>Letters from Michigan – 63

>

မစ်ရှီဂန်က ပေးတဲ့စာ(၆၃)
အောင်ဝေး
ဧပြီ ၁၃၊ ၂၀၁၁


မိတ်ဆွေကြီးကိုဒေါင်း…
ကျန်းခံ့သာလို့ မာကြမယ် ထင်ပါရဲ့။ အလွမ်းရနံ့ နေရီရီမှာမွှေး… ဆိုတဲ့ စာသားကလေးကိုလည်း သတိရနေမိပါရဲ့။ ဒီတခါတော့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကြီးထဲက အသက်ကို အပေါင်ထားရတဲ့၊ ဘဲ ငါးကောင် မင်္ဂလာဆောင် အကြောင်း ပြောပရစေ။ အင်မတန်ကြမ်းတမ်း ခက်ထရော်လှတဲ့ တော်လှန်ရေး ခရီးကြမ်းကြီးထဲက ပုံပြင်ဆန်ဆန် အလွမ်းဇာတ်ကလေးတကွက် လို့ပဲ ဆိုပါတော့ ကိုဒေါင်းရေ…။

အဘလေထီးဦးအုန်းမောင်အကြောင်း ပြောခဲ့တုန်းက အိန္ဒိယမှာ စစ်ပညာသင်ပြီး၊ မြန်မာ့မြေပေါ်ကို လေထီးနဲ့ ခုန်ဆင်းခဲ့ကြတဲ့ ရဲဘော်တကျိပ်ရဲ့ အခန်းကဏ္ဍ တစိတ်တပိုင်းကို ကျနော် ပြောခဲ့တယ်နော်။ အခု ကျနော်ပြောပြချင်တဲ့၊ အသက်ကို အပေါင်ထားရတဲ့ ဘဲငါးကောင်မင်္ဂလာဆောင် ဆိုတာကလည်း၊ အဲဒီ ရဲဘော်တကျိပ်နဲ့ ပတ်သက်နေပါတယ်။

ဒါတွေဟာ ကျနော်တို့ကိုယ်တွေ့တော့မဟုတ်ဘူးပေါ့ကိုဒေါင်းရယ်။ သက်ကြီးစကား၊ သက်ငယ်ကြား၊ အစဉ်အလာကြီးတဲ့ လူကြီးတွေဆီက ကျနော်တို့ငယ်သူတွေ၊ လေ့လာ သင်ယူခဲ့ရတဲ့ ရာဇ၀င်အက္ခရာ၊ သမိုင်းစာမျက်နှာတွေလို့ပဲ ဆိုပါတော့။

၂၀၀၀ပြည့်နှစ်လောက်တုန်းက ရန်ကုန်မြို့က စာရေးဆရာ၊ ကဗျာဆရာတွေ၊ သင်္ဘောကြီးတစင်းတိုက် ဖျာပုံမြို့ကိုသွားခဲ့ကြပါတယ်။ ဖျာပုံမှာ ကျင်းပမယ့် ဆရာဇော်ဂျီ ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ကြဖို့ပါ။ ဖျာပုံဟာ ဆရာဇော်ဂျီရဲ့ ဇာတိမြို့လေ။

ဒီခရီးမှာ၊ ဖျာပုံဇာတိဖွားကြီး တဦး ဖြစ်တဲ့ အဘ လေထီးဦးအုန်းမောင်လည်း၊ စာရေးဆရာတဦး အနေနဲ့ လိုက်ပါလာပါတယ်။ ဆရာဇော်ဂျီတို့၊ ဆရာတိုက်စိုးတို့၊ ဗိုလ်လက်ျာတို့၊ အဘ လေထီး ဦးအုန်းမောင်တို့ ဆိုတာ ဂုဏ်ထူးဆောင် ဖျာပုံမြို့သားကြီးတွေပါ။

ဖျာပုံဆိပ်ကမ်းကို သင်္ဘောကြီး ကပ်ပြီ။ ရန်ကုန်က လိုက်ပါလာတဲ့စာရေးဆရာ၊ ကဗျာဆရာတွေ ဆိပ်ခံတံတားပေါ် ဆင်းလာကြပြီ။ ကြိတ်ကြိတ်တိုး ကြိုဆိုနေတဲ့ လူအုပ်ကြီးဆီကနေ ဟေးခနဲ “လေထီးဗိုလ်အုန်းမောင်…လေထီးဗိုလ်အုန်းမောင်…” ဆိုတဲ့ အသံတွေနဲ့အတူ၊ လက်ခုပ်သြဘာသံတွေ ညံသွားပါတော့တယ်။ သူ့မြို့သားတွေက သူ့ကို “လေထီးဗိုလ်အုန်းမောင်” လို့ ခေါ်ကြပေတာကိုး ကိုဒေါင်းရဲ့။ ကျနော်တို့ ကြေကွဲ ပီတိဖြစ်၊ ဂုဏ်ယူခဲ့ကြရပါတယ်။

ဒီခရီးစဉ်မှာ သူ့ဇာတိကို ရောက်လာရလို့ အဘ လေထီးဦးအုန်းမောင် ရင်ခုန်ကြည်နူးနေမှာ အမှန်ပါပဲ။ ဆွတ်ပျံ့ လွမ်းမောနေမှာလည်း အမှန်ပါပဲ။ သူ့စိတ်ထဲ အသက်၂၀-၃၀ လောက် ပြန်ငယ်သွားပုံရတဲ့ ကျနော်တို့အဘဟာ၊ သူ့ရဲ့ ရွှင်ပျနေတဲ့ ဟဒယ ကြောင့်ပဲလား၊ အတိတ်ကို ပြန်သတိရသွားလို့ပဲလား မသိဘူး ကိုဒေါင်းရေ၊ ဖျာပုံ တညသားမှာ၊ အဘဆီကနေ လွမ်းစရာ ပုံပြင်လေးတပုဒ်၊ ကျနော်တို့ ကြားခဲ့ရတယ် ဆိုပါတော့ဗျာ…။

ဂျပန်ခေတ်ကြီးထဲမှာပါ။ ဖက်ဆစ်တော်လှန်ရေးကြီး လျှို့ဝှက်စီစဉ်တော့၊ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊ သခင်စိုးက နိုင်ငံရေးတာဝန်ခံ၊ သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံ ဆိုပြီးတော့ ရှိတယ် မဟုတ်လား။ အဲဒီအချိန်မှာ ဦးသိန်းဖေမြင့်က မဟာမိတ်တွေနဲ့ ဆက်သွယ်ဖို့ အိန္ဒိယကို ရောက်နေပါပြီ။ သူနဲ့အတူ သခင်တင်ရွှေလည်း ပါသွားပါတယ်။

အိန္ဒိယမှာ သူတို့မြန်မာပြည်နဲ့ တနှစ်လောက် အဆက်အသွယ် ပြတ်နေတော့၊ သခင်တင်ရွှေကို မြန်မာပြည် ပြန်လွှတ်ဖို့ မဟာမိတ်တွေနဲ့ ညှိရပါတော့တယ်။ မဟာမိတ်တွေက သိပ် မယုံချင်ဘူး။ သခင်တင်ရွှေ သစ္စာဖောက်သွားရင် ဘယ့်နှယ်လုပ်မလဲပေါ့။ ဒီတော့ ဦးသိန်းဖေမြင့်က အကယ်လို့ သခင်တင်ရွှေ သစ္စာဖောက်ပြီး ပြန်မလာတော့ဘူး ဆိုရင်၊ ခင်ဗျားတို့ ကျုပ်ကို ဖမ်းပြီး သတ်ပစ်လိုက်ကြဗျာလို့၊ အဲဒီလို မဟာမိတ်တပ်တွေဆီမှာ၊ ဆရာဦးသိန်းဖေမြင့် အသက်ကို အပေါင်ထားပြီး၊ သခင်တင်ရွှေ မြန်မာပြည်ပြန်ရော ဆိုပါတော့။

ဒါ … လျှို့ဝှက်လုပ်ကြရတာနော်။ ပြန်တာကတော့ အင်္ဂလိပ်ရေတပ်သင်္ဘောနဲ့။ သခင်တင်ရွှေ ရခိုင် ကျောက်တော်ဘက်မှာဆင်းပြီး၊ သခင်စိုးတို့ ရှိနေမယ့်နေရာကို မေးမြန်း စုံစမ်းလာရမှာပေါ့ဗျာ။ အဲဒီ အချိန်မှာ သခင်စိုးက ဖျာပုံဘက်က ရွာတရွာမှာ ရှိနေတာပါ။ သခင်စိုးက၊ တော်လှန်ရေးအတွက် အိန္ဒိယကို လွှတ်ဖို့၊ အမျိုးသမီး စည်းရုံးရေးမှူး လိုတယ် ဆိုပြီး၊ ကျောက်ဆည်မှာ နေတဲ့ သခင်မ ဒေါ်မြရီကို အခေါ်လွှတ်တယ်။ သခင်တင်မြ သွားခေါ်တယ်လို့ ဆိုတယ်။

လမ်းမှာ သခင်သန်းမြိုင်နဲ့တွေ့လို့ သခင်သန်းမြိုင်က … “မမြရီ … ကိုတင်ရွှေ ပြန်ရောက်နေတယ်” ဆိုပြီး ပြောပြလိုက်တော့၊ ဒေါ်မြရီ အမှန်ကိုပဲ အံ့အားသင့်ခဲ့ရတယ် တဲ့။ သူနဲ့ ကိုတင်ရွှေနဲ့က နိုင်ငံရေး အတူ လုပ်ရင်းချစ်သူတွေဖြစ်ခဲ့ကြတာတဲ့။ ကိုတင်ရွှေက ရည်းစားကို ထားရစ်ပြီး၊ ဦးသိန်းဖေမြင့်နောက် ကောက်ကောက်ပါအောင် အိန္ဒိယကို လိုက်သွားခဲ့တာတဲ့ဗျာ။

တိုတိုပြောရရင် … သခင်စိုးဆီမှာ သူတို့ချစ်သူနှစ်ယောက် ပြန်ဆုံကြရော ဆိုပါတော့ဗျာ။ ဖက်ဆစ်တော်လှန်ရေးအတွက်၊ အထူး လျှို့ဝှက်ချက်အနေနဲ့ မမြရီက ကိုတင်ရွှေနဲ့ အိန္ဒိယကို လိုက်သွားရမှာ။ ဒီတော့ သခင်စိုးကိုယ်တိုင် ဘဲငါးကောင် ချက်ပြီး၊ ကိုတင်ရွှေနဲ့ မမြရီတို့ကို မင်္ဂလာဆောင်ပေးလိုက်တာပါပဲတဲ့။ အဘ လေထီးဦးအုန်းမောင် တဆွေးဆွေး တမြေ့မြေ့ ပြန်ပြောပြခဲ့ပုံပါ။

ကိုဒေါင်းရေ … ဒီအကြောင်းရေးတတ်တဲ့သူ ရေးရင်တော့၊ ဂန္ထ၀င်မြောက် ၀တ္ထုရှည်ကြီး တပုဒ် ဖြစ်လာမှာပေါ့ဗျာ။ ကိုတင်ရွှေနဲ့မမြရီတို့ဟာ သူတို့ကိုလိုက်ပို့တဲ့ ကိုကျော်ရင်(ပါမောက္ခဦးကျော်ရင်)တို့၊ ကျောင်းသား ခေါင်းဆောင် ကိုညိုထွန်းတို့နဲ့အတူ၊ ရခိုင်ရိုးမ ဆင်တောကျားတောကို သက်စွန့်ဆံဖျား ကျော်ပြီး၊ ဂွကို အချိန်မီရောက်အောင် သွားကြရတာ တဲ့။ ဂွမှာ ကျောက်ချွန်ဆိုတဲ့ ကမ်းခြေကနေ၊ အင်္ဂလိပ်စစ်သင်္ဘောတစင်းက၊ သတို့သတို့သားနဲ့ သတို့သမီး နှစ်ယောက်ကို အဆင်သင့် စောင့်နေလေရဲ့တဲ့ ကိုဒေါင်းရေ…။

ပုံပြင်လေးကတော့ ဒါပါပဲဗျာ……။ ခုနေတော့ လွမ်းစရာပါ။ အဲဒီတုန်းကတော့၊ တကယ့်ကို ဧရာမစွန့်စားခန်းကြီးပါ။ ဖျာပုံက ပြန်လာပြီး နောင် တနှစ်သော အမေလူထုဒေါ်အမာရဲ့ မွေးနေ့ပွဲမှာ၊ ကျနော်တို့ အသက်(၉၀)နား ကပ်နေပြီဖြစ်တဲ့ သခင်မကြီးဒေါ်မြရီကို တွေ့ဆုံ ဂါရ၀ပြုခဲ့ရပါတယ်။ တောင်သမန်မှာပေါ့…။

အခုတော့… သခင်မကြီး အမေဒေါ်မြရီတယောက် မနှစ်က ဒီဇင်ဘာ(၉)ရက်နေ့၊ ကျောက်ဆည်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သို့သော်… တော်လှန်သူတို့ သမိုင်းကား၊ ဘယ်တော့မှ မသေ။

အားလုံးကိုသတိရလျက်-

အောင်ဝေး
မတ် ၂၂-၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts