>Letters from Michigan – 60

>

မစ်ရှီဂန်က ပေးတဲ့စာ (၆၀)
အောင်ဝေး
မတ် ၂၈၊ ၂၀၁၁



သခင် ခင်ညွန့်၊ လေထီးဦးအုန်းမောင်


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာကြပါရဲ့လား။ သာပါစေ၊ မာပါစေ၊ အမိမြန်မာပြည် အောင်ပါစေကြောင်း နေ့စဉ် ဆုတောင်းလျက်ပါ။

အရင်တပတ်က၊ ကိုယ့်ရှေ့က လူကြီးတွေရဲ့ ဂုဏ်ကျေးဇူး အကြောင်းကို ကျနော့်ဘ၀ အကျဉ်းထောင် အတွေ့အကြုံထဲကနေ ကျနော် ထုတ်နုတ်ပြီး ပြောပြခဲ့ပါတယ်။ အခုတခါတော့၊ ကဗျာဆရာဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ လူကြီးတွေအကြောင်း ဆက်ပြီး ပြောပြချင်လာတယ်ဗျာ။

ကိုဒေါင်းရေ – တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားကြပြီ – လို့ ကျနော်တို့ဆရာ ဆရာမြသန်းတင့် ရေးခဲ့ဖူးတယ် မဟုတ်လား။ သမိုင်းခေတ်တွေ ဖြတ်သန်းသွားခဲ့ကြပါပြီ။ လူများ-သက္ကရာဇ်များ- ဘ၀များ ပြောင်းလဲသွားခဲ့ကြပါပြီ။ မျိုးဆက်တွေလည်း တဆက်ကနေတဆက် ကူးပြောင်းခဲ့ကြပါပြီ။

ကျနော်တို့မြန်မာစကားမှာ အထုံကူးတယ် ဆိုတဲ့စကား ရှိတယ် မဟုတ်လား။ မျိုးဆက်သစ်ဟာ မျိုးဆက်ဟောင်းဆီကနေ နိုင်ငံရေးဝတ်မှုန် ကူးခဲ့ကြပါပြီ။ မျိုးဆက်သစ်ဟာ မျိုးဆက်ဟောင်းဆီကနေ သမိုင်းရဲ့တာဝန်ကို ပခုံးပြောင်းယူခဲ့ကြပါပြီ။ မျိုးဆက်သစ်ဟာ မျိုးဆက်ဟောင်းဆီကနေ သင်ယူခဲ့ကြပါပြီ။

ကိုဒေါင်းရေ – ဒီဖြစ်စဉ်ကြီးထဲမှာ၊ ကျနော် ကြုံတွေ့ သင်ယူခဲ့ရတဲ့ နောက်ထပ် လူကြီးနှစ်ယောက်အကြောင်း ဆက်ပြီး ပြောပရစေ။ တယောက်က အဘ လေထီးဦးအုန်းမောင်ပါ။ နောက်တယောက်က အဘ သခင်ခင်ညွန့်ပါ။ သူတို့နှစ်ဦးစလုံး ကွယ်လွန်ခဲ့ကြပါပြီ။ အဲဒီ သက်ကြီးဝါကြီး၊ ပုဂ္ဂိုလ်ကြီးနှစ်ဦးနဲ့ ကျနော် တူသားနောင်မယ် တယောက်လို လက်ပွန်းတတီး နေခဲ့ဖူးပါတယ်။

သခင်ခင်ညွန့် (ဓာတ်ပုံ – စာပေလောကfacebook)

ကျနော် နောက်ဆုံးအခေါက် ထောင်က ပြန်ထွက်လာပြီးတဲ့ နောက်ပိုင်း၊ ရန်ကုန်မှာ အခြေချဖို့ ကြိုးစားခဲ့တယ်။ ၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်လာတဲ့ အချိန်မှာတော့ ကျနော်ရန်ကုန်ကို ရောက်နေခဲ့ပါပြီ။ ရန်ကုန်ရောက်ပြီး စာပေလောကမှာ အခြေချလိုက်ပြီ ဆိုတော့၊ စာပေနဲ့ ဘ၀ကို အသက်မွေးဝမ်းကျောင်းလုပ်တော့မယ် ဆိုတော့ စာပေ အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ် ကြီးကြီးငယ်ငယ်၊ အရွယ်မျိုးစုံနဲ့ ထိတွေ့ ဆက်ဆံလာရတာပဲပေါ့။

အဘ လေထီးဦးအုန်းမောင်က အဲဒီအချိန်တုန်းက သခင်အောင်ဖေရဲ့ မိုးဂျာနယ်မှာ နှစ်ပေါင်း (၅၀) ဆိုတဲ့ ကိုယ်တွေ့ နိုင်ငံရေး ဖြတ်သန်းမှု အခန်းဆက် ဆောင်းပါးရှည်ကြီး ရေးသားနေတဲ့ အချိန်ပါ။ အဘ သခင် ခင်ညွန့် ဆိုတာကလည်း ရန်ကုန်မြို့၊ ၃၃လမ်းက စာပေလောက စာအုပ်တိုက်ကို တည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။

စာပေအ၀န်းအ၀ိုင်းမှာ ကျင်လည်ရင်းနဲ့ ကျနော် ဒီပုဂ္ဂိုလ်ကြီးနှစ်ဦးနဲ့ ရဲဘော်ရဲဘက်လို ခင်မင် ရင်းနှီးခဲ့တာပါ။ သူတို့နှစ်ဦး အပေါ်မှာ အခြား လူငယ်တွေလိုပဲ ကျနော် ယုံကြည်ကိုးစားတယ်။ ရိုသေ လေးစားတယ်။ မြတ်နိုး တန်ဖိုးထားတယ်။ သူတို့ဟာ သက်ရှိ သမိုင်းစာအုပ်ကြီး နှစ်အုပ်ပါပဲ။

သူတို့နှစ်ဦးနဲ့ စာပေအ၀န်းအ၀ိုင်းမှာ၊ စာရေးဆရာလောကမှာ ထိတွေ့ဆက်ဆံရတယ် ဆိုပေမယ်လို့၊ သူတို့နှစ်ဦးရဲ့ နောက်ခံ နိုင်ငံရေးဘ၀ဖြတ်သန်းမှု ပုံရိပ်က ထုကြီးထည်ကြီးနဲ့ ရှိခဲ့တာ ဆိုတော့၊ ပြောရရင် ကိုဒေါင်းရာ၊ ဒီအဘနှစ်ဦးနဲ့ ခင်မင်ရင်းနှီးရတာဟာ မြန်မာ့နိုင်ငံရေးနဲ့ ခင်မင် ရင်းနှီးရတာလိုပါပဲ။ သူတို့နှစ်ဦးနဲ့ အတူ နေထိုင်ရတာဟာ မြန်မာ့တော်လှန်ရေးနဲ့ အတူနေထိုင်ရတာလိုပါပဲ။

အဘ လေထီးဦးအုန်းမောင်နဲ့ ပိုပြီး နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံဖြစ်သွားတာက ၁၉၉၈ မှာ ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ် ဗန်းမော်တင်အောင်ဋီကာ-စာအုပ်ကို ကျနော် စုစည်း စီစဉ်ခဲ့တဲ့ အချိန်ကပါ။ ဒီစာအုပ်မှာ အဘ လေထီးဦးအုန်းမောင်က ဆရာ ဗန်းမော်တင်အောင်အမှတ်တရ စာမူတပုဒ် ချီးမြှင့်ခဲ့ပါတယ်။

အဘ လေထီး ဦးအုန်းမောင်တို့၊ ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ ဆိုတာ ကိုကိုးကျွန်း အကျဉ်းစခန်းမှာ၊ အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေပါ။ စာရေးဆရာ သခင်မြသန်းက နှစ်ကျွန်းပြန် သံမဏိနှစ်ဦး-ဆိုပြီး အဘလေထီးဦးအုန်းမောင်နဲ့ အလံနီ သခင်ဖေဌေးတို့ အကြောင်း စာအုပ် ရေးဖူးပါတယ်။ အမှန်တကယ်က အဘ လေထီးဦးအုန်းမောင်က သုံးကျွန်းပြန်ပါ။ ပထမ အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉-၆၀ ကိုကိုးကျွန်း၊ ဒုတိယ မဆလအစိုးရလက်ထက် ၁၉၆၉-၇၀ ကိုကိုးကျွန်း၊ ဒီနှစ်ကျွန်းကြားမှာ ဖျာပုံမြို့အောက်ဖက်၊ ဟိုး ယွန်းယွန်း အဝေးကြီး ပင်လယ်ထဲက ကျွန်းတကျွန်းပါ ပါသေးတယ်။

လေထီးဦးအုန်းမောင် (သရုပ်ဖော် – မင်းကျော်ခိုင်)


ကျနော်တို့ ၁၉၇၆ မှိုင်းရာပြည့်နဲ့ ထောင်ထဲရောက်တော့ အမှုတွဲထဲမှာ သမိုင်းမေဂျာက ကိုမြ ဆိုတဲ့ အသက် တော်တော်ကြီးတဲ့ ကျောင်းသားတယောက် ပါလာပါတယ်။ သူက ပြည်မြို့ကပါ။ ပြည်မြို့က ဆိုတော့ ၁၉၇၀ ကိုကိုးကျွန်း ဖျက်သိမ်းရေး၊ ရက်ပေါင်း(၅၀) အစာငတ်ခံ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် ကိုချစ်ဆွေတို့၊ အသက်မသေဘဲ ပြန်လွတ်လာတဲ့ ကိုအောင်ငြိမ်းတို့နဲ့ သိကျွမ်း ရင်းနှီးသူပါ။

ကိုမြက ကျနော်တို့ကို သူကြားခဲ့ဖူးတဲ့ ကိုကိုးကျွန်း အကြောင်းတွေ ပြန်ပြန် ပြောပြတတ်ပါတယ်။ အဲဒီတုန်းက ကျွန်းဖျက်သိမ်းရေး တိုက်ပွဲဝင်ကြတဲ့ အစာငတ်ခံသူတွေက၊ အဘလေထီးအုန်းမောင်နဲ့ ဆရာရာဂျန်တို့ နှစ်ဦးဆီမှာ၊ သူတို့အသက်တွေကို ယုံကြည်အပ်နှံပြီး တိုက်ခဲ့ကြတာလို့ ဆိုတယ် ကိုဒေါင်း။

အဘ လေထီးဦးအုန်းမောင် ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတော့၊ ကျနော်တို့ သူ့ဈာပနကို ထိုက်ထိုက်တန်တန်၊ ခမ်းခမ်းနားနား ဂုဏ်ပြု ကျင်းပခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာ ရှိနေတဲ့ အချိန်မို့လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အဘ လေထီးဦးအုန်းမောင် ရက်လည်ကို လာရောက် ဂုဏ်ပြုခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်မှာ စစ်ပညာသင်ပြီး ဘီအိုင်အေဖွဲ့တဲ့အစုကို ရဲဘော်သုံးကျိပ်လို့ မော်ကွန်းထိုးခဲ့သလို၊ အဘ လေထီးဦးအုန်းမောင်တို့၊ သမ္မတကြီး မန်းဝင်းမောင်တို့ အိန္ဒိယမှာ စစ်ပညာသင်ပြီး၊ မြန်မာပြည်ထဲ လေထီးနဲ့ ခုန်ဆင်းခဲ့ကြတဲ့ အစုကိုလည်း (ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ်လောက် လူမများပေမဲ့) ခေါ်မယ် ဆိုရင် ရဲဘော်တကျိပ် – လို့ ကမ္ပည်းထိုး ခေါ်နိုင်တာပေါ့ကိုဒေါင်းရာ။

အဘ လေထီး ဦးအုန်းမောင် ကွယ်လွန်သွားတဲ့ အချိန်အထိ၊ အဘနဲ့အတူ အနီးကပ် နေခွင့်ရခဲ့တာဟာ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထု တက္ကသိုလ်ကြီးတခုကို စနစ်တကျ၊ ထဲထဲဝင်ဝင် တက်ခဲ့ရသလိုပါဗျာ။

ကိုဒေါင်းရေ – အခုအချိန်မှာ အဘလေထီးဦးအုန်းမောင်ရဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့ တသရတာဟာ၊ ကိုယ့်အတွက်တင် မဟုတ်၊ ကိုယ့်အဖွဲ့အစည်း တခုလုံးအတွက်ပါ၊ မဟာသံမဏိ သူရဲကောင်းစိတ်ဓာတ်တွေ ပွားများလာစေတယ်လို့ ခံယူမိပါတယ်ဗျာ။

အမိမြန်မာပြည်ကို တော်လှန်သော ပြည်သူ့သူရဲကောင်းများ စောင့်ရှောက်ပါစေသား။

အားလုံးကိုသတိရလျက်-
အောင်ဝေး
မတ် ၉-၂၀၁၁။

မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts