းမောင် သတင်းဆောင်းပါး နဲ့ အင်တာဗျူး ကိုတော့ လော်ဘီလို့မစွပ်စွဲ၊ မဆိုလိုပါဘူး။  သတင်းဌာနတခုအနေနဲ့ သတင်းဖြစ်နိုင်တဲ့ လူဆီကသတင်းလုပ်တာ၊ သတင်းယူတာ ဘာမှ အပြစ်ဆိုစရာမရှိပါ။  တင်ဆက်ပုံလည်းကောင်းတယ်လို့ ဆိုနိုင်ပါတယ်။  စကားလုံးတချို့ကတော့ မျက်စိထဲထော်လော်ကန့်လန်ဖြစ်တာပေါ့။
ဗိုလ်လွန်းမောင် ကောင်းခဲ့ မကောင်းခဲ့၊ ရိုးခဲ့ မရိုးခဲ့က သတင်းတပုဒ်အနေနဲ့ အင်္ဂါစုံကောင်း စုံနိုင်၊ သတင်းဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဗမာ့
နိုင်ငံရေး သဘော မှာ အလေးထားစရာ အကြောင်းမရှိ ဆွေးနွေးစရာလည်း  မလိုပါ။ဗိုလ်သိန်းစိန် ဆိုလည်း ကောင်းကောင်း/ဆိုးဆိုး၊ ရိုးရိုး/ခိုးခိုးအလားတူသဘောပါပဲ။  စကားဆက်လို့ တခုသာ ဆိုရရင် မောင်မင်းကြီးသားများရိုးတယ် ဆိုတာကလည်း လူအများ ထမက်းရည်ရက်နေရတဲ့ တိုင်းပြည်မျိုးမှာသိန်းကလေး ထောင် ဂဏန်း၊ သောင်းဂဏန်း လောက် ကိုင်၊ ဆိုင်ကလေးသိန်းရာကျော်တန်၊ ထောင်ကျော်တန်လောက် ပိုင်၊ သား/သမီး၊ သမက်/ချွေးမရာထူး၊ ရာခံ တလှေကြီးယူထားပြီး တိုက်တာ ကား အပြည့်အစုံနဲ့ရိုးခဲ့တာမျိုးပါ။  သနားစရာလည်း ကောင်းရှာပါတယ်။
၁၉၉၀ နှစ်များ ဦးပိုင်း မြန်မာ့အသံ က ဆေးကြော်ငြာ တခုကို လူရွှင်တော်များပြက်လုံး အနေနဲ့ “ပြည်သူတွေကလည်း မေတ္တာ ပြန်ဝေပါတယ်…၊ ဦးတက်ခါး တယောက်ကျန်းမာပါစေ..” ပြန် ဆိုခဲ့သလို အခုလည်းပဲ ဆိုရပါမယ်။  (ဘယ်သူ..ဘယ်ဝှာ.. ကြိုက်တာနာမည်ထည့်၊ အတူတူနဲ့ အနူနူ နည်းတာနဲ့ များတာပဲ ကွာချင်ကွာမယ်) “ဗိုလ်ခင်ညွန့်/ဗိုလ်သိန်းစိန်/ဗိုလ်လွန်းမောင်/ဗိုလ်… တယောက်ကျန်းမာ၊ ချမ်းသာပါစေ” လို့ လမ်းဘေးမှာ ရေခဲရေရောင်းဖို့တောင် အထာမသိ၊လမ်းကြောင်းမရှိလို့ ဗျာများနေရတဲ့ ဗိုက်ဟောင်းလောင်းနဲ့ အငတ်ထုကြီးကမေတ္တာ ပြန်ဝေပါတယ်။ ဘဝဆက်တိုင်းလည်း အခုလို ဘုရားစူး ရိုးသားနိုင်ကြပါစေ။
ဆိုချင်တာက နိုင်ငံရေး သဘောမှာ ဒီလို ကိစ္စတွေကို တဦးချင်း အနေနဲ့မြင်လို့ မရပါဘူး။  ဗိုလ်ခင်ညွန့်၊ ဗိုလ်သိန်းစိန်၊ ဗိုလ်လွန်းမောင်ဆိုတာတွေ မရှိပါဘူး။   ဗိုလ်သိန်းစိန် က လက်ရှိ အာဏာ ရှိသေးလို့ ဆိုပြီးတမျိုး၊ ဗိုလ်ရွှေမန်းကတော့ သမ္မတ မဖြစ်ရလို့ ဆိုပြီး တဖုံ၊ဗိုလ်လွန်းမောင် ကျ အခု ထမင်းရောင်းနေလို့ ဆိုပြီး တနည်း၊ ဒီနေ့ဗိုလ်ခင်ညွန့် ကတော့ ကော်ဖီရောင်းစားရတဲ့ ဘဝ ရောက်သွားပြီ ဆိုလို့ တသွယ်သီးခြား ခွဲထုတ် စဉ်းစား၊ သုံးသပ် မြင်ကြည့်လို့ မရပါဘူး။  ဗိုလ်သန်းရွှေအမှူးပြုတဲ့ ဆိုခဲ့တဲ့ သူတွေ အပါအဝင် ပုဂ္ဂိုလ်အားလုံး၊ဗိုလ်ပြုတ်အားလုံး၊ ဘောင်းဘီချွတ် အားလုံး၊ ဘောင်းဘီဝတ်လျက် အားလုံး နဲ့ဖားတပိုင်း၊ ငါးပိုင်း အားလုံး ဟာ စစ်အုပ်စု ပါ။  စစ်အုပ်စုအကျိုးစီးပွားကို ကာကွယ်ခဲ့၊ ကာကွယ်မယ့် သူတွေချည်းပါ။  အခုဗိုလ်လွန်းမောင် လို အသာ ဘေးထိုင် ထမင်းရောင်းနေတဲ့ သူမျိုးတောင်မှစစ်အုပ်စု အကျိုးစီးပွားကို ကာကွယ်သူလို့ မဆိုချင်ရင်တောင် အနည်းဆုံးတော့စစ်အုပ်စု အကျိုးစီးပွားကို မဆန့်ကျင်သူလို့ ဆိုနိုင်ပါတယ်။
စစ်အုပ်စု အကျိုးစီးပွား ဆိုကတည်းက တိုင်းပြည် ပြည်သူလူထု အများစုပျက်စီးရာ ပျက်စီးကြောင်းပါပဲ။  စစ်တပ်ကြီးပွားလေ၊ စစ်အုပ်စု မိုက်ရိုင်းထွားကြိုင်းလေ၊ လူထုငတ်လေ ဖြစ်နေရတာကို ဘာနိုင်ငံရေး စစ်တမ်းမှ ထုတ်စရာမလိုဘဲ အံတို၊ အရေထူနေပြီ ဖြစ်တဲ့ ဘဝပေးအသိ၊ သမိုင်းဆေးခါးကြီးနဲ့ဗမာပြည်က သိပြီးသားပါ။  ဆိုတော့ စစ်အုပ်စု အကျိုးစီးပွားကို ကာကွယ်သူဖြစ်ဖြစ်၊ မဆန့်ကျင်သူ ဖြစ်ဖြစ် အားလုံးဟာ ပြည်သူ့ရန်သူချည်းပါပဲ။
နာမည်ကောင်းရနေတဲ့ ဘီလူးခေါင်းနဲ့ မင်းသား သမ္မတ ရဲ့ ခုနောက်ဆုံး ဗွီအိုအေဆွေးနွေးခန်း ကိုပဲ ကြည့်ပါ။   သမ္မတဟာ စစ်အုပ်စု အကျိုးစီးပွားကိုမဆန့်ကျင်ရုံသာမက ကာကွယ်နေသူ၊ ခိုင်သထက် ခိုင်အောင် တည်ဆောက်နေသူဆိုတာအထင်အရှား မြင်နိုင်ပါတယ်။
ဗမာ့ သမိုင်းမှာ စစ်တပ်ဟာ တိုင်းပြည်ကို ကယ်ခဲ့သူ၊ ဂျောက်ထဲမကျအောင်စွမ်းဆောင်ခဲ့သူလို့ ပြောင်းပြန် မြင်နေသမျှ၊ “ငပြူး က ပြန် ပြဲ”
လုပ်ချင်နေသမျှ၊ ကယ်တင်ရှင် အတွေးအခေါ် ရှိနေသမျှ၊ အဲဒီလို Mindset သဘော၊မူဝါဒါ မျိုးနဲ့ ရှေ့ဆက်သွားနေရင် ဗိုလ်သိန်းစိန်ရယ်မှ မဟုတ်၊ ဘယ်သူမဆိုအနာဂတ်မှာ စစ်အုပ်စု အကျိုးစီးပွား တည်ဆောက်ရမယ်၊ ကာကွယ်ရမယ်၊ စစ်တပ်ဟာဗမာ့နိုင်ငံရေးမှာ ဦဆောင်တဲ့ အခန်းကဏ္ဍက အစဉ်တစိုက် ရပ်တည်မယ် စတဲ့တရားဝင်တဲ့ အာဏာရှင် စနစ်၊ ထာဝရ စစ်ကျွန် ပြုရေး ရှေးရှု ဆိုတဲ့ ဘောင်၊အမြင်၊ လမ်းကြောင်းထဲက လွတ်မှာ မဟုတ်ပါ။
မျက်မှောက် ဗမာ့နိုင်ငံရေး မှာ ပိုဝမ်းနည်းဖို့ကောင်းပြီး ပိုသတိထားအလေးပေး ရမှာက စစ်အာဏာရှင်ဟောင်းကြီးများ၊ ဗိုလ်ချုပ်ဟောင်းကြီးများသာစစ်အုပ်စု အကျိုးကို လိုလား၊ ကာကွယ် နေတာ မဟုတ်ပါ။   သူ့လူ ကိုယ်ဘက်သားနိုင်ငံရေး ပဉ္စမံ တပ်သား ဒီမိုကရေစီ သမား ဆိုသူများကပါ စစ်အုပ်စုစီးပွားကို လိုလိုလားလား နဲ့ ကာကွယ်နေ၊ ဝိုင်းဝန်းနေ၊တည်ဆောင်ပေးနေကြတာပါ။  ဒါဟာ ဗမာ့နိုင်ငံရေး ရဲ့ ကြီးစွာသော အန္တရာယ်  နဲ့ဆုတ်ယုတ်မှုကြီးတခုပါ။  ဒီမိုကရေစီ အင်အားစုကြီး တခုလုံး ဝါးအစည်းပြေသလိုဖြစ်နေတဲ့ အကြောင်းရင်းခံ တခုလည်း ဖြစ်ပါတယ်။  ပြည်သူ့ ဒီမိုကရေစီတိုက်ပွဲ လမ်းကြောင်း တန့်နေရခြင်း ရဲ့ လက်သည် ဟာ စစ်အုပ်စု ငြိုငြင်မှာကြောက်လို့ သူတို့ အကျိုးစီးပွားကို ထိခိုက်မှု နည်းအောင် ကြံဆောင်မှဖြစ်မယ်ဆိုတဲ့ လာဘ်ပေးပေါင်း၊ ပြည်တည်တည်လုပ် ကျောသပ်ချင်တဲ့နိုင်ငံရေးအတွေးအခေါ်ပါပဲ။
ယုံကြည်မှုတည်ဆောင်ရမယ်၊ တူတာတွေ ရှာရမယ်၊ အပေးအယူ၊ အလျှော့အတင်း လုပ်ရမယ်စတဲ့ နိုင်ငံရေ ရေချိန်ပျက်၊ ဒီမိုကရေစီ ဈေးပေါင်ကျိုး သဘောတရားတွေဟာပြုပြင်ပြောင်းလဲမှု ဖြစ်ဖို့အတွက် အတိုင်းအတာ တခု အထိ၊ အဆင့်တခု အထိ၊လိုကောင်းလို၊ သုံးကောင်း သုံးရပေမယ့် “ပြုသမျှ နု” ရတဲ့အခြေအနေမျိုးအထိတော့ မရောက်ရပါဘူး။  ပြည်သူ့စီးပွား၊ အများစု အကျိုးဆိုတာသာ အဓိက နဲ့ အစဉ် ဦးထိပ်ထားစရာ၊ စစ်အုပ်စု နဲ့ လူတစု အကျိုးဆိုတာအလုံးစုံ ခြေဖျက်ဖို့ ကြိုးစား စရာသာ ဖြစ်တယ် ဆိုတာ အမြဲမပြတ်နှလုံးသွင်းပြီး မူဝါဒ ချမှတ် မျက်ခြေမပြတ် တိုက်ပွဲ ဖော်ဆောင် ရမှာဟာဒီမိုကရေစီအင်အားစု နိုင်ငံရေးသမား ဆိုသူတွေရဲ့ ပဓာန အရင်းခံ အလုပ်၊ သဘောနဲ့ ခံယူချက် ဖြစ်ရပါမယ်။
ဗိုလ်လွန်းမောင်လို စစ်အာဏာရှင်စနစ်ရဲ့ဒေါက်တိုက်အကြီးစားဟောင်းကြီးကတောင် တစွန်းတစ နဲ့ ဖွင့်ဟ ဝန်ခံ သွားတဲ့စစ်အုပ်စု အတွင်း အာဏာလွန်ဆွဲပွဲတွေ၊ နောက်ကျော ဓားစိုက်မှုတွေ၊ စစ်အုပ်စုအချင်းချင်း ပုဂ္ဂလိက အကျိုး အလို့ငှာ စီးပွား၊ အာဏာ၊ သြဇာ ချဲ့ထွင်ပြိုင်ဆိုင်မှုတွေ ဖော်ဆောင်ဖို့ ပြုလုပ်တဲ့ ခြေလှမ်းတွေ၊ လှည့်ကွက်တွေနဲ့ သူတို့အားလုံးမှာ တသဘောတည်းရှိတဲ့ တူညီတဲ့ဘုံရည်မှန်းချက်ဖြစ်တဲ့စစ်အုပ်စု အကျိုးစီးပွား ဆိုတာတွေကို ဂရုမမူဘဲ “ဟာ.. ဒါ.. အစိုးရသစ်၊လွှတ်တော်၊ သမ္မတ နဲ့ လွှတ်တော် ဥက္ကဌ က ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာပဲ..”ဆိုပြီး ခပ်တိမ်တိမ်တွေး၊ ခပ်အအနဲ့ လူထု အော့ကျောလန် ဒီမိုကရေစီဇာတ်အလိုတူ၊ အလိုပါ ဆက်ကနေရင် ပြည်သူ လူထု ကျောမွဲ အများစုဟာ ဖွတ်ကျောပြာစုခရုအဆံကျွတ်၊ မွဲပြာ ကို ချုံးချုံးကျ နေတဲ့ ဘဝက ဘယ်တော့မှတက်ခွင့်မရမယ့် အပြင် မင်း၊ စနစ်ဆိုး နဲ့ စနစ်ဆိုးရဲ့ အပေါင်းအပါ တွေဆက်လက် ဖိနှိပ် နှိပ်စက်တဲ့ ဒဏ်ကြောင့် ချမ်းသာရာ ချမ်းသာကြောင်း အဝီစိအထိ ဒေဝဒတ် ငယ်ထိပ် ပေါက်အောင် ဆင်းပုန်းတောင် လွတ်လမ်းမမြင်မိပါ။
ပြည်သူ့မူလရပိုင်ခွင့် နဲ့ အခွင့်အရေး ကိုနိုင်ငံရေးမျက်နှာပွင့်ဆေးအဖြစ် အမြဲဆောင်၊ နိုင်ငံရေး အကျဉ်းသမားကိုလူပြန်ပေးလုပ်၊ တိုင်းရင်းသားအရေးကို ဓားစာခံထားပြီး စစ်အုပ်စု အဓိကအကျိုးစီးပွား အနောက် ပိတ်ဆို့မှု ပပျောက်ရေး ဆောက်ရွက်၊စစ်အာဏာရှင်ခရိုနီစနစ်ကနေ စစ်ခရိုနီအရင်းရှင် စနစ်ကို ရည်ရွယ်ချက်ရှိရှိခြေလှမ်းမှန်မှန် လှမ်းနေတာကို ပြုပြင်ပြောင်းလဲရေး နဲ့ ဒီမိုကရေစီအုတ်မြစ်ချနေခြင်း လို့ မြင်နေရင်၊ ယုံနေရင်၊ ယောင်နေရင်၊ သာယာ နေရင်နိုင်ငံရေးသမားဆိုသူများဟာ ပြည်သူကို မျက်ကွယ်ပြု၊ ပြည်သူ့ဒုက္ခကို မစာနာ၊မထောက်ထား၊ မညှာတာဘဲ ကျင့်ဝတ်တာဝန် ပျက်ကွက်နေခြင်းသက်သက်သာ ဖြစ်ပါမယ်။
နိဂုံးချုပ် ရရင်.. အခု အာဏာရှင်ဟောင်း ဗိုလ်လွန်းမောင် ကစစ်စွပ်ကျယ်တောင် မဝတ်ချင်တော့ဘူးလို့ ဆိုနေပါတယ်။  နိုင်ငံရေးသမားများအခု ဆိုဖို့လိုနေတာက ဗမာ့နိုင်ငံရေးမှာ “စစ်စွပ်ကျယ်” ဆို အပေအတေခံတဲ့လက်နှီးသုတ်အနေနဲ့တောင် နေရာပေးမသုံးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။စစ်အုပ်စု နဲ့ သူ့အကျိုးစီးပွား သင်းကို မကွပ်နိုင်သမျှ၊ ကွပ်ဖို့မကြံဆောင်သမျှ နိုင်ငံရေး သာကြောဖြတ်ခံထားရတဲ့ နိုင်ငံရေးသေနိုင်ငံရေးသမားများသာ ဖြစ်နေမှာ ဖြစ်ပါတယ်။   နိုင်ငံရေး “သေ” ရင်ပြည်သူလည်း အကျိုးဆက်အနေနဲ့ “ကြေ”.. မုန့်မုန့်ညက်ညက်ဖြစ်နေမှာ မလွဲဧကံဖြစ်ပါတယ်။
“နိုင်ငံရေးမသေ၊ ပြည်သူမကြေ” စေဖို့ရာ မိုးမခ ကနေတဆင့်တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts