သတင်းဆောင်းပါး

ကျော်နိုင် – ပြောင်းလဲစေချင်တာလေးတစ်ခု

 

ကျော်နိုင်  – ပြောင်းလဲစေချင်တာလေးတစ်ခု

(မိုးမခ) ဇွန် ၁၂၊ ၂၀၁၈

ရန်ကုန်မှ မကွေးသို့ ၁၀/၆/၂၀၁၈ ည ၈:၃၀ တွင်ထွက်လာခဲ့သော ခရီးသည်တင် အဝေးပြေးကားသည် မကွေးသို့ရောက်ရန် ၁၃မိုင်ခန့်အလိုသို့ ၁၁/၆/၂၀၁၈ နံနက် ၄:၀၀ နာရီအချိန်၌ရောက်ရှိခဲ့ပြီးနောက် ကားလမ်းတလျောက် ရပ်တန့်နေသောယာဉ်တန်းရှည်ကြီး၏နောက်တွင် ဝင်ရောက်ရပ်တန့်လိုက်သည်။


မော်တော်ယာဉ်များ ရှေ့သို့မတိုးနိုင်ရသည့်အကြောင်းရင်းက မိုးရွာသဖြင့် အရှိန်နှင့်  စီးဆင်းလာသောတောင်ကျချောင်းရေများက ကားလမ်းကိုကျော်၍ တဟုန်ထိုး စီးနေသောကြောင့်ဟုဆိုသည်။

ဟိုးအရှေ့ဆုံးမှပိတ်မိနေသောကားမှာ ညသန်းခေါင်းကျော်အချိန်ခန့်ကတည်းက ပိတ်မိနေသည်ဟုသိရသည်။ တစ်ခုကံဆိုးသည်မှာ ထိုကားသည် Ambulance (လူနာတင်ယာဉ်) တစ်စီးဖြစ်ပြီး ကားပေါ်တွင် မကွေးဆေးရုံသို့ပို့မည့် မွေးလူနာမိန်းကလေးငယ်တစ်ဦးပါလာသည်ဟု သိရပါသည်။


မိခင်လောင်းသည် အသက် ၁၈ နှစ်သာရှိသေးပြီး မိခင်နှင့်ကလေး ၂ ဦးစလုံး၏ အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် မကွေးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခြင်းဖြစ်သည်။

ညသန်းခေါင်ကျော်ကတည်းက ပိတ်မိနေသော Ambulance သည် နံနက် ၇:၀၀ ခန့်အထိလည်း ရှေ့ဆက်သွား၍မရသေးဘဲ ရေအကျကို စောင့်စားနေရဆဲဖြစ်သည်။ သို့သော် Ambulance ပေါ်ရှိ မိခင်လောင်း၏ ဝမ်းကြာသိုက်ထဲမှ လူ့လောကထဲသို့ရောက်လိုလှသော ကလေးငယ်ကတော့ ဆက်လက်စောင့်ဆိုင်းရန် စိတ်မရှည်ရှာတော့သည်မို့ လူ့လောကထဲသို့ တိုးထွက်ဘို့ ကြိုးစားခဲ့ရှာသည်။


Ambulance အနောက်ရှိ ခရီးသည်ကားတွင်ပါသော ဆရာဝန်နှင့် ပိတ်မိနေသောယာဉ်တန်းအတွင်းရှိ ခရီးသည်ကားတစ်စီးပေါ်မှ ဆရာဝန်တစ်ဦးတို့ Ambulance သို့သွား၍ ကလေးမွေးဖွာနိုင်ရန် ဝိုင်းကူကြသည်။ သို့သော် အစကတည်းက သန္ဓေသား၏အခြေအနေမကောင်းသဖြင့် ဆေးရုံသို့ အရေးပေါ်ပို့ရခြင်းဖြစ်သောကြောင့် ကလေးငယ်သည် လူ့လောကသို့ အသက်ရှင်ရက် ရောက်မလာနိုင်ရှာခဲ့ပါ။ လူ့လောကရှိလေကို လွတ်လပ်စွာရှူသွင်းပြီး “အူဝဲ” ဟု အားပါးတရ အော်ကြွေးခွင့်ကို ကားလမ်းအားဖြတ်ကျော်စီးဆင်းနေသည့် ရေအလျင်၏ဟန့်တားခြင်းမှ ခံလိုက်ရရှာသည်။

နံနက် ၉ နာရီခန့်မှစ၍ ကားလမ်းနှင့် ၁ မိုင်ခွဲခန့်ဝေးသော ရွာတစ်ရွာမှရွာသားများက ယာဉ်ကြောတွင်ပိတ်မိနေသော ခရီးသည်များအတွက် သောက်ရေသန့်များ၊ ထမင်းထုပ်များ လာရောက်လှူဒါန်းကြပါသည်။ ပိတ်မိနေသော ခရီးသည် ရာပေါင်းများစွာအတွက် တကယ့်ကိုစေတနာရင်းဖြင့် လာရောက်လှူဒါန်းကြခြင်းဖြစ်သည်။ ခရီးသည်တို့၏ ဒုက္ခကိုအခွင့်ကောင်းယူ၍ ရေရောင်း၊ ထမင်းရောင်းခြင်းမပြုဘဲ ခရီးသည်လူစေ့ ရွာနှင့်ကားလမ်းကို ခေါက်တုန့်ခေါက်ပြန် သွား၍ လှူဒါန်းကြသည့်စေတနာမှာ တကယ့်ကို သာဓု သာဓု သာဓု ခေါ်စရာပင်ဖြစ်ပါသည်။


ဤခရီးကို မိုးတွင်းကာလ ပထမဦးဆုံးသွားဘူးသောကျွန်တော့်အတွက် အဆိုပါအတွေ့အကြုံများမှာ အသစ်အဆန်းသဖွယ်ဖြစ်နေပါသည်။ အံ့သြတကြီးမဟုတ်သော်လည်း အနည်းငယ်မျှတော့ အံ့သြမိသည်။

သို့သော် ကျွန်တော်တို့ ခရီးသည် အဝေးပြေးကား၏ ယာဉ်မောင်းနှင့် ကားပေါ်ပါ မကွေးဒေသခံ ခရီးသည်များက ထိုသို့သောအတွေ့အကြုံသည် နှစ်စဉ် အမြဲတမ်းတွေ့ကြုံနေရသဖြင့် သူတို့အတွက်တော့ အထူးအဆန်းမဟုတ်ကြောင်း။ ရွာသားများမှ ရေနှင့် ထမင်းလာလှူ ကြသည်မှာလည်း နှစ်စဉ် အမြဲတမ်းလှူနေကြမြဲဖြစ်ကြောင်း ပြောကြသည့်အခါတွင်တော့ ကျွန်တော်၏ အံ့သြမှုဒီဂရီသည် အမြင့်ဆုံးသို့ ရောက်သွားခဲ့ပါသည်။

ဒီတစ်ခါ ကျွန်တော်အံ့သြရသည်က ကားလမ်းရေကျော်သည်ကိုအံ့ကြခြင်းမဟုတ်၊ ကားများ စီတန်းပိတ်မိနေသည်ကို အံ့သြသည်မဟုတ်၊ ပိတ်မိနေသော Ambulance ပေါ်ရှိ မိခင်လောင်း၏ သန္ဓေသားလေး အသက်မဲ့စွာ လူ့လောကသို့ ရောက်လာခဲ့သောကြောင့်မဟုတ်၊ ကားလမ်းမှ ၁ မိုင်ခွဲခန့်ဝေးသောရွာမှ ရွာသားများ၏ စေတနာကို အံ့သြခြင်းမဟုတ်ပါ။

နှစ်စဉ်ဖြစ်နေကြဆိုသော ကားလမ်းရေကျော်သည့်ကိစ္စအတွက် တာဝန်ရှိသူများက မည်သို့မျှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသည့်အတွက်လွန်စွာအံ့သြမိခြင်းဖြစ်ပါသည်။ ကားလမ်းပိတ်မိနေသော ခရီးသည်များ အဆင်ပြေအောင် မည်သို့မျှ စီစဉ်ပြင်ဆင်ထားခြင်းမရှိသဖြင့် လွန်စွာအံ့သြမိခြင်းဖြစ်ပါသည်။


ထိုသို့ကြိုတင်ပြင်ဆင်မှုမရှိသောကြောင့် ယခုဖြစ်သွားသောကိစ္စတွင် လတ်တလောဆုံးရှူံးရသည်ကတော့ အသက်တစ်ချောင်းဖြစ်သည်။ ထို့အပြင် ပိတ်မိနေသော ခရီးသည်နှင့် ယာဉ်မောင်းအားလုံးတို့၏ တန်ဘိုးရှိသော အချိန်တို့ဖြစ်သည်။ ထိုခရီးသည်များ အသီးသီးတို့၏သက်ဆိုင်ရာ လုပ်ငန်းများအတွက် လုပ်ငန်းဆောင်ရွက်မှုများဖြစ်သည်။ ထိုဆုံးရှုံးမှုများအားလုံးသည် တန်ဘိုးမဖြတ်နိုင်သော ဆုံးရှုံးမှုများဖြစ်ပါသည်။

ထိုဆုံးရှုံးမှုများ နှစ်စဉ်မဖြစ်စေရန် ကြိုတင်ပြင်ဆင်မှုများကို တာဝန်ရှိသူများအနေဖြင့် အဘယ်ကြောင့် စီစဉ်ပြုလုပ်ထားခြင်း မရှိကြပါသနည်း။ မိုးရွာခြင်းသည် တားဆီးရှောင်လွှဲ၍မရသော သဘာဝတရားဖြစ်ပါသည်။ သို့သော် မိုးရွာသောကြောင့် ကားလမ်းရေကျော်သဖြင့် ပိတ်မိနေသော ကားများမှ ခရီးသည်များကို ရေကျော်နေသော ကားလမ်းဟိုဘက် သည်ဘက် ဖြတ်ကူးပေးနိုင်ဘို့ စီစဉ်ပေးခြင်းသည် ကြိုတင်ပြင်ဆင်ထား၍ ရသောကိစ္စဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် လူတွေကို အလေးထား တန်ဖိုးထားသော နိုင်ငံတို့တွင် ထိုကဲ့သို့အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားခြင်းများရှိနေကြသောကြောင့်ဖြစ်သည်။

ဒီတော့ ယခုလိုအခြေအနေမျိုးအတွက် ခရီးသည်များကို ကူညီရန် ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်းသည် ဤတိုင်းပြည်တွင် လူကိုတန်ဖိုးမထားတတ်သေးသည့်သဘောပင်ဖြစ်သည်။

တကယ်တော့ မြန်မာနိုင်ငံတွင် လူကိုတန်ဖိုးမထားသည်မှာ မဆလ အစိုးရလက်ထက်ကတည်းကဖြစ်သည်၊ နဝတ အစိုးရလက်ထက်ကတည်းကဖြစ်သည်၊ နအဖ အစိုးရလက်ထက်ကတည်းကဖြစ်သည်၊ ကြံ့ဖွံ့ အစိုးရလက်ထက်ကတည်းကဖြစ်သည်။ သို့သော် ထိုအစိုးရများလက်ထက်က လူကိုတန်ဖိုးမထားခဲ့ကြသည်ကို ကျွန်တော်လုံးဝ မအံ့သြ။ ထိုအစိုးရများသည် လူကိုတန်ဖိုးမထားတတ်သည့်အစိုးရမှန်း သိသာထင်ရှားပြီးဖြစ်သည်။

ကျွန်တော်အံ့သြမိသည်က ပြည်သူများအတွက်ဟု ကြွေးကြော်ထားသော၊ ပြည်သူနှင့်အတူ ဟုကြွေးကြော်ထားသော အစိုးရ၊ ပြည်သူ့အစိုးရဟု ကျွန်တော်တို့ယုံကြည်ထားသည့် NLD အစိုးရလက်ထက်တွင်လည်း လူကိုတန်ဖိုးမထားသေးသည်ကတော့ အလွန့်ကို အံ့သြဘွယ်ရာဖြစ်ပါသည်။


ယခုလို အခြေအနေမျိုးတွင် ဒုက္ခရောက်နေသူများကို ကူညီပေးဘို့၊ ပိတ်မိနေသော ခရီးသည်များကို ဟိုဘက်သည်ဘက် သယ်ယူပို့ဆောင်ပေးဘို့ လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်ရန်အတွက် ၂၀၀၈ ခြေဥကို ပြင်စရာမလို။ လွှတ်တော်မှ တမတ်သားကို ဖယ်ထုတ်ရန်မလို။ ဝန်ကြီးအားလုံး သမ္မတက ခန့်ခွင့်ရှိရန်မလို။ ယခုလိုအခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို လုပ်လိုသောဆန္ဒ၊ လူကိုတန်ဖိုးထားသောစိတ်တို့ရှိရန်သာလိုသည်ဟု ကျွန်တော်ယုံကြည်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts