>Selling Petrol Quotas from Government makes a good living in Mawlamyine

>

မော်လမြိုင်မြို့မှာလည်း ဓါတ်ဆီ တန်းစီတိုးရောင်းခြင်းကျယ်ပြန့်လာနေ
ခင်နှင်းလွင်၊ ရန်ကုန်
ဧပြီ ၁၅၊ ၂၀၁၁
အခြားသော မြို့ကြီးတွေလိုပဲ မော်လမြိုင်မြို့မှာလည်း တဂါလံ ၂၅၀၀ ကျပ်နဲ့ ရောင်းပေးတဲ့ ဓါတ်ဆီကို တန်းစီပြီး တဆင့်ပြန်ရောင်းချခြင်းဖြင့် နေ့စဉ် ၀င်ငွေရပြီး ဓါတ်ဆီတန်းစီခြင်းဟာ သက်မွေးဝမ်းကျောင်း အလုပ်တခု အသွင်ဖြစ်လာနေပါတယ်။
မော်လမြိုင်မြို့မှာ  တဂါလံ ၂၅၀၀ ကျပ်ဖြင့် ဓါတ်ဆီဖြူရောင်းချပေးတဲ့ စက်သုံးဆီဆိုင် စုစုပေါင်း ၅ ဆိုင်ရှိပြီး ဆိုင်ကယ်များဖြင့်၎င်း၊ မော်တော်ကားဖြင့် တသွယ် ဓါတ်ဆီဝယ်ယူခွင့်ရဖို့ နာရီအတန်ကြာ တန်းစီခြင်း ၊ တနေ့တွင် တဆိုင်ပြီး တဆိုင်သော်၎င်း၊ တဆိုင်ထဲတွင် ၂ ကျော့ပြန် တန်းစီခြင်းဖြင့်သော်လည်းကောင်း တနေ့တာ ၀င်ငွေရရှိနေကြပြီး ဓါတ်ဆီတန်းစီ အခစားလိုက်ခြင်း သို့မဟုတ် ကိုယ်တိုင် ၀ယ်ယူပြီး ပြန်သွင်းခြင်းတို့ဖြင့် တနေ့လျင် အမြတ်ငွေ အနိမ့်ဆုံး ၃၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ ရရှိလျက်ရှိသည်ဟု မြို့ခံများက ပြောဆိုပါတယ်။ 
အသက် ၂၅ နှစ်အရွယ်ရှိသူ ကိုစိုးဝင်းက တနေ့ကို ဓါတ်ဆီ ၁၀ ဂါလံ ၀ယ်ယူခွင့်ရအောင် ဆိုင်ကယ် ၁၀စီးဖြင့် ၂ ခေါက်ထုတ်ယူရကြောင်း၊ သူကိုယ်တိုင် တစီးဖြင့် ထုတ်ပြီး ကျန်ဆိုင်ကယ်များအား အခပေးငှားခြင်း၊ မောင်းသူကို တခေါက် ၅၀၀ ကျပ်ပေးငှားခြင်း တို့ဖြင့် လုပ်ဆောင်ရာတွင် တနေ့လျင် ကျပ် ၁သောင်း ၈ ထောင်မှ ၂ သောင်းအထိ အမြတ်ရတယ်လို့ ပြောပြပါတယ်။
ဆိုင်ကယ် တစီးကို တကြိမ်လျင် ၃ပုလင်းသာရောင်းပေးပြီး  ကားပိုင်ရှိသူတွေ ကတော့ တကြိမ်တန်းစီလျင် အနည်းဆုံး ၃ ဂါလံမှ အများဆုံး ၄ ဂါလံအထိ ၀ယ်ခွင့်ရတာကြောင့် ပိုမိုပြီး အမြတ်ရတယ်လို့ လည်းသူကရှင်းပြပါတယ်။ မော်လမြိုင်မြို့မှာ အစိုးရထံမှ ဓါတ်ဆီ ၀ယ်ယူခွင့်ရတဲ့ ပုဂ္ဂလိက ဆိုင်  စုစုပေါင်း ၅ ဆိုင်ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ပုဂ္ဂလိက ဓါတ်ဆီဆိုင်တွေက အစိုးရရဲ့ စွမ်းအင်ဝန်ကြီးဌာနမှ ဓါတ်ဆီ တဂါလံကို ၂၃၅၀ ကျပ်နဲ့ ၀ယ်ပြီး လက်လီ ရောင်းချရာမှာ ၂၅၀၀ ကျပ်နဲ့ ရောင်းချလျက်ရှိတာ ဖြစ်ပါတယ်။
ဓါတ်ဆီရောင်းချရာ စက်သုံးဆီဆိုင်တွေ တ၀ိုက်မှာတော့ ည၈နာရီ ၉နာရီကတည်းက နောက်တရက်အတွက် တန်းစီနေတဲ့ကား အစီးရေ ၂၀ ၀န်းကျင်ရှိနေပြီး ညသန်းခေါင်ချိန်လောက်မှာ နောက်ထပ် ၁၀ စီး၊ ၁၅ စီးတိုးလာပြီး နံနက်ခင်း ဓါတ်ဆီဆိုင် ဖွင့်ချိန်မှာတော့ ကားအစီးရေ ရာကျော်အထိရှိလာပြီး မိုင်ဝက်နီးနီးရှည်လျားတဲ့ ကားတန်းတွေကို မြို့ထဲမှာ တွေ့မြင်ရပါတယ်။
စစ်ပြီးခေတ် ကတည်းက သုံးစွဲနေတဲ့ သစ်သားဘော်ဒီအိမ် ချက်ဗလက် ခရီးသည်တင်ကားတွေလည်း  လိုင်းပြေးဆွဲတာထက် ဓါတ်ဆီတန်းစီပြီး ပြန်ရောင်းတာက ကျိန်းသေ၀င်ငွေရတဲ့ အပြင် ကားလည်းမနာဘူးလို့ ကားမောင်းသူတွေက ပြောပါတယ်။
အခုလို တန်းစီရာမှာ ကားဟောင်းကားအိုတွေများသော်လည်း တခါတရံ သိန်း ၄၊ ၅ ရာတန် မတ်တူးဆလွန်းလို ကားမျိုး သိန်း ၅၀၀ ကျော်တန် ဖင်ကောက်ဗင်လိုကားမျိုးတွေ အထိမြင်တွေ့ရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts