>April 1st 2011 – Q & A with Suu

>

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ
ဧပြီလ ၁၊ ၂၀၁၁ RFA အစီအစဉ်
ဦးဖြူဝင်း(ခ) လံထောင်စပ်စုလေး၊ ကိုမျိုးထွန်း(နယူးယောက်)၊ ဦးသန်းဆွေ(ဂျပန်)၊ မမေဘယ်(လ်) (ဂျပန်)၊  မအိအိ(ထိုင်းနိုင်ငံ)၊ မဇင်မာဖြိုး(ထိုင်းနိုင်ငံ)၊ ကိုဂျွန်မိုး (သြစတြေးလျ) တို့၏ အမေးများ
မေးသူ။ ။ ဦးဖြူဝင်း(ခ) လံထောင်စပ်စုလေး
မေးခွန်း။ ။ ကျွန်တော်ကတော့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ နယူးဒေလီမြို့ Prospect Burma ကျောင်းရဲ့ အငြိမ်းစားကျောင်းအုပ်ကြီး ဦးဖြူဝင်း(ခ) လံထောင်စပ်စုလေးပါ။ ကျွန်တော်တို့ ပင်လုံတပ်ပေါင်းစုံကူညီစောင့်ရှောက်ရေးဆိုပြီးတော့ ကွန်ယက်အဖွဲ့လေးတခု ၂၀၁၁ခု၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့မှာ ပြည်ထောင်စုနေ့မှာ ပြည်တွင်းပြည်ပစတင်လှုပ်ရှားနေကြပါပြီ။ 
  အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုပြီးတော့၊ လက်ရှိမြန်မာ့တပ်မတော်ကြီးကို ပြည်သူချစ်တဲ့တပ်မတော်ကြီးပြန်ဖြစ်ဖို့ပါ။ မြန်မာပြည်ရဲ့ လက်နက်ကိုင်တပ်ပေါင်းစုံတွေအနေနဲ့လည်း ညီညီညွတ်ညွတ်နဲ့ တပ်ပေါင်းစုံကြီးပြန်ဖြစ်အောင် တတ်အားသရွေ့ ကူညီ စောင့်ရှောက်ကြဖို့ပါ။ အဲဒါဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျွန်တော်တို့အဖွဲ့ကို အခုလောလောဆယ်အနေမှာ ဖွဲ့သင့်မဖွဲ့သင့်၊ ဒီလိုလုပ် ငန်းတွေကို လုပ်သင့်မလုပ်သင့်၊ ကျွန်တော်တို့ကို တတ်နိုင်သမျှ အကြံဥာဏ်ပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
ဖြေ။ ။ ဒေလီက၊ Prospect Burma ကျောင်းအုပ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ပေးခဲ့တာကို ကျေးဇူးတင်ပါတယ်။ တပ်မတော်နဲ့ ပြည်သူအကြားကြည်ဖြူစေမယ့်ကိစ္စတွေ လုပ်တယ်ဆိုတာဟာ ကောင်းပါတယ်။ အရေးကြီးတာကတော့ တပ်မတော်သားတွေဟာလည်း ပြည်သူပါပဲဆိုတာကို မမေ့ဖို့ပါပဲ။ ကျွန်မတို့ လူ့အခွင့်အရေးတွေနဲ့ ဒီမိုကရေစီကောင်းကျိုးတွေအတွက် လုပ် နေတယ်ဆိုတာ တပ်မတော်သားတွေ အပါအ၀င်ပြည်သူတွေအားလုံး ဒီအခွင့်အရေး ဒီကောင်းကျိုးတွေကို ခံစားစေချင်လို့ ဖြစ်ပါတယ်။ ဒါ တွေကို တပ်မတော်သားတွေ သဘောပေါက်မယ်ဆိုရင် ပြည်သူနဲ့တပ်မတော်အကြား စိတ်ဝမ်းကွဲစရာအကြောင်း ရှိမယ်မဟုတ်တော့ပါဘူး။ ဆရာကြီးတို့စေတနာနဲ့ လုပ်ဆောင်တာတွေကို အထင်မှားအမြင်မှားတွေ မဖြစ်စေဖို့တော့ သတိထားဖို့လိုပါလိမ့်မယ်။

မေးသူ။ ။ ကိုမျိုးထွန်း(နယူးယောက်)
မေးခွန်း။ ။ အခုလတ်တလော အာရပ်နိုင်ငံတွေဖြစ်တဲ့ ယီမင်တို့၊ လစ်ဗျားတို့မှာ စစ်ဗိုလ်ချုပ်တွေ ခေါင်းဆောင်ကြီးတွေ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေဟာ ဒီမိုကရေစီတောင်းဆိုတဲ့ ပြည်သူတွေနဲ့ ပူးပေါင်းနေကြပါပြီ။ မြန်မာ့တပ်မတော် ထဲမှာရော၊ ဒီလိုမျိုး ပြည်သူဘက်ကို လိုလားတဲ့၊ စစ်တပ်မတော်ခေါင်းဆောင်တွေ ရှိမယ်လို့ ထင်ပါသလားခင်ဗျာ။ နောက်တခုက အန်တီစု အနေနဲ့ မြန်မာ့တပ်မတော်အပေါ် ဘယ်လိုသဘောထား ရှိပါသလဲခင်ဗျာ။ ဘယ်လိုဖြစ်စေချင် ပါသလဲခင်ဗျာ။ ဖြေကြားပေးစေလိုပါတယ် ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ။ ။ တကယ်တော့ ယီမင်တို့၊ လစ်ဗျားတို့မှာဖြစ်တာတွေမျိုးထက် ကောင်းမွန်တဲ့အခြေအနေတွေကို မြန်မာနိုင်ငံမှာ ဖြစ်စေချင်ပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို စာနာလေးစားပြီး၊ တပ်မတော်ခေါင်းဆောင်တွေက အမျိုးသားရင်ကြားစေ့ရေးကို ဖေါ်ဆောင်ပေးစေချင်ပါတယ်။ သွေးထွက်သံယိုမရှိပဲ တပ်မတော်အပါအ၀င် အားလုံး အတွက် အကောင်းဆုံးဖြစ်စေမယ့် အပြောင်းအလဲတွေကို ဖေါ်ဆောင်ပေးစေချင်ပါတယ်။ တပ်မတော်အပေါ်မှာ အန်တီဘယ်တုန်းကမှ မေတ္တာစေတနာ မပျက်ခဲ့ပါဘူး။ စတင် ဖွဲ့စည်းစဉ်က မူဝါဒသဘောထားတွေနဲ့ ကိုက်ညီပြီး၊ မိမိတို့ရဲ့ စစ်မှန်တဲ့တာဝန်တွေ ထမ်းဆောင်ရာမှာ ကျွမ်းကျင်လိမ္မာတဲ့ ပြည်သူတွေက နေ အားကိုးချစ်ခင်ရတဲ့ တပ်မတော်မျိုးပဲ ဖြစ်စေချင်ပါတယ်။ 
မေးသူ။ ။ ဦးသန်းဆွေ(ဂျပန်)
မေးခွန်း။ ။ ကျွန်တော်ကတော့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံသား သန်းဆွေလို့ခေါ်ပါတယ်ခင်ဗျား။ ဒီနေ့လစ်ဗျားနိုင်ငံမှာဆိုလို့ရှိရင် လစ်ဗျားနိုင်ငံအစိုးရက ကိုယ့်တိုင်းပြည်ရဲ့ လစ်ဗျားပြည်သူတွေကိုပေါ့လေ၊ ရက်ရက်စက်စက်အကြမ်း ဖက် သတ်ဖြတ်တိုက်ခိုက်နေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီးတော့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့ လက်ရှိလစ်ဗျားအစိုးရကိုပေါ့၊ စစ် ရေးအပါအ၀င် အရေးယူဆောင်ရွက်ဖို့အတွက်ဆိုပြီးတော့ လုံခြုံရေးကောင်စီကနေပြီးတော့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ကျွန်တော်တို့သိချင်ပါတယ်ခင်ဗျ။ အဲနောက်တခုကတော့ ဒီဗမာနိုင်ငံ နအဖ စစ်အုပ်စုကိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့ အရေးယူဆောင်ရွက်တဲ့အဆင့် ရောက်လာအောင်ပေါ့လေ ကျွန်တော်တို့တွေ ဘာတွေလုပ်နိုင်မလဲဆိုတာ ကျွန်တော်တို့ သိချင်ပါတယ်။
ဖြေ။ ။ လစ်ဗျားအစိုးရက နိုင်ငံသူနိုင်ငံသားတွေကို ရန်သူသဖွယ် ဖိနှိပ်တိုက်ခိုက်ခြင်းကနေပြီး ပြည်တွင်းစစ်အဆင့် အထိဦးတည်လာခဲ့တဲ့ အခြေအနေကြောင့် မနေသာလို့ လုံခြုံရေးကောင်စီက ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်က သင့်တော် တယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သတ်လို့ လုံခြုံရေးကောင်စီက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်စေမယ့် ဆုံးဖြတ်ချက်မျိုးကိုတော့ လိုလားပါတယ်။ အမျိုးသားရင်ကြားစေ့ရေးရမှသာလျှင် စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာမို့ ရေရှည်အနေနဲ့အားပေး ဆောင်ရွက်သင့်ကြောင်း၊ လုံခြုံရေးကောင်စီဝင်တွေအားလုံး သဘောပေါက်အောင်လို့ ပြောနိုင်မယ်ဆိုရင်တော့ ကောင်းမှာပါ။ ဒါပေမယ့် လွယ်မှာ မဟုတ်ပါဘူး။ ဖြောင်းဖြတိုက်တွန်းတဲ့နည်းတွေနဲ့ နည်းအမျိုးမျိုးကိုသုံးပြီး ကြိုးစားကြည့်ရမှာသာ ဖြစ်ပါတယ်။
မေးသူ။ ။ မမေဘယ်(လ်) (ဂျပန်)
မေးခွန်း။ ။ ကျွန်မ ဂျပန်က မမေဘယ်(လ်)ပါရှင်။ ဒေါ်အောင်ဆန်းစုကြည်နေကောင်းပါရဲ့လား မသိပါဘူး။ အခုဂျပန်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ဒီငလျင်နဲ့ပတ်သတ်ပြီးတော့ ဒေါ်စုအနေနဲ့ ဘယ်လိုများခံစားမိပါသလဲလို့ အရင်မေးချင်ပါတယ်။ အဲ နောက်တခုက ဂျပန်မှာရှိတဲ့ ဗမာလူမျိုးတွေကလည်း ဒီမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်နဲ့ပတ်သတ်ပြီးတော့ ဘာမဆိုအကူအညီပေးဖို့ အတွက်ကို စဉ်းစားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော ဘယ်လိုများ အကူအညီပေးမယ်လို့ စဉ်းစားထားပါသလဲသိချင်ပါတယ်။
 ဖြေ။ ။ ဂျပန်နိုင်ငံမှာ ကြောက်မက်ဖွယ်ရာ အပျက်အစီးတွေဖြစ်စေခဲ့တဲ့ ကပ်ဘေးကြီးထက် ကြီးမားတာကတော့ ဂျပန်နိုင်ငံသူနိုင်ငံသားတွေရဲ့ ခံနိုင်ရည်၊ လုပ်ကိုင်ရည်၊ သတ္တိ တို့ဖြစ်တယ်လို့ ထင်ပါတယ်။ ဂျပန်ရောက်မြန်မာနိုင်ငံသူနိုင်ငံသားတွေက ကူညီနေတယ်ဆိုလို့ ဂုဏ်ယူမိပါတယ်။ ပြည်တွင်းက NLD အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ မကူညီနိုင်ပေမယ့်၊ ကျမတို့ရဲ့လူအချင်းချင်း ဂရုဏာထားစာနာကြောင်းသိနိုင်ဖို့ ဆူနာမီနဲ့ ပတ်သတ်တဲ့ ကဗျာတွေစုပြီး ဂျပန်ကို ပို့ဖို့စီစဉ်နေပါတယ်။ နိုင်ငံခြားမှာရှိနေတဲ့ NLD လွတ်မြောက်နယ်မြေအဖွဲ့တွေက ရန်ပုံငွေစုပြီး ဂျပန်ကိုပို့ဖို့လည်း စီစဉ်နေတယ်လို့သိရပါတယ်။
မေးသူ။ ။ မအိအိ(ထိုင်းနိုင်ငံ)
မေးခွန်း။ ။ ဟုတ်ကဲ့ကျွန်မနာမည်က မအိအိ၊ ကျွန်မကတော့အခု ထိုင်းနိုင်ငံမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခု၊ အဲဒီအဖွဲ့အစည်းတခုမှာ ကျွန်မအလုပ်လုပ်နေတယ်။ ကျွန်မသိချင်တာလေးတခုကတော့ ဒီမြန်မာပြည် ပညာရေးစနစ်နဲ့ ပတ်သတ်ပြီးတော့ ဒီမြန်မာပြည်မှာဆိုရင် အခမဲ့ ကျောင်းနေခွင့်အခွင့်အရေးတွေ မရှိဘူးလေ။ ဒီတခြားနိုင်ငံတွေမှာဆိုရင် အခွင့်အရေးတွေ အများကြီးရှိတယ်။ အခမဲ့ကျောင်းနေခွင့်တွေရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီလိုမျိုးအခမဲ့ မူလတန်းကနေ၊ အလယ်တန်းအထိပေါ့နော် အလယ်တန်းမဟုတ်တောင် မူလတန်းအလွန် လေးတန်းအဆင့်လောက်အထိကို အခမဲ့ပညာရေး စနစ်ကို အန်တီစုအနေနဲ့ ဘာတွေကူညီ ပေးနိုင်မလဲပေါ့နော်။ အဲဒါလေး အန်တီစုအနေနဲ့ ဖြေကြားပေးမယ်ဆိုရင် သမီးအနေနဲ့အရမ်းဝမ်းသာမယ်ပေါ့နော်။ အန်တီစုကိုလည်း တကယ် ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ မူလတန်းအဆင့် အခမဲ့ပညာရေးစနစ်ထူထောင်ဖို့ဆိုရင် တိုင်းပြည်မှာ ဘဏ္ဍာငွေပြည့်စုံဖို့ လိုပါတယ်။ တကယ်တော့ အန်တီတို့နိုင်ငံမှာ အစိုးရအနေနဲ့ ဘဏ္ဍာတောင့်တင်းအောင် လုပ်နိုင်ဖို့အခွင့်အရေးတွေ အများကြီးရှိပါတယ်။ ဥပမာသဘာဝဓာတ်ငွေ့က ရတဲ့ဝင်ငွေကိုပဲ မနည်းပါဘူး။ ဒါတွေကို ပညာရေးစနစ်ဘက်မှာ သုံးမယ်ဆိုရင် အခမဲ့ပညာရေးစနစ် ထူထောင်ဖို့ဟာ ခက်မယ်မထင်ပါဘူး။ အခုအန်တီတို့ NLD အနေနဲ့ကတော့ ချို့တဲ့မူလတန်းကလေးတွေနဲ့ နိုင်ငံရေးအကျဉ်းကျများရဲ့ သားသမီးများကို ရံပုံငွေရနိုင်တာနဲ့အမျှ အကူအညီပေးနေပါတယ်။
မေးသူ။ ။ မဇင်မာဖြိုး(ထိုင်းနိုင်ငံ)
မေးခွန်း။ ။ မင်္ဂလာပါ အန်တီစု သမီးကတော့ ဇင်မာဖြိုးပါ။ မြန်မာ့အမျိုးသမီးသမဂ္ဂကထုတ်ဝေတဲ့ ချိုးလင်းပြာစာစောင်မှာ လက်ထောက်အယ်ဒီတာအဖြစ် တာဝန်ယူနေပါတယ်။ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေအတွက် အန်တီစုပြောခဲ့တဲ့မိန့်ခွန်းကို ဒီနယ်စပ်မှာပြုလုပ်ခဲ့တဲ့ အမျိုးသမီးနှီးနှောဖလယ်ပွဲတက်ရောက်တဲ့ နယ်စပ်တလျောက်က ဒုက္ခသည်အမျိုး သမီးတွေ(၂၀၀)နဲ့ အတူ နားထောင်လိုက်ရပါတယ်။ အန်တီစုရဲ့ မိန့်ခွန်းတွေ နားထောင်ပြီးတဲ့နောက်မှာ အံ့သြ၀မ်းသာခဲ့ရတယ်။ ၀မ်းသာလို့ ငိုကြတဲ့သူ ငိုတယ်။ မျှော်လင့်ချက်တွေ ပိုပြီးရှိလာတဲ့အကြောင်း ပြောတဲ့သူကပြောတာနဲ့ တဆက်တည်းမှာပဲ အမျိုးသမီး တွေက ဘယ်မှာပဲ ရှိနေရှိနေ၊ အမျိုးသမီးတွေဟာ နိုင်ငံရေးနိုးကြားကြတယ်။ ဒါပေမယ့် အမျိုးသမီးတွေ ဒီနိုင်ငံရေးဦးဆောင်မှုနယ်ပယ်မှာ ပါဝင်ခွင့်နည်းတယ်။ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုမှာ အမျိုးသမီးတွေရဲ့ အင်အားတွေ ထိထိရောက်ရောက် ပါဝင်နိုင်မယ့် နည်းလမ်း လေးတွေကို အန်တီစုပြောပြစေချင်ပါတယ်။
ဖြေ။ ။ အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နိုင်ဖို့က ယုံကြည်ချက်နဲ့ပညာ နှစ်ခုစလုံးလိုတယ်လို့ထင်ပါတယ်။ ယုံကြည်ချက် မရှိလို့ကတော့ နိုင်ငံရေး စလုပ်ဖို့ဆိုတာတောင် ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုယုံကြည်ချက်ရှိဖို့ ဆိုတာကလည်း နိုင်ငံရေးမှာ မိမိနဲ့မိမိတို့သားသမီးမိသားစုတွေရဲ့ ဘ၀တွေနဲ့ဆက်နွယ်နေတယ်ဆိုတာ နားလည်လာဖို့ လိုပါတယ်။ ယုံကြည်ချက်ကို အကောင်အထည်ဖေါ်ဖို့ရာမှာကျတော့ ပညာဗဟုတသုတက တကယ်ပဲ အရေးကြီးပါတယ်။ ဘ၀ပေးသင်ခန်းစာနဲ့ အတွေ့အကြုံ တွေကလည်း ပညာရယူနိုင်ပါတယ်။
မေးသူ။ ။ ကိုဂျွန်မိုး
မေးခွန်း။ ။ အမေစုခင်ဗျား ကျွန်တော်ကတော့ ဂျွန်မိုးပါ။ ကျွန်တော်ကတော့ စင်္ကာပူမှာ နိုင်ငံရေးတက်ကြွစွာ လှုပ်ရှားမှုမှာပါဝင်ခဲ့လို့ စင်္ကာပူအစိုးရရဲ့ နှင်ထုတ်ခြင်းကို ခံခဲ့ရသူတယောက်ပါ။ အခုတော့ကျွန်တော်သြစတေးလျနိုင်ငံမှာ နေထိုင်ခွင့်ရ နေပါတယ်။ မြန်မာပြည်ကအနေပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြတဲ့သူတွေနဲ့ ၄င်းတို့ရဲ့သားသမီးတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ ကင်းကွာပြီးတော့ တချို့ဆိုလို့ရှိရင် မြန်မာစကားကိုတောင် လုံးဝမပြောတတ်တော့ပါဘူး။ အဲဒီကိစ္စပေါ်မှာ အန်တီစု ဘယ်လိုသုံးသပ်ပါသလဲ။ ပြီးတော့ ပြည်ပရောက်မြန်မာတွေ အဲဒီကိစ္စအတွက် ဘာလုပ်သင့်ပါသလဲဆိုတာကို အမေစုအနေနဲ့ နဲနဲအကြံပြု ဆွေးနွေးပေးပါလို့ တောင်းဆိုချင်ပါတယ်။
ဖြေ။ ။ကိုယ့်ရဲ့အမိနိုင်ငံ တနည်းအားဖြင့်ဆိုရင် ကိုယ့်ရဲ့ဇစ်မြစ်ကို ဂုဏ်မယူနိုင်တာဟာ ကိုယ့်ဘ၀မှာ ဟာကွက်တခု ရှိနေမလားဆိုတာ စဉ်းစားသင့်ပါတယ်။ တချို့က မြန်မာပြည်ဟာ ဆင်းရဲတယ်။ ခေတ်နောက်ကျတယ်။ ရှက်စရာကောင်း တယ်လို့မြင်ပြီး၊ မြန်မာပြည်နဲ့မဆိုင်သလို နေချင်ကြပါတယ်။ ကိုယ့်ရဲ့ တိုင်းပြည်ကို ဖိစီးနေတဲ့ဒုက္ခတွေက လွတ်မြောက်အောင်လို့ ရုန်းကန် လှုပ်ရှားရတာဟာ ဘယ်လောက်ကျေနပ်စရာ၊ တန်ဖိုးထားစရာကောင်းသလဲဆိုတာကို နားမလည်ကြလို့ပါ။ ဒါတွေနားလည်အောင်လို့ လုပ်ပေးနိုင်လို့ရှိရင် မြန်မာပြည်နဲ့ မဆိုင်သလိုနေတဲ့ လူတွေတချို့ စိတ်ပြောင်းလာမယ်လို့ထင်ပါတယ်။

(ABMA ၀ိုင်းတော်သားများကစာဖိုင်ဖြည်ပါသည်။)
ဧပြီ (၁) ရက်နေ့ အစီအစဉ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts