>Ni Lwin Thwe (Dathanika) – Feet

>

ခြေထောက်များ
နီလွင်သွေး(ဒဿနိက)
ဧပြီ ၄၊ ၂၀၁၁

ဗုဒ္ဓရဲ့ခြေတော်ရာက
သတ္တဝါတွေအတွက်
စွန့်ထွက်ခဲ့တဲ့ခြေရာ ဖြစ်တယ်။

အဲဒီခြေထောက်တွေမှာ
ရာဇဝင်တွင်မယ့်တန်ဖိုး ရှိတယ်။

အမေဆိုတဲ့
မိခင်စိတ်မှာ
လူသားကောင်းကျိုးသယ်ပိုးဖို့
သားသမီးတွေကို
ကမ္ဘာထဲကို ပို့လွှတ်လိုက်တာဖြစ်တယ်။

ဆရာ ဗန်းမော်တင်အောင်ကတော့
တန်ဖိုးဆိုတာကို
ကိုယ့်ပခုံးပေါ်က သမိုင်းခေတ်ကို
ဘယ်လောက် ထုဆစ်သလဲဆိုတဲ့အပေါ်မှာ
တိုင်းတာသတ်မှတ်ခဲ့။

သေခြင်းတရားနောက်မှာ
ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေနဲ့
အကျိုးသက်ရောက်မှုတွေ လိုက်လာတတ်တယ်။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ
ဘာများထားခဲ့မလဲ။

အရှိတရားသက်သက်နဲ့
လူဖြစ်လာတာ မဟုတ်ဘူး။

တရိစ္ဆာန်နဲ့ လူမှာ
ကွာခြားချက်ရှိပြီးသား။

အသိဉာဏ်ပညာ
ဆင်ခြင်တုံတရားက
လူသားအဖြစ်ကိုရခဲ့။

လူသေပေမယ့်
နာမည်မသေတဲ့လူတွေ။

သခင်ကိုယ်တော်မှိုင်း မသေ
ဗိုလ်ချုပ်အောင်ဆန်း မသေ
ဗိုလ်အောင်ကျော် မသေ
ကိုဗဟိန်း မသေ
ဖုန်းမော် မသေ
ဝင်းမော်ဦး မသေ
သက်ဝင်းအောင် မသေ
သူတို့အမည်နာမ
ဘယ်တော့မှ မသေ။

အဲဒီခြေထောက်တွေမှာ
အဝိဇ္ဇာ မပါဘူး
မသိမောက်မှားမှု မပါဘူး
ပျက်စီးစေလိုမှု မပါဘူး
မောဟ မပါဘူး
လောဘ မပါဘူး
အသိဉာဏ်ပညာနဲ့ ခြေရာပိုင်ရှင်တွေ။

သင်တို့ရဲ့
အသိဉာဏ်ပညာ
သစ္စာနဲ့
ဝိဇ္ဇာပါတဲ့
ခြေရာတွေနဲ့
ကမ္ဘာမြေကိုငြိမ်းပါတော့။ ။

၎၊ ၂၊ ၂၀၁၁ (စနေနေ့)

သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts