>views on recent changes in Burma

>

မြန်မာပြည် အစိုးရအဖွဲ့ အပြောင်းအလဲကို ဒီလို မြင်ကြတယ်
မတ် ၃၁၊ ၂၀၁၁


ယမန်နေ့က နအဖ စစ်ကောင်စီကို ဖျက်သိမ်းလိုက်သည်။ မကြာသေးမီက စစ်တပ်မှ အစုလိုက်အပြုံလိုက် အငြိမ်းစားယူလိုက်သူများ ပါဝင်သည့် “အရပ်သားအစိုးရ”ကို ဖွဲ့စည်းလိုက်သည်။ သို့သော်လည်း အာဏာကို ချုပ်ကိုင်ထားသည့်
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတွင် မည်သည့် ရာထူး၊ မည်သည့် တာဝန်များရှိသည်ကို မသိရသေးပေ။ တချိန်တည်းတွင်ပင် သူ၏ ရာထူး “ကာကွယ်ရေးဦးစီးချုပ်” ရာထူးက ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ထံသို့ ရောက်သွားကြောင်း လွှတ်တော်တက်သူများကို ကိုးကားပြီး သတင်းဌာနတို့က ဖော်ပြကြသည်။

ဤအပြောင်းအလဲများနှင့် ပတ်သက်ပြီး ယမန်နေ့က သတင်းဌာနတချို့တွင် ပါရှိသည့် သုံးသပ်ချက်များကို ကူးယူ ဖော်ပြလိုက်သည်။

တကယ် အာဏာရှိတဲ့သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပါတယ်။ ဆိုတော့ – သူက အာဏာစွန့်ပါတယ် ဆိုတာကို လုံးဝ ပြတ်ပြတ် သားသား မမြင်ရသရွှေ့ ကာလပတ်လုံး ဒါဟာ အာဏာလွှဲတယ်လို့ ဆိုဖို့ ခက်ခဲပါလိမ့်မယ်။
ဦးကျော်ဇံသာ၊ စာနယ်ဇင်းသမား
VOA

ဗိုလ်ချုပ်မင်းအောင်လှိုင်တို့က သူတို့နဲ့ စာရင် အသက် အများကြီး ကွာပါတယ်။ အချိန်မရွေး ဒီလူတွေဟာ စိတ်နေစိတ်ထား ပြောင်းလဲသွားနိုင်ပါတယ်။ ကမ္ဘာမှာ အခု ဖြစ်နေတဲ့ အခြေအနေနဲ့ ယှဉ်ရင်၊ အရှေ့အလယ်ပိုင်း အခြေအနေတွေမှာလည်း စစ်တပ်က ပြည်သူလူထုနဲ့ ပေါင်းသွားတဲ့ အခြေအနေမျိုးတွေက အာဏာရှင်ကို ဖယ်နိုင်တယ် ဆိုတဲ့ အတွေးအခေါ်မျိုးတွေက အများကြီး ဖြစ်နေတဲ့ အချိန်အခါမျိုးမှာ သူ အလန့်ဆုံးပါပဲ။
ဦးအောင်လင်းထွဋ်၊ ထောက်လှမ်းရေးဗိုလ်မှူးဟောင်း
VOA

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ စစ်တပ်က အနားယူလိုက်တယ် ဆိုပေမယ့် ဒီ (လက်ရှိ) ဗိုလ်ချုပ်တွေ အပေါ်မှာ ဆက်ပြီး ချုပ်ကိုင်နိုင်တဲ့ နေရာ တခုခုကို ဖန်တီးပြီးတော့ နောက်ကွယ်ကနေ ကြိုးကိုင်နေဦးမယ်လို့ ယူဆပါတယ်။
စစ်ရေးလေ့လာသူ ဦးဌေးအောင်
BBC

ပြည်သူလူထု မျှော်မှန်းတောင့်တနေတဲ့ ပြောင်းလဲမှုမျိုးတော့ မဖြစ်သေးဘူး
ဦးအုန်းကြိုင်၊ NLD
RFA

ရခိုင်ပြည်နယ်က ကျနော် မနေ့ညနေကမှ ရောက်ပါတယ်၊ ပြည်သူတွေကြားမှာ၊ ရွာတွေမှာ ကျနော်ရောက်တဲ့ အခါကြတော့ တကယ့် အားကိုးတကြီးနဲ့ သူတို့ရဲ့ အခက်အခဲတွေ၊ သူတို့ရဲ့ အကျပ်အတည်းတွေကို တင်ပြနေတာက ကျနော်တို့ကိုပဲ တင်ပြနေတာ ဖြစ်နေတယ်။ အဲတော့ တကယ်ဆိုရင် ပြည်သူတွေက အစိုးရသစ်နဲ့တကွ ကိုယ်စားလှယ်တွေကို အားကိုးတယ်ဆိုရင် သူတို့ကို တင်ပြရမှာပေါ့။
ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)
VOA

အစိုးရအသစ်က လည်ပတ်သွားပြီးတော့ အရှိန်လေး ရလာတဲ့အချိန်မှာ ကျနော်တို့ ပြည်သူလူထုအတွက် ဘာလုပ်ပေးနိုင်မလဲ၊ အစိုးရသစ်ကလည်း ပြည်သူလူထုကို ဘာတွေ စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ အဲဒီတော့မှ အဖြေပေါ်မှာပေါ့။
ဦးစိုင်းစောင်စီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)
VOA

လွှတ်တော်ထဲမှာရော အစိုးရထဲမှာရော သူတို့လူတွေချည်းပဲ ဆိုတော့ သူတို့ကိုယ်တိုင်က လူများစုနဲ့ အနိုင်ကျင့်တဲ့အဖြစ်ကို မရောက်အောင် နိုင်ငံတကာ မျက်နှာစာမှာ နိုင်ငံရေးသိက္ခာ အပြည့်နဲ့ ဆောင်ရွက်မယ် ဆိုရင်တော့ အားထားဖွယ်ရာ ရှိလာစရာ ရှိတယ်။
ဦးခင်မောင်ဆွေ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF)
VOA

အစိုးရအဖွဲ့ဆိုတာ အရင်တုန်းကဆိုရင် စစ်ဗိုလ်တွေချည်းပဲ၊ ယူနီဖောင်းတွေချည်းပဲ မြင်ရတယ်။ အခုတော့ ခေါင်းပေါင်းနဲ့ ပုဆိုးနဲ့ဆိုတော့ ဒါဟာ အရပ်သားတွေနဲ့ တန်းတူရည်တူ အစိုးရမျိုး ဖြစ်သွားတယ်။
ဦးသုဝေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)
RFA

နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’ တွေ တပ်၊ အရပ်သား အစိုးရပုံနဲ့ လုပ်လိုက်တော့ မသိတဲ့သူတွေ မျက်စိလည်စရာပဲ။ သူ့သြဇာခံမယ့် သူတွေကိုရွေးပြီး အစိုးရသစ်ကို ဖန်တီးထားတာ။ ဦးသန်းရွှေတို့ကတော့ ဘေးကနေ မတော်မတရား မလုပ်အောင် ၀င်ပြောမယ်လို့ ကြားတာပဲ။ တိုက်ရိုက်အုပ်ချုပ်တာ မဟုတ်ပေမယ့် သွယ်ဝိုက်အုပ်ချုပ်မှာပါပဲ။ သူတို့က ရာထူးသြဇာ အကုန်စွန့်လိုက်တဲ့ပုံစံ လုပ်ပြလိုက်တာပါပဲ။ တကယ်တော့သူတို့ လုပ်ချင်သလိုလုပ်လို့ ရနေတာပဲ။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း
ဧရာဝတီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts