>Ni Lwin Thwe (Dathanika) – Thagyan poem

>

ဒေါင်းရင်ပြင် သံလွင်ခက်
ပိတောက်တခက် သပြေခက် နှင့်
ပျောက်ဆုံးနေသော နွေဦးရက်များသို့အလွမ်း
နီလွင်သွေး (ဒဿနိက)
ဧပြီ ၁၆၊ ၂၀၁၁

သင်္ကြန်နဲ့ပိတောက်
ပျောက်ရှခဲ့။

အိမ်ဝေးသူတို့
လွမ်းဆွတ်ဆို့စေ
ပိတောက်နွေဆီ။

ပိတောက်နဲ့သပြေ
ခမောက်နဲ့မေ
၉၀ ခုနှစ်နွေရက်များ
ပိတောက်လို သစ္စာထားခဲ့။

ငုနဲ့ပိတောက်
စုနဲ့ခမောက်
ဒေါင်းရောင်တောက်သော ဧရာဝတီ
ပြည်သူ့အားကိုပုံခဲ့ပြီ။

ရှစ်လေးလုံးအားမာန်
ဒေါင်းအလံနဲ့သံလွင်ခက်
မျိုးဆက်တဆုံး
အရှုံးခံလျှက်
သင်္ကြန်မပြောင်း
နှစ်ဟောင်းအတိုင်း
ရိုင်းလိုက်တဲ့ရာဇဝင်တွေ။

သင်္ကြန်တဲ့
ပြန်မရောက်နိုင်တော့အောင်
အကျဉ်းထောင်နံရံ
ရိုးမတောတောင်ကမ်းပါးယံကြား
မြေအောက်ကျောင်းသားနဲ့
တိုင်းတပါးက
အဝေးရောက်သားတွေ
အမေနဲ့ဧရာဝတီထံ
သင်္ကြန်နဲ့ပိတောက်
ပြန်မရောက်နိုင်တော့ပြီ။

လွမ်းဆွတ်တမ်းယုံ
ရင်ခုံစိတ်ကူး
လက်ဖြင့်ခူးဆွတ်
ပင်လုံးညွှတ်စွာ
ပိတောက်ဝါကို
မာပါစေကြောင်း
ဆုချွေတောင်းလျှက်
နှစ်ဦးလက်ဆောင်
ငွေရောင်ပြိုးပြက်
ဖလားတခွက်
သပြေခက်နှင့်
ရေစင်ပက်ဖြန်း
တပြည်လုံး ငြိမ်းချမ်းပါစေတော့။

၁၅၊ ၄၊ ၂၀၁၁ (သောကြာနေ့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts