>Yar Zar – Hells of Waves and Oppression –

>

အာဏာငရဲ လှိုင်းငရဲ … ဒို့ စာနာ ကြေကွဲ
ရာဇာ
ဧပြီ ၁၄၊ ၂၀၁၁
Share our love
Share our peace
Share our harmony
ကိုသားထွေး၊ ကိုတိုးလွင်တို့ နောက်ကနေ ကလပ်စီကယ်တီးခတ်သံကြားက တေးရေးကိုရဲလွင်ရဲ့အသံဟာ ဓမ္မဆရာတစ်ယောက် တရားဟောသလို ထွက်ပေါ်နေပါတယ်။ နေရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင်းခမ်းမ ထဲမှာပါ။နောက်တစ်ယောက်တက်လာပါတယ်။
လူ…စက်…မြို့…မြိုဝါး
နာဂါစကီ ဗုံးဝင်စား…
ဆူနာမီနဂါး။ ။
ပန်းချီတွေလည်းရေး သီချင်းလည်းဆိုတဲ့ ညီညီလွင်ရဲ့ အသံ ထပ်မံထွက်ပေါ်လာပါတယ်။ ၀မ်းနည်းစရာကောင်းလှတဲ့ ဂျပန်ဆူနာမီဒဏ်သင့်ခံရတာကို အဘဦးဝင်းတင်ရေးစပ်ထားတာကို ညီညီလွင်က တကယ့်ဂရုဏာတရားနဲ့ ရွတ်ဆိုလိုက်တာပါ။
နောက် ကဗျာဆရာငြိမ်းသစ် ငေးနေတဲ့ကမ္ဘာ … တဲ့
သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးရသူနဲ့ အာဏာရှင်လက်အောက် အသက်ပျောက်ခဲ့ရသူတွေ ပိုများနေတယ်။
စွပ်စွဲချက်လေလား။ ကမ္ဘာဦး အစကတည်းက အတ္တယှဉ်စစ်ပွဲများကို မြင်ယောင်မိစေပါတယ်။ ဒါပေမယ့်လည်း ခုဟာကတော့ ဆူနာမီလေ … ဆူနာမီ။
ဟော နောက်တစ်ယောက် ကဗျာဆရာမိုဃ်းဇော် တက်လာပြန်ပါတယ်။ သူကလည်း ထပ်မံ မေးခွန်းထုတ်နေပြန်ပါတယ်။
ခင်ဗျားသားသာ အဲ့ဒီလှိုင်းတွေထဲ ပါသွားရင်
ခင်ဗျား အဖေအမေတွေသာ အဲ့ဒီလှိုင်းတွေထဲ ပါသွားရင်
ခင်ဗျား အမ အကို ဦးလေး အဒေါ် ညီမ ညီလေးသာ အဲ့ဒီလှိုင်းတွေထဲ ပါသွားရင်
ခင်ဗျား အခုလိုပုံစံမျိုးနဲ့
အခုလို ကုလားထိုင်ကြီးမှာ
ဘာမှမဖြစ်သလို မျိုးနဲ့
ခြေထောက်နှစ်ချောင်း ချိတ်ပြီး
မိန့်မိန့်ကြီး ထိုင်နေနိုင်ပါ့မလား …
ကျနော့်ကို မေးခွင့်ပြုပါ။
ဂီတသံနဲ့ ကဗျာသံ ရောထွေးယှက်တင်ပြီးတော့ ကြေကွဲစရာ တေးတစ်ပုဒ်တွေလိုပေါ့။ ဆွတ်ပျံ့စရာ ကောင်းလာနေပါတယ်။
ဇော်မိုးလွင်၊ နှင်းပွင့်ဝေ၊ ခန့်မင်းထက်၊ မြတ်မင်းခန့်၊ ညီမင်းညို နောက် ကဗျာတခေတ်ထူထောင်ထားနိုင်တဲ့ ကြည်မောင်သန်း၊ ဟိန်းမြတ်ဇော်၊ ရိုးဝေးထက်၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ သြရ၊ တိုးလွင် (ဥတ္တရအလင်း) စတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေ စာနာဖွဲ့နွဲ့မှုတွေဟာ လွမ်းဆွတ်ဖွယ် ပျံ့နှံ့နေပါတယ်။
ဂျပန်ပြည်သူတွေကို စာနာဖွဲ့နွဲ့ထားတာလေးတွေပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာကိုတော့ ဖတ်တာ မတွေ့ရပါဘူး။ ဒါပေမယ့် ဒီသ၀ဏ်လွှာဟာ ဂျပန်လူမျိုးတွေရဲ့ နှလုံးသားမှာတော့ ယိုစိမ့်ခိုလှုံနေမှာ သေချာပါတယ်။
ကျနော့်မြင်ကွင်းမှာ လှိုင်းတွေ လှိုင်းတွေ တိုက်တာ အဆောက်အဦတွေ ပြိုပျက်ကျနေတာ၊ ကားတွေ အထပ်လိုက် ကလေးကစားစရာလို ဖြစ်နေတာတွေ မြင်ယောင်နေသလိုပဲ။ နူကလီးယားဓာတ်ပေါင်းဖို ပေါက်မထွက်သွားအောင် ၀ိုင်းဝန်းမီးငြိမ်းသတ်နေတဲ့ ဂျပန်ပြည်က မီးသတ်သမားတွေ၊ တပ်မတော်သားတွေကို မြင်ယောင်နေပါတယ်။
နောက်မြင်ကွင်းကလည်းချိန်းသွားပါတယ်။ နူကလီးယားဓာတ်သင့်နိုင်တာ သိသိနဲ့ ဓာတ်ပေါင်းဖိုကို မီးသွယ်တန်းပေးနေတဲ့ ဂျပန်ဆာမူရိုင်းတွေကို တဆက်စပ်တည်း မြင်နေရပြန်ပါသေးတယ်။
လေးစားစိတ်ဟာ ငယ်ထိပ် အထိရောက်သွားပါတယ်။ ကြက်သီးဖြန်းဖြန်း ထလာပါတယ်။ ထိန်းမထားရင် တွဲခိုနေတဲ့မျက်ရည်တွေ ထိမ်းမရအောင် ကျလာလိမ့်မယ်လို့ ကိုယ့်ဖာသာ သတိထားမိပါတယ်။
ဆာမူရိုင်းတို့ရေ အကြိမ်ကြိမ် ဦးညွတ်လိုက်ပါရဲ့။
လည်တယ်၊ လည်တယ်။ ကမ္ဘာဟာ သူ့ဝင်ရိုးပေါ်မှာ လည်တယ်။
လှုပ်တယ်၊ လှုပ်တယ်။ ငလျင်ဟာ ဆန်ဒိုင်းကိုမှ ရွေးလှုပ်တယ်။
ခန့်မင်းထက်လေး အသံကြားတော့ ဖူကူရှီးမားကို သတိရမိတယ်။ ဗမာတွေ အများကြီးနေတာတဲ့၊ ရင်ထဲမှာ လှပ်ခနဲ တချက် ဖြစ်သွားတယ်။ သွေးသားဆိုတဲ့ အချင်းရာက သွေးပြန်ကြောကနေတဆင့် ၀င်လာတယ်။ အားလုံး သွေးသားချင်း ဆိုပေမယ့် ဘာသာစကားတူညီမှုက အလေးသာစေသလား။
ငေးဆဆ နွမ်းလျနေတယ်။ ဆုတောင်းပွဲ ခေါ်လေမလား။ အောက်မေ့တသပွဲ ခေါ်လေမလား။ ၀ိဉာဉ်များအတွက် ကြေကွဲပွဲ ခေါ်မလား။ ကမ္ဘာ့အရှေ့ဆုံးသော တိုင်းပြည်က ဆုံးရှုံးနစ်နာရမှု ကြေကွဲစရာ အဖြစ်ပျက်ဆိုးများအတွက် ကျနော်တို့ တာဝန်ကျေခဲ့ကြပါတယ်။
အသိစိတ်တွေ မြောက်များစွာနဲ့ ဆိုင်တစ်ဆိုင်ထိုင်နေတုန်း ဗြုန်းဆို ဖုန်းဝင်လာလေရဲ့။ တယ်လီဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တော့ နိုင်ငံခြားက ဖုန်းမှန်းသိလိုက်တယ်။ အခမ်းနားပွဲတွေဆိုရင် ပြည်ပသတင်းဌာနက ဆက်တတ်လေတော့ မီဒီယာကပဲ ထင်လိုက်တယ်။
ဟယ်လို … ကျမ ဂျပန်က … … … ပါ။
ဟုတ်ကဲ့၊ အခုပဲ ကျနော်တို့ ဂျပန်ပြည်သူတွေ စာနာပွဲအနေနဲ့ ကဗျာတွေ ရွတ်ဆိုခဲ့ကြပါတယ်။ ဘယ်သူနဲ့ ပြောချင်သလဲ ဆိုတော့ ကျနော်အံ့အားသင့်သွားတယ်။ ကျနော့်ကိုပဲပြောနေတာ ပြောနေတဲ့အကြောင်းအရာက ငလျင်နဲ့ ဘာမှမဆိုင်ဘူး။
သူတို့ အဝေးရောက်နေတဲ့ အထူးသဖြင့်တော့ ဂျပန်ရောက်နေတဲ့မြန်မာတွေစုပေါင်းပြီး ထောင်ထဲရောက် အကျဉ်းကျနေတဲ့ လူတွေ … လူမသိ သူမသိနဲ့ အနစ်နာခံနေတဲ့ ထောင်တွင်းက လူတွေကို ရွေးချယ်ပြီး အညတရသူရဲကောင်းဘွဲ့ ပေးမယ် ဆိုတဲ့ အစီအစဉ်ကို ပြောနေတာပါ။ ကျနော်တို့လည်း စွမ်းသမျှ ကူဖို့ပါပဲ။ ဒါပေမယ့် ဒီလိုကမ္ဘာပျက်ချိန်မှာ ကိုယ့်အတွက်ကိုယ် မစဉ်း စားဘဲ မြန်မာပြည်ထဲကလူတွေကို အောက်မေ့တသနေတာ၊ ထောင်သွင်း အကျဉ်းချထားခံရသူတွေကို တသသ သတိတရဖြစ်နေတာကိုတော့ တုန်လှုပ်စိတ်နဲ့ အားကျ လေးစားမိပါပေရဲ့။
ဆုက အဓိကမဟုတ်ပါဘူး။ စိတ်ဓာတ်ခွန်အားတွေ ပေးချင်တာပါ။ ဗမာပြည်ထဲက အကျဉ်းကျနေသူတွေဟာ အထီးကျန်တွေမဟုတ်ဘူး ဆိုတဲ့ သတင်းစကား ပါးချင်တာပါ …တဲ့။
ဂျပန်ပြည်ကနေ ဆက်နေတဲ့ဖုန်းလိုင်းသံဟာ ပြတ်သား ကြည်လင် အားကောင်းနေလေရဲ့။ ဘေးနားက လာပြောနေလေသလား၊ ကဗျာဆရာတွေကတော့ ကျနော်ပြောနေတာတွေကိုမသိတော့ ဂျပန်ငလျင်အတွက် စာနာနေလေရဲ့။
ကျနော်တယောက်တည်းသာ ငလျင်ဒေသသင့်သူကနေ ပြန်လည်အားပေးတာကို ပီတိနဲ့တကွ ခံစား ငေးရီနေရတယ်။ ၀ိုင်းတစ်ဝိုင်းတည်းမှာ ဂရုဏာတရားဟာ လွန်းထိုးနေတယ်။
ကျနော်လည်း ဟုတ်ကဲ့ ကလွဲလို့ ဘာ ပြန်ပြောမိတယ် မသိဘူး။ ကမ္ဘာပျက် နှစ်ခု ချိတ်ဆက်ပြီး ဂရုဏာရသကို သွန်းထုပေးရတော့မှာပါလား။
ကိုမိုဃ်းဇော်က ဖုန်းပြောလို့။ ကိုငြိမ်းသစ်ကလည်း သူ့ကဗျာထဲကအတိုင်း ငေးရီနေ။  ကိုညီညီလွင်ကော ဆံပင်ရှည်တွေ သပ်တင် စိတ်မကောင်းဖြစ်လို့။ ကိုတိုးလွင်၊ ခန့်မင်းထက်၊ တပ်ဦးလ၊ သက်ငြိမ်သစ်၊ ညီမင်းညို၊ အောင်ရင်ငြိမ်း အစရှိတဲ့ ကဗျာဆရာ ကြီး ငယ် ရွယ် လတ်တို့ကတော့ ကိုကြည်မောင်သန်းဆီ သွားဖို့ တိုင်ပင်နေကြလေရဲ့။
ကျနော်ငေးရီနေမိပါတယ်။ “သွားမယ်၊ တိုက်မှာ အလုပ်ရှိသေးတယ် …”  တဲ့။
အေးသက်တဲ့အပြုံးပိုင်ရှင် ကိုရင်နီ နှုတ်ဆက်တော့ ကျနော် အသက်ဝင်လာတယ်။ သူထ ထွက်သွားတယ်။ သူ့ ကျောပြင်ကို ငေးရင်း ကျနော် ခုနက သူရွတ်သွားတဲ့ သူ့ကဗျာလေးကို သံယောင်လိုက်နေမိတယ်။
ခင်ဗျားတို့လည်း ဆူနာမီ
ကျနော်တို့လည်း ၂၀၀၈ နာဂစ်နဲ့
၂၀၁၀ တာလေငလျင် …
ကျနော်တို့လည်း ဘယ်သက်သာပါ့မလဲ
တောင့်ထား ချယ်ရီ … တောင့်ထားတဲ့။
ကဗျာဆရာကတော့ ကဗျာတိုင်း ဖွဲ့နွဲ့သွားလေသလား အခြားသော အဓိပ္ပါယ် ဆောင်လေသလား။ ကျနော်ကတော့ ၂၀၀၈ကိုကော ၂၀၁၀ ကိုပါ နာကျည်းမိပါရဲ့။ ဒါပေမယ့် ကျနော် တွေးပြီးတော့ ပြုံးမိပါတယ်။
လူသားကမ္ဘာနဲ့ အာဏာရှင်ကမ္ဘာ ဘာများ ကွာနေပါလိမ့်။
ခုနက ဖုန်းသံရှင်ကိုလည်း သတိရလိုက်ပါရဲ့။
သဘာဝဆူနာမီတိုက်ခတ်ခံရသူက အာဏာရှင်ဆူနာမီ နှစ်ရှည်ထောင်ဆူနာမီ သင့်သူတွေကို ကိုယ်ချင်းစာနေလေရဲ့။
ကျနော် ပြုံးလိုက်မိတယ်။ နာကျည်းခံပြင်းမှုလေလား၊ ဒါမှမဟုတ် ပီတိအပြုံးလား။ ကျနော်ဝေခွဲမတတ်တော့ ကျနော့်ပီတိပြုံးကို အာဏာရှင်တွေ ဘယ်လိုများထိလို့ ရမှာပါလိမ့်။ ဆူနာမီသင့် ဂျပန်ပြည်သူများနဲ့ အိမ်အဝေးကို ရောက်နေတဲ့ မြန်မာပြည်သူများကို ကိုရဲလွင်ရဲ့ မေတ္တာထပ်မံမျှဝေပါတယ်။
Share our love
Share our peace
Share our harmony
အားလုံးကိုချစ်ခင်လျက်။        
          သည်မှာ ကြည့်ပါ – http://www.youtube.com/user/nldburma#g/u

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts