>Gyaw Dee’s Joke (1)

>

သိကြား မင်းရှိုင်းတောင် .. မတောက်နိုင်ပါဘူး … အရောင်
ဂျော်ဒီး
ဧပြီ ၁၁၊ ၂၀၁၁
“အော် .. မီး .. မီး..။ ရွေးဂေါက်ပွဲလည်းပြီး .. လျှပ်စစ်မီးလည်း … ပျောက် ..။ ၂၄ နာရီ လျှပ်စစ်မီး ပေးတော့မလိုလို … မဲဆွယ်ပြီး ပြည်သူတွေဆီက မဲတွေ ညာယူသွားတဲ့ အမတ်မင်းကြီးလည်း … လွှတ်တော်ထဲမှာ အိပ်ပျော်နေရှာပြီလား မသိ”
“ဗျိုး … ဂျီးဒေါ် ..။ ဘာတွေ ပွစိ .. ပွစိ … လုပ်နေတာ တုံး … ဗျ”
“အော် .. သာဂိ .. ရေ …။ ဒို့ပြည်သူတွေရဲ့ မဲပြားတွေကို မရခင်တုန်းက ဖျာလိုလိပ် .. ထိပ်ပေါ်တင်မယ် ဆိုတဲ့ အမတ်မင်းကြီးတွေ .. အခုတော့ ဒို့ပြည်သူတွေကို အမှောင်ထုထဲမှာ ဖျာလိုခင်း နင်းခြေနေကြတာတွေးရင်း စိတ်နာနေတာဟေ့”

“ဒါလား .. ခွင့်လွှတ်လိုက်ပါ .. ဂျီးဒေါ်။ သူတို့ခမျာများလည်း … မူလရပြီးသား ရာထူးလေးတွေ တောင် ပြန်မရရှာတဲ့လူက မရ ..။ မြို့တော်ဝန်ပြုတ်တဲ့သူက ပြုတ် …။ ဝန်ကြီးပြုတ်တဲ့သူက ပြုတ် ..။ ကာချုပ်ရမယ်ထင်တဲ့သူက မရ … အဝေမတည့်တွေဖြစ် .. တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ရာထူးအာဏာ ခွဲဝေမှုတွေ လုပ်နေရတာ …။ ဘယ်… … ပြည်သူတွေ မီးမရတာ ရေ မရတာ .. စားစရာမရှိတာ … ပင်စင်စားတွေ ပင်စင်လစာ နည်းလွန်းနေတာတွေ … အရေးမကြီးတာတွေကို … သခွပ်ပင်က မီးတကျည်ကျည် လာလုပ်မနေနဲ့တဲ့ …။ မသိသား ဆိုးဝါးတဲ့ လွှတ်တော်အမတ်တွေက လွှတ်တော်ထဲမှာ ဟိုမေး ဒီမေးတွေ လျှောက်လုပ်နေလို့ … .. စည်းကမ်းပြည့်ဝတဲ့ လွှတ်တော် အုတ်ကထကြီးက ရှေ့မှာချထားတဲ့ ကျိုင်းကြီးနဲ့ကောက်ထုလိုက်မှ ငြိမ်သွားကြသတဲ့ .. ဟီး .. ဟီး”
“အေးလေ … ဟို ဖွတ်ကလိ ကိုယ်စားလှယ်ကြီးတွေ … တမတ်တန်းက ကိုယ်စားလှယ်ကြီးတွေဆို အလိုက်သိလိုက်တာ ငြိမ်လို့ …။ လက်ခုပ်တီးတဲ့အချိန်ပဲ အသံထွက်သတဲ့ ..”
“အေးဗျာ … လက်ခုပ်ပဲတီးတတ်တော့ ကျိုင်းတုံ ငလျင်သတင်း ဝမ်းနည်းကြောင်း မှတ်တမ်း တင်တာလည်း … ဝမ်းသာအားရ လက်ခုပ်တွေ ထတီးကြသတဲ့ .. ဟိ …။ ၁၅ မိနစ်လွှတ်တော်ကတော့ လူရွှင်တော်တွေ ပြက်လုံးထုတ်နေတာကျနေတာပဲဗျို့”
“အမယ် .. တချို့အမတ်တွေမေးတဲ့ မေးခွန်းတွေကို တာဝန်ယူ ဖြေကြားပေးတဲ့ ဝန်မင်း တပတ်နွမ်းကြီးတွေရဲ့ အဖြေတွေကလည်း မှတ်သားစရာ …။ တာဝန်သိသိ … တာဝန်ယူကြပုံများ လက်ဖျားခါလောက်တယ် .. ဟဲ”
“ဟင် .. ဒီတခါ ဂျီးဒေါ်က သာသွားပြန်ဘီ ..။ ဘယ်လို လက်ဖျားခါစရာအဖြေတွေတုန်း ..”
“ချောင်းဆုံ အမတ်မေးသွားတဲ့ လျှပ်စစ်မီးကို ခုထက် ပြည့်ပြည့်ဝဝပေးဖို့မေးတဲ့ မေးခွန်းကို ဖြေသွားတာလေ ..။ ၂ နာရီထက်ပိုပြီး မီးလာချင်ရင် … မီးလင်းရေးကော်မတီတွေဖွဲ့ခွင့်ပြုတော့မယ်တဲ့ ..။ ပြည်သူတွေ ကိုယ့်ဖာသာ ဒီဇယ်ဝယ်မောင်း .. ကိုယ်ထူမှ ကိုယ်ထရမယ့် လျှပ်စစ်မီး ၂၄ နာရီရရှိရေး လေ ..။ ဘယ်လောက် တာဝန်ယူတတ်သလဲလို့ …။ နိုင်ငံတော်က အနစ်နာခံပြီး အရှုံးခံပြီး … ဒီဇယ် ဂါလံပေါင်းများစွာ အကုန်အကျခံ ..။ လျှပ်စစ်ဝန်ထမ်းတွေကိုလည်း လခတွေ အနစ်နာခံပြီး ပေးနေရလို့ ဒီထက် လျှပ်စစ်မီးကို ပိုမပေးနိုင်တော့ဘူး … တဲ့။ သူတို့ခမျာ … တကယ်တမ်း ပုဂ္ဂလိက မီးပေးခွင့်တွေ ကျကျနန ပေးကြည့်လို့လဲ မဖြစ်သေးဘူး …။ စာရင်းဇယားကို ကျကျနနဘယ်လောက် ရှုံးလဲ … ဘယ်လောက် မြတ်တာတွေရှိနေလည်း တကယ် ပွင့်ပွင့်လင်းလင်းချပြလို့လဲ မဖြစ်သေး …။ လိုချင်တာလေးတင် ကွင်းပြီး … အရှုံးခံနေပါတယ် လုပ်ထားမှ …။ တော်ကြာ … လျှပ်စစ်မီးကနေရတဲ့ အမြတ်တွေ လူသိရှင်ကြားဖြစ်ရင် … သူတို့ကို … ဝိုင်း လက်ညှိုးထိုးခံနေရဦးမှာ … တနားစရာပါကွယ်”
“အော် … လက်ဖျားသာမက .. ခြေဖျားပါ ခါလောက်တဲ့အဖြေကိုး ..။ သူ့အဖေ ပိုက်ဆံတွေ ထုတ်သုံးနေရတာကြနေတာပဲ … တိုင်းပြည်ဘဏ္ဍာတွေ တိုင်းသူပြည်သားတွေအတွက် သုံးရတာကိုများ .. အနစ်နာခံနေရတယ် .. ဆိုသေး ..။ ချင်းပြည်နယ်က လမ်းတွေဆိုးတဲ့အတွက် ပြင်ဆင်ပေးဖို့ ရှိပါသလားဆိုတဲ့ မေးခွန်းကိုလည်း … လမ်းတွေ တံတားတွေက ပြင်လိုက် .. ပျက်လိုက်နဲ့မို့ ထပ်ပြင်ဖို့ ငွေမရှိတော့ဘူးတဲ့လေ ..။ ဖြေရဲလိုက်တာ … နိုင်ငံတော် ဝန်ကြီးအဆင့် တာဝန်ကြီးယူထားပြီးတော့”
“အေးလေ … ပင်စင်စားတွေ လစာ အရမ်းနည်းနေလို့ တိုးပေးဖို့အစီအစဉ် ရှိ မရှိ မေးတော့လည်း တိုင်းပြည်မှာ ဘဏ္ဍာငွေ မရှိပါဘူးတဲ့ ..။ သူတို့ဘဲ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်နေပါပြီ ကြွားလိုက် … ပေးရမှာကျ ဆင်းရဲနေပါတယ် … ငိုပြလိုက်..။ တတ်လည်းတတ်နိုင်ကြပါပေတယ်…”
“နေဦး … အတွင်းသတင်း တခု ရထားတယ်ဗျ ..။ ပေါတာကြီးတို့က ဂျပန်တွေကို စိတ်ဆိုးနေသတဲ့ …”
“ဟေ … ဘယ်လိုဖြစ်လို့တုံး ..။ ဂျပန်ပြည်သူတွေခမျာ … ဆူနာမီဒဏ်ခံရ …။ နျူးကလီးယား ဓာတ်ရောင်ခြည်ပျံ့နှံ့တဲ့ ဒုက္ခတွေ ခံရ … နေတာကိုမှ မစာမနာ”
“ဒုတိယကမ္ဘာစစ်အပြီး ဂျပန်တွေက စစ်လျော်ကြေးအနေနဲ့ မြန်မာပြည် လျှပ်စစ်မီးရရှိဖို့ လုပ်ပေးခဲ့လို့တဲ့ဗျို့ …။ သူတို့ကြောင့် ရွှေမြန်မာတွေ လျှပ်စစ်မီးတွေ သုံးတတ်ပြီး … ခုလို ၂၄ နာရီ မီးလင်းရေးတွေ ဘာတွေ တောင်းဆိုခံနေရလို့တဲ့ … ဟီး ဟီး”
“တကယ်တော့ သာဂိရယ် …။ ဒို့တိုင်းပြည်ကထွက်တဲ့ သဘာဝဓာတ်ငွေတွေ ရောင်းရငွေတွေ ဒီလောက်များနေတာ ဘဏ္ဍာငွေ မရှိဘူးဆိုတာ ငါတော့ မယုံဘူး ..။ ဒို့တိုင်းပြည်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေ ရေအားလျှပ်စစ်တွေကနေ … နွားငတ် ရေကျ အိမ်နီးချင်းနိုင်ငံတွေမှာတော့ ထိန်ထိန်လင်းလို့။ ဒို့တွေမှာသာ … မှောင်မိုက်မှာ ငိုနေရတာ .. ရင်နာတယ် .. ဟေ့”
“အေးဗျာ … အခု စိုးရိမ်စရာ အကောင်းဆုံးက ဧရာဝတီမြစ်ကြီးရဲ့ အနာဂတ်ပဲဗျ ..။ ဧရာဝတီမြစ်ကြီးရဲ့ အသက်သွေးကြော မြစ်ဆုံမှာ ရေကာတာကြီးဆောက်ပြီး တရုတ်ပြည်ကို ရေအား လျှပ်စစ်ပေးဖို့ လုပ်နေကြပြီ ..။ နောက်ဆို … နောင်လာ နောက်သားတွေကို … ဟိုး … ရှေးရှေးတုန်းက … ဒို့နိုင်ငံမှာ ဧရာဝတီမြစ်ကြီးတစင်း ရှိခဲ့ဖူးသတဲ့ … လို့ ပုံပြင်ပြောရတော့မယ့် … ဘဝရောက်တော့မယ် …”
“အင်းးးး မြန်မာပြည်မြေပုံလေး … တောင် ပုံပြင်ထဲရောက်သွားမှာ စိုးရိမ်လိုက်တာ .. သာဂိရေ”
“အဲဒါကြောင့် .. အရေးကြီးတယ် ပြောတာပေါ့ … ဗျ။ တကယ်တော့ … အစိုးရတပတ်ရစ်ကြီးရဲ့ ဟို .. ထိပ်ပြောင်ပြောင်နဲ့ သမတ တပတ်ရစ်ကြီးတောင် … တရုတ်ပြည်ရဲ့  ပြည်နယ် အုပ်ချုပ်ရေးမှူး အဆင့်လောက်ဖြစ်သွားမှာ သူတို့ မစိုးရိမ်ကြဘူးလားမသိ …”
“အော် … တရုတ်ပြည်ဆိုလို့ ..။ ခုတလော သတင်းစာတွေထဲမှာ သမတ တပတ်ရစ်ကြီးတို့ဆီကို တရုတ်ပြည်က ပေါ်လစ်သုတ်သမားတယောက် ရောက်နေတယ် ဆိုလား ..။ ဘာလာလုပ်တာလဲမသိ ..။ လွှတ်တော် အဆောက်အဦကြီးကို ပေါ်လစ်ထပ် သုတ်ဦးမလားမသိ ..။ ခုတောင် ကြည့်ရတာ မျက်စိ ကျိန်းလှပြီ .. ဟယ်”
“ဟား … ဟား … ဟား … ဂျီးဒေါ်ရယ်။ ဘယ်က ပေါ်လစ်သုတ်သမား ဟုတ်ရမှာလဲ …။ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် .. နိုင်ငံရေးဗျူရိုအဖွဲ့ဝင်ဗျ”
“အော် … သိပါဘူး ဟယ် …။ ပေါ်လစ်သုတ်သမား … ဆိုလားလို့”
“အင်းလေ … တကယ်တော့ .. ပေါ်လစ်သုတ်သမားဆိုလည်း မမှားပါဘူး … ဂျီးဒေါ် ရေ့ ..။ ညစ်ပတ်နေတဲ့ အရောင်လွှင့် အဟောင်းထည် အစိုးရ တပတ်နွမ်းကြီးကို အရောင်လေးများ တောက်လာမလားလို့ ပေါ်လစ်လာသုတ်ပြီး ရှိုင်းပေးနေတာဗျိုးးးး”
“တောက် .. ပါလိမ့်မယ် … အရောင် ..။ ဒီမယ် … သာဂိ …။ ဒို့ မြန်မာယဉ်ကျေးမှုမှာ … မြန်မာနှစ်ဆန်း ၁ ရက်နေ့ဆိုရင် … … အချုပ်အနှောင်တွေကနေ လွှတ်ပေးကြတဲ့ ယဉ်ကျေးမှုရှိတယ်…။
ဒီတော့ … … အကျဉ်းထောင်တွေထဲမှာ အပြစ်မရှိဘဲ ဖမ်းချုပ်ထားခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်မလွှတ်ပေးသေးသရွေ့ … သိကြားမင်းကြီးဆင်းလာပြီး ပေါ်လစ်သုတ်ပေး ရှိုင်းပေးတောင် … အရောင်တောက်ပြောင်မှာ မဟုတ်ဘူး ဟေ့ …”
“ဟဲ .. ဟဲ .. ဟိုသီချင်းလေးလို … သိကြားမင်း ရှိုင်းတောင် မတောက်နိုင်ပါဘူး … အရောင် .. လို့ ဆိုရတော့မယ် … ဂျီးဒေါ် ရေ ..”
သရုပ်ဖော် – မောင်ရစ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts