>Free Political Prisoners of Burma – main priority of Burmese People – U Win Tin

>

နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေး လူထုအားလုံး၏ ဦးစားပေးအရေး

ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ၊ ဧပြီ ၁၂၊ ၂၀၁၁
သည်တပတ်မှာတော့ ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ကြရာမှာ မတ် ၃၀ စစ်အုပ်စုတင်မြှောက်လိုက်တဲ့ ကြံ့ဖွံ့အစိုးရက နိုင်ငံတော်ရဲ့ အာဏာအ၀၀ကို ရယူလိုက်ပြီးတဲ့နောက် လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး နဲ့ လူ့အခွင့်အရေးကိစ္စတွေကို မြန်မာပြည်သူတွေအနေနဲ့ ဘယ်လိုမျိုး ဆက်လက်ပြီး ရင်ဆိုင်ရမှာလဲ၊ လှုပ်ရှားရမှာလဲ ဆိုတဲ့ အကြောင်းအရာတွေကို မေးဖြစ်ပါတယ်။
ကျနော့်အနေနဲ့ ပထမဦးဆုံး ပြောချင်တာကတော့ ကျနော်တို့ရဲ့ တိုင်းပြည်ရဲ့ ဗဟိုအချက်အချာဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်။ တိုင်းပြည်ရဲ့ လူထုတရပ်လုံးရဲ့ ရုန်းကန်မှု လှုပ်ရှားမှုတွေ ရဲ့ ပြယုဒ်ဖြစ်တယ် လို့ ပြောချင်တယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု၊ တိုင်းရင်းသားအရေးလှုပ်ရှားမှု၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ တိုက်ပွဲတွေ တော်လှန်ရေးတွေ အားလုံးကို ကိုယ်စားပြုတဲ့သူတွေ ဖြစ်တယ်။ အဲသည် ပုဂ္ဂိုလ်တွေကို အင်န်အယ်ဒီပ်ါတီဝင်တွေ၊ မဟာမိတ်တွေ၊ မိတ်ဆွေတွေတင်သာ မကဘဲ မြန်မာပြည်သူလူထုတွေ၊ နိုင်ငံတကာက မိသားစုတွေက အထူးဂရုစိုက်ပြီး သူတို့တွေ လွတ်မြောက်ဖို့၊ သူတို့တွေနဲ့ မိသားစုတွေကို ကူညီအားပေး လက်တွဲဖို့ ကြိုးစားကြတာတွေဟာ အလွန်ကို ဂုဏ်ယူဖွယ်ဖြစ်တယ်၊ မမေ့မလျော့ဘဲ အမြဲ ဦးစားပေးလုပ်နေရမယ့် အလုပ်တာဝန်ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဆိုတော့ အင်န်အယ်ဒီက ရန်ကုန်မှာ ရှိတဲ့ ဗဟိုဌာနချူပ်ကနေပြီးတော့ပဲ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးတွေ လုပ်နေတာလား။ တိုင်းနဲ့ ပြည်နယ်အနှံ့က အင်န်အယ်ဒီပါတီင်္ဝင်တွေ၊ မိတ်ဆွေတွေအားလုံးက ၀ိုင်းဝန်းကြတာပေါ့နော် ဆရာ။
စစချင်းမှာတော့ အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့ရဲ့ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်မှုကော်မီတီကနေပြီးတော့ ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အကျဉ်းထောင်တွေ ရှိနေတဲ့ မြို့နယ်တွေ အရပ်တွေမှာရှိတဲ့ အင်န်အယ်ဒီပါတီက နီးစပ်ရာ မိသားစုတွေ အသိုင်းအ၀ိုင်းတွေကို ကူညီနေတဲ့ အဆင့်ကနေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ဆောင်ရွက်လာကြပါတယ်။ 
နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေအနေနဲ့ကော ဘယ်လိုမျိုး ရှိသလဲဆရာ။
နယ်တွေ မြို့တွေက ပါတီဝင်တွေ မိတ်ဆွေတွေက အားပေးမှုတွေ၊ ထောက်ခံမှုတွေ ပြကြလာသလိုပဲ အခြားနိုင်ငံရေးပါတီဆိုသူတွေကလည်း ထုတ်ဖော်ပြောဆိုလာကြတယ်။ လက်ရှိတက်လာတဲ့ အစိုးရကိုလည်း မေးခွန်းတွေ ထုတ်လာကြတယ်။
နိုင်ငံရေးအကျဉ်းသားမိသားစုတွေကိုယ်တိုင်ကလည်း မိမိတို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရေးအတွက်ကို တောင်းဆိုမှုတွေ တိုးပြီး လုပ်လာကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်ကလည်း မိမိတို့ ထောင်တွင်းက အခွင့်အရေးတွေ၊ တရားစီရင်ရေးတွေအတွက်ကို ဥပဒေဘောင်တွင်းကနေ ပြောဆိုမှုတွေ လုပ်လာကြတယ်လို့လည်း ကြားရပါတယ်။ ဒါတွေဟာ ကျနော်တို့ ကြားမိ သိရှိသလောက် လှုပ်ရှားမှုတွေလို့ ပြောချင်ပါတယ်။
ပြည်တွင်းပြည်ပက အားပေးမှုတွေ၊ ကူညီမှုတွေ ပြုလုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ တိုးတက်လာသလား ဆရာ။
            တိုးလာပါတယ်။ အဖွဲ့ချူပ်ကို တိုက်ရိုက်ဆက်သွယ်ပြီး ကူညီမှုတွေ လုပ်လာကြသလို နယ်တွေ မြို့တွေမှာလည်း ရှေ့ကိုထွက်ပြီး စောင့်ရှောက်မှုတွေ အားပေးမှုတွေ လုပ်လာတာကို တွေ့နေရတယ်။ ပြည်ပက ဆိုရင်လည်း ခင်ဗျားတို့ မိုးမခမိတ်ဆွေတွေက လက်လှမ်းမှီရာ ကူညီအားပေးမှုလုပ်ကြသလိုမျိုး နိုင်ငံအသီးသီးက မြန်မာမိသားစုတွေကလည်း မိမိတို့ တတ်စွမ်းသမျှ အကူအညီပေးတာတွေ ရှိတယ်လို့ ကြားသိရပါတယ်။ အညတရ နိုင်ငံရေးအကျဉ်းသားတွေကို ထုတ်ဖော်ပြီး လူထုတွေသိအောင် အသိပေးပြီး ကူညီမှုတွေ လုပ်ကြမယ်လို့လည်း စီစဉ်နေတယ် ကြားသိရပါတယ်။ နှစ်ရှည်ထောင်ကျနေသူတွေ၊ ရဟန်းသံဃာတွေ၊ နယ်ဝေးအစွန်အဖျားမှာ ရှိနေသူတွေ ကို လူတွေက ပိုပြီး သိလာ ရင်းနှီးအောင် လုပ်လာကြမယ်လို့လည်း သိရပါတယ်။
ဆိုတော့ စစ်အစိုးရ တင်မြှောက်ပေးလိုက်တဲ့ ကြံ့ဖွံ့အစိုးရ တက်လာလို့ လူထုတွေဟာ နိုင်ငံရေးအကျဉ်းသားအရေးကိစ္စတွေကို ကျောခိုင်းသွားကြတယ်။ အာရုံတွေ ပြောင်းသွားကြတယ်လို့ ပြောလို့ မရဘူးပေါ့ ဆရာ။
            ဒီလိုအခြေအနေတွေကို ခြုံငုံကြည့်ရရင် အရင်တုန်းထက်ကစာရင် ပြည်သူလူထုဟာ နိုင်ငံရေးအကျဉ်းသားအရေးကိစ္စကို မိမိမိသားစု သားချင်းအရေး သားသမီး ညီအကို မောင်နှမ အရေးလိုမျိုး သဘောထားတွေ ဖြစ်လာတယ်။ အရင်တုန်းကတည်းက နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိနေတာပဲ။ အရင်တုန်းကဆို လူထုရဲ့ စိတ်ဝင်စားမှုနဲ့ ထကြွမှုဟာ နိမ့်လိုက် မြင့်လိုက် ရှိတယ်။ အမြဲ အာရုံစိုက်ခြင်း မခံရဘူး။ အခုတော့ နိုင်ငံရေးအကျဉ်းသားအရေးသည် မြန်မာပြည်သူတွေရဲ့ နေ့တဓူဝ အရေးလိုမျိုး ဖြစ်လာပြီ ဖြစ်တယ်လို့ ပြောချင်တယ်။
နောက်မေးခွန်းတခုကတော့ ဆရာရယ် … အခု အစိုးရအပြောင်းအလဲဖြစ်တယ်တို့၊ အရပ်သားအစိုးရ တက်လာတယ်တို့၊ ရွေးကောက်ပွဲနိုင်အနိုင်ရ အစိုးရတို့နဲ့ သတင်းတွေမှာ လူတွေက အမည်တတ်ပြီး ရေးနေကြတယ်။ တကယ်တမ်းကတော့ စစ်အစိုးရကိုယ်တိုင် ထူထောင်ဖွဲ့စည်းပေးခဲ့တဲ့ ပြည်ခိုင်ဖြိုး ခေါ် ကြံ့ဖွံ့အသင်းကြီး အသွင်ပြောင်း ကြံ့ဖွံ့ပါတီကို စစ်အစိုးရစိတ်တိုင်းကျ ရွေးကောက်ပွဲနဲ့ တဖက်သတ် အစိုးရဖွဲ့ပေးလိုက်တာဆိုတော့ အခု အစိုးရဆိုတာကို အရင်တုန်းက နံမယ်တပ်သလို နအဖစစ်အစိုးရ၊ န၀တစစ်အစိုးရ ဆိုတဲ့ဆီကနေ ကြံ့ဖွံ့အစိုးရလို့ အမည်တတ်ရတော့မှာပေါ့နော် ဆရာ။
            ဟုတ်ပါတယ်။ စစ်တပ်ရဲ့ လွှမ်းမိုးချူပ်ကိုင်မှုကို အတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံတဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ လွှတ်တော်မှာ ကြံ့ဖွံ့ပါတီနဲ့ စစ်အုပ်စုကိုယ်စားလှယ်တွေက အများစု ဖြစ်နေတယ်။ အဲသည်ကနေ ပေါ်ထွက်လာတဲ့ အစိုးရဆိုတာကို ကြံ့ဖွံ့အစိုးရလို့ ခေါ်ကြလိမ့်မယ်လို့ ပြောနိုင်ပါတယ်။ 
ကောင်းပါပြီ။ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြသနာတွေနဲ့ ပတ်သက်ပြီး တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ထွန်းလာအောင်  အတိုက်အခံနိုင်ငံရေးအင်အားစုတွေက ဘာတွေကို ဦးစားပေးပြီး တောင်းဆို လှုပ်ရှားသင့်သလဲ ဆရာ။
            စစ်အစိုးရက ခန့်အပ်လိုက်တဲ့ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်၊ ဘယ်လို ဆောင်ရွက်ပေးမယ် ဆိုတာတွေက နိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်တယ်။ သူတို့ကို ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ရင်ဆိုင်ကြရမှာက ကျနော်တို့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါက တပိုင်း။
            သူတို့က ပြောတာက ငြိမ်းချမ်းရေးတံခါးကြီး ဖွင့်ထားတယ်လို့ ဆိုတယ်။ သို့သော် သူတို့ ငြိမ်းချမ်းရေးတံခါးကြီးဆိုတာက ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံဖို့၊ အဲသည် အခြေခံဥပဒေကို ကာကွယ်ပေးတဲ့ ရွေးကောက်ပွဲတွေ ၀င်ဖို့ ဒါပဲ ဖြစ်တယ်။ ဒီလို ပြောလိုက်တာကို အပေါ်ယံအားဖြင့် ကြည့်လိုက်ရင် ကြံ့ဖွံ့အစိုးရနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေက လက်တွဲလုပ်ကြဖို့ပဲ ရှိတယ်။ ဘာလို့ လက်မခံနိုင်စရာရှိရမှာလဲ ဆိုပြီး တချို့တွေက လျောက်ပြောနေကြတာကို ကြားနေရတယ်။
            အစကတည်းက ဒါကိုလက်မခံတဲ့ အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေအနေနဲ့ကတော့ လက်ရှိ ကြံ့ဖွံ့အစိုးရနဲ့ ရင်ဆိုင်တဲ့နေရာမှာ သူတို့ပြောနေတဲ့ ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံဖို့ထက် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်အလက်တွေကို ပြုပြင်ဖို့၊ ဒီမိုကရေစီနည်းလမ်းကျတဲ့ အခြေခံဥပဒေကို ပေါ်ထွန်းအောင် ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့က အဓိကကျတယ်။ နောက်တချက်ကလည်း သာမန်ရွေးကောက်ပွဲဝင်တာထက် ဒီမိုကရေစီနည်းလမ်းကျတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို အာမခံမှုရှိတဲ့ ရွေးကောက်ပွဲတရပ် ပေါ်ထွန်းဖို့က အရေးကြီးတယ်။ ဒီမိုကရေစီကျတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လွှတ်တော်တွေ ဖြစ်ပေါ်ဖို့ ဖြစ်တယ်။ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး၊ ဒီမိုကရေစီရေး လူ့အခွင့်အရေး ပေါ်ထွန်းရန် တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို နိုင်ငံရေးအင်အားစုများ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဒါဆိုရင် ပြည်သူလူထုဖက်ကကော … ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်အုပ်ချူပ်ရေး ကိစ္စအရပ်ရပ်မှာ တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ထွန်းလာအောင် ဘာတွေကို ဦးစားပေးပြီး တောင်းဆို လှုပ်ရှားသင့်သလဲ ဆရာ။
            ပြည်သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်တာက တိုင်းပြည်အုပ်ချူပ်ရေးအပိုင်းဖြစ်တယ်။ သူတို့တွေ ပြောဆိုကတိပေးသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရအဖြစ် လုပ်မယ်လို့ ပြောလိုက်တော့ ဒါတွေကို လုပ်ပေးဖို့ကို ပြည်သူတွေကိုယ်တိုင်က ထောက်ပြ တောင်းဆို လှုပ်ရှားမှုတွေ ပြုလုပ်ရတော့မယ်။
            Good Governance ပတ်သက်လို့ ကြည့်မယ်ဆိုရင် အခုခန့်အပ်လိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေဆိုတာက အရင် နအဖစစ်အုပ်စုဝင်တွေ ဖြစ်နေတယ်။ အရင်ကတည်းက သူတို့တတွေက ကောင်းမွန်တဲ့ အစိုးရအုပ်ချူပ်မှုတွေ မလုပ်နိုင်ခဲ့လို့ တိုင်းပြည်မှာ အဖက်ဖက်က ချွတ်ခြုံကျနေရတယ်။ တိုင်းရင်းသားဒေသတွေ ဖွံဖြိုးတိုးတက်ဖို့ကိုလည်း မလုပ်နိုင်ဘူး။ အထက်နဲ့ အောက်နဲ့ အစိုးရ၀န်ထမ်းအဆင့်ဆင့်တင်သာမက စစ်မှုထမ်း အဆင့်ဆင့် ထက်အောက်စီးဆင်းမှုတွေမှာလည်း အရေးအခင်းတွေ ဖြစ်နေတာကို ကြားနေရတယ်။ အထွေထွေအုပ်ချူပ်ရေး အဆင့်ဆင့်မှာလည်း စွမ်းအားရှင်တွေ မွေးပြီးတော့ လူမိုက်မွေးပြီးတော့ အောက်ခြေမှာ ကိုယ့်ပြဿနာကိုယ်ရှင်းကြဆိုပြီး လုပ်ကိုင်နေဆဲပဲ ဖြစ်တယ်။ ဒါတွေဟာ ကောင်းမွန်တဲ့ အစိုးရဖြစ်ဖို့ မေးခွန်းဖြစ်တယ်။
 ပြည်သူလူထုက ရှေ့လျောက်ပိုပြီးတော့ ကြံ့ဖွံ့အစိုးရဆိုတာကို ဝေဖန်ပြောဆို ထောက်ပြရမယ်။ လယ်သမားတွေ အလုပ်သမားတွေမှာ အောက်ခြေမှာ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံနေရတယ်။ ဒါတွေကို အပေါ်ကလည်း ဖြေရှင်းဆောင်ရွက်ပေးရမယ်။ ကြည့်ရှင်းလိုက်လို့ ပြောလို့ မရဘူး။
             Clean Governance ဆိုတာကလည်း လာဘ်ပေး လာဘ်ယူကိစ္စတင်မဟုတ်ဘူး၊ အဆင့်ဆင့် ခြစားနေတာ အဂတိလိုက်စားနေတာတင် ပြောတာမဟုတ်ဘူး။ နေရာပေါင်းများစွာမှာ အစိုးရ၀န်ထမ်းဆိုသူတွေဟာ ပြည်သူတွေကို အာဏာတွေ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်နေတာ၊ နှိပ်စက်နေတာ၊ အဓမ္မတောင်းနေတာတွေ။ ဗိုလ်ကျ စိုးမိုးတာတွေ။ ဒါတွေကို ဖြေရှင်းရမယ်။ ဒါတွေကို ရင်ဆိုင်ရမယ်။ ဆန့်ကျင်ရမယ်။ 
            ဒါတွေဟာ နအဖစစ်အစိုးရလက်ထက်ကတည်းက အစိုးရ၀န်ထမ်းအဆင့်ဆင့်က ဗိုလ်ကျ အနိုင်ကျင့်နေတာတွေကို ဒီကြံ့ဖွံ့အစိုးရကလည်း ဆက်ပြီး လက်ခံထိန်းသိမ်းထားရင် ပြည်သူလူထုက ဒါကို လက်ခံနေလို့ မဖြစ်ဘူး။ ထောက်ပြ ဝေဖန်ရမယ်။ ဒါက Clean Governance  ဆိုတာဟာ ပြည်သူလူထုနဲ့ ဘယ်လောက် တိုက်ရိုက် သက်ဆိုင်နေသလဲဆိုတာကို ပြောတာ ဖြစ်တယ်။
ဒီတော့ ဆရာပြောချင်တာကတော့ နိုင်ငံရေးအင်အားစုတွေက ကြံ့ဖွံ့အစိုးရနဲ့ နိုင်ငံရေးနည်းလမ်းများနဲ့ ရင်ဆိုင်ကြသလို ပြည်သူလူထုတွေကလည်း ကြံ့ဖွံ့အစိုးရကို အုပ်ချူပ်ရေးဆိုင်ရာမှာ ကောင်းမွန်မျှတဖို့ သန့်ရှင်းပွင့်လင်းဖို့ ဆိုတဲ့ကိစ္စတွေမှာ အမှန်အတိုင်းဖြစ်အောင် ရင်ဆိုင်ရကြမယ်လို့ ပြောချင်တာလား ဆရာ။
            ဟုတ်ပါတယ်။ 
ဟုတ်ကဲ့ပါဆရာ၊ ကျေးဇူးတင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts