>Nyan Oo Maung – Your Shelter is dying


>

ရွက်ဖျင်တဲလေး ပြိုလဲလုပြီ
ဉာဏ်ဦးမောင်
မတ် ၂၄၊ ၂၀၁၁
ဇရာလွှမ်းလဲ နွမ်းလို့မကြွေဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးဖြစ်တယ်။ ဇရာသဘောအရ အရွယ်အိုပေမယ့် အကြင် နာဆိုတာကတော့ မအိုနိုင်တဲ့အကြောင်းလေးတစ်ခုပါ။ ဖတ်ဖြစ်တဲ့သူအချို့က ခံစားမိရကြောင်း ပြောလာတယ်။ ခံစားခြင်းကနေ စာနာနားလည်နိုင်ခြင်း၊ ဒီကမှတဆင့်တက်လို့ အကြင်နာနှစ်လုံးသားကနေ ပေါ်ထွက်လာတဲ့ စာနာခြင်းအလှပုံလွှာတွေ လက်တွေ့ဘဝထဲအထိ အရောက်သယ်ဆောင်နိုင်ပါစေကြောင်းကိုလည်း ဆုတောင်း မိတယ်။
နွမ်းလို့မကြွေနိုင်တဲ့ အကြင်နာအကြောင်း ရေးဖြစ်တဲ့ နောက်ရက်မှာပဲ ကိုယ်နေထိုင်တဲ့ ဆန်ဖရန်စစ္စကို ပင် လယ်ကွေ့ဒေသမှာ မိုးကြမ်းကြမ်း ရွာသွန်းတယ်။ လေပြင်းနဲ့အတူ မိုးသီးများတောင် ရှားရှားပါးပါး ကျရောက်ခဲ့ ပါတယ်။ တကယ်ဆို ဒီအချိန်က မတ်လနှောင်းရဲ့ ဆောင်းကြွင်းရက်ကျန် အချိန်။ ဖြစ်ရိုးဖြစ်စဉ်အရဆို ဆောင်း နှောင်းနွေဦး ကူးပြောင်းလေတဲ့ ဒီအချိန်မျိုးမှာက ဖူးငုံပွင့်စ ပန်းပေါင်းစုံ ရောင်စုံပသာဒရယ်ကြောင့် ဝန်းကျင် တခွင်လုံး ရူးသွပ်ဖွယ်ကောင်းလောက်အောင် လှနေရမယ့်အချိန်။
သို့ပေမယ့် ပြောင်းလဲလာတဲ့ ရာသီဥတု ကြောင့် မိုးက မိုးမပီ။ ဆောင်းက ဆောင်းမဟုတ်။ နွေကလည်း နွေသရုပ်ကို ပီပီပြင်ပြင် မထင်တတ်ခဲ့လေပြီမို့  ပန်းပေါင်းစုံ ရာသီဖူးရမယ့် ခုလိုစပရင်း ရာသီဦးမှာ ထူးထူးခြားခြား မိုးသဲသဲ ရွာနေခဲ့တယ်လေ။
မိုးသဲလေကြမ်း သရမ်းတဲ့ရာသီက ကိုယ့်ကိုယ်လဲ ကလူကျီစယ်ခဲ့ပြန်လေတယ်ပေါ့။ ကိုယ့်ကားထားရာ ရွက် ဖျင်တဲက လေးနှစ်နီးပါးရှိပြီ။ တကယ်ဆို ခုလိုနေပူမိုးရွာ လေဟာပြင်အောက်မှာ ဒီရွက်ဖျင်တဲရဲ့သက်တမ်းက တစ်နှစ်လောက်ပဲ ဖြစ်မှာပါ။ ဒါကြောင့် သူ့သက်တမ်းက ခုလောက် လေးနှစ်နီးပါးရှိပြီဆိုတော့ နေမိုးဒဏ်ခံနိုင်တဲ့ စွမ်းရည် သူ့မှာကုန်နေလေပြီပေါ့။ ဒါကြောင့်နေဒဏ်၊ လေဒဏ်ကို အတန်အသင့် ဟန်မပျက် အံတုခံနိုင်ပေမယ့် လေမိုးရောတဲ့ ခုလိုရာသီဒဏ်ကိုတော့ ဘယ်မှာခံနိုင်စွမ်းရှိပါတော့မလဲ။ ဒါကြောင့် မိုးသဲသဲအောက်မှာ ရွက်ဖျင် တဲလေးက ခေါင်မိုးတည့်တည့်ကနေ ဟတ်တက်ကွဲလို့ ပျက်စီးသွားခဲ့တယ်။
တဲအမိုးအောက်မှာ အချိန်တော် တော်ကြာကတည်းက အရိပ်ခိုနေတဲ့ ကိုယ့်ရဲ့ကားအိုဟောင်းလေးလည်း မိုးရေမိုးသီးအောက်မှာ မြင်မကောင်း စွာ ရွှဲရွှဲစိုလို့ပေါ့။ အသက်ရှိတဲ့ သတ္တဝါတစ်ဦးသာဖြစ်ခဲ့မယ်ဆိုလျင်ဖြင့် ချမ်းလို့တုံနေလောက်ရှာရောပေါ့။
လေနဲ့အတူ ဘယ်အရပ်ဆီကနေ မျောလွင့်ပါလာမှန်း မသိလေတဲ့ ရွက်ခြောက်ကြွေတွေကလည်း ကားအောက် ဝဲယာမှာ ပျံ့နှံ့ကာ ကြဲနေလေသမို့ အမိုးပြဲပြဲ ကားမွဲမွဲနဲ့ဆိုတော့ တကယ့်ကိုမှ မြင်ကွင်းက ဖရိုဖရဲပါ။ ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် အရာအားလုံး ဝရုန်းသုန်းကားနဲ့ ဖရိုဖရဲဖြစ်ကျန်ရစ်တဲ့ ဂျပန်နိုင်ငံရဲ့ မြင်ကွင်းအချို့က ကိုယ့်မျက်စိအောက် ရုတ်တရက် ရောက်လာတယ်လို့ ထင်မိလိုက်တယ်။
 တကယ်တော့ အသက်တွေဆုံး၊ ဘဝတွေရှုံးကြတဲ့ သူတို့တွေရဲ့ဒုက္ခက မပြောပလောက်တဲ့ ဒီဖရိုဖရဲဖြစ်တာလောက်လေးနဲ့တော့လဲ ဘယ်မှာ နှိုင်းစာလို့ ရနိုင်ပါ့မလဲ။ တကယ်တော့ မိုးထဲလေထဲ နှင်းခဲတမျှ အေးချမ်းလှတဲ့ ရာသီဆိုးအောက်မှာ သားကွဲ မိပျောက် ဆင်းရဲဒုက္ခ ရောက်နေကြရှာမယ့် သူတို့တွေရဲ့အဖြစ်က ဘယ်အရာ ဘယ်ဝေဒနာမျိုးနဲ့  တိုင်းတာနှိုင်း စာလို့ ရနိုင်ပါ့မလဲလေ။
ကိုယ့်အမိပြည် နာဂစ်ဝင်မွှေစဉ်က ကိုယ့်သွေးသားချင်းတွေရဲ့ ဆင်းရဲကိုမြင်ရလို့ နှလုံး ပျက်ပြုံးမက ခံစားခဲ့ရတာမျိုးလို သူတို့တွေလည်း ခံစားနေကြရမှာပဲလို့ စာနာကာ တွေးမိပါတယ်။ ရုပ်ခန္ဓာ အမာ စတွေအပေါ်မှာ စိတ်ဒဏ်ရာ အနာတရတွေ ထပ်ဆင့်လို့ မကျရောက်ကြပါစေသားရယ်လို့ သူတို့အတွက် အခါ ခါဆုတောင်းပေးမိပါတယ်။
ကစဥ့်ကလျား အနေအထားကို မြင်ရတော့ အစိုးမရနိုင်ခြင်းအကြောင်းက ခေါင်းထဲဝင်လာတယ်။ တနေ့တခြား ဆိုးရွာဆိုးရွာလာတဲ့ သဘာဝဖြစ်စဉ်တွေကြားမှာ လူသားဆိုတဲ့ သေးသေးမွှားမွှား သတ္တဝါလေးတွေရဲ့ စွမ်းပကား က အရာမှ ထင်နိုင်ပါသေးရဲ့လား။ လူသားတွေအနေနဲ့ သဘာဝတရားဆီက အဆမတန် ထုတ်ယူသုံးစွဲခဲ့ကြလို့ သဘာဝတရားက အလျော်အစားအဖြစ် လူ့စွမ်းအားနဲ့ လူ့အသက်တွေကို ပြန်ယူလို့ နေလေပြီလားလို့လည်း တွေးမိခဲ့ဘူးပါရဲ့။
အချိန်မရွေး ကျရောက်လာနိုင်တဲ့ အန္တရာယ်အမျိုးမျိုးကြားမှာ လူ့ဘဝရနေခိုက် အချိန်လေးထဲက ဘဝအတွက် တန်ဖိုးအရှိဆုံး လုပ်ငန်းတစ်ခုခုကိုဖြင့် လုပ်ဖြစ်ဖို့ လိုပေလိမ့်မယ်။ တန်ဖိုးသတ်မှတ်ပုံ မတူညီလို့ တန်ဖိုးထားတဲ့ အရာကတော့ တစ်ဦနဲ့တစ်ဦး တူကောင်းမှ တူနိုင်မယ်။
သို့ပေမယ့် မသေချာလှတဲ့ ကမ္ဘာထဲမှာ မရေရာလှတဲ့ အန္တရာယ်တစ်ခုခု အချိန်မရွေး ရောက်လာတတ်တယ်ဆိုတာကတော့ လူတိုင်းအတွက် တူညီတဲ့အရာသာ ဖြစ် တယ်။ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ၊ နိုင်ငံကြီးငယ် မဟူ ဘေးဆိုးကပ်ဆိုး တွေ့စေနိုင်သလို လူမျိုးဘာသာ ဆင်းရဲချမ်းသာ မကွဲပြားပဲ မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်းမှာပဲ ဆင်းရဲဒုက္ခနဲ့ တိုးစေနိုင်ကြောင်းကိုလည်း မြင်တွေ့ကြားသိနေကြရ ပါပြီ။
ဒီတော့ ဖရိုဖရဲ ပြိုကွဲအောင် ဖြိုခွဲတတ်တဲ့ ဘေးအန္တရာယ်ဆိုးတွေကတော့ အချိန်မရွေး လာနေဦးမှာ။ ဒီအန္တရာယ်တွေ မကျရောက်လာနိုင်စေဖို့ တားဆီးနိုင်တဲ့စွမ်းအားဆိုတာလည်း လူသားတွေမှာက တကယ်ဆို တော့ မရှိနိုင်ဘူးလေ။ မရှိနိုင်တဲ့စွမ်းအားအတွက် မျှော်မှန်းတမ်းတ မနေပဲ တတ်နိုင်တဲ့စွမ်းအားကို ဖြည့်ဖြစ်ကြဖို့ လိုမယ်လို့လည်း တွေးမိပါတယ်။ ဒါကြောင့် ဒီလိုအန္တရာယ်တွေနဲ့ ကြုံရတဲ့အခါမျိုးမှာ ရုပ်ဒဏ်ရာတွေအပေါ်မှာ စိတ်ဒဏ်နာတွေပါ ထပ်မသင့်နိုင်စေဖို့ ခံနိုင်ရည် စိတ်အားသတ္တိတွေ ကြိုတင်ကာ လေ့ကျင့်မွေးမြူထားဖို့လိုပေ လိမ့်မယ်။
နောက်ပြီးလည်း ပြိုပျက်တတ်တဲ့သဘောတွေ ပြိုပျက်တာ သဘာဝပါလို့ဆိုခဲ့ဘူးတဲ့ သင်ယူခဲ့ဘူးတဲ့စာပေလာ ဂုဏ်သရေရှိ အမျိုးသမီးကြီးတစ်ယောက်အကြောင်းက စိတ်ထဲမှာ ပေါ်လာတယ်။ သူ့အမည်က မလ္လိကာ-တဲ့။ ခင်ပွန်းက ဗန္ဓုလ စစ်သူကြီး။ ဗန္ဓုလက အခြွေအရံလည်းများ။ တရားမှုကိုလည်း ချစ်တတ်သူမို့ မတော်မတရား အရာရှိတွေရဲ့ အမုန်းတရားကို ခံရသူတစ်ဦးပေါ့။  တရားပြည့်သူ မရှိပါမှ တရားမရှိသူတွေအတွက်က အခြေ လှမှာမို့ ဗန္ဓုလနဲ့ သူ့ရဲ့သားတွေ သေစေကြောင်းကို စုပေါင်းပြီး ကြံစည်ကြတယ်။
ဒီတော့ အာဏာရှိသူ ဘုရင်ကို နာကျင်ခံခက်စေမယ့် “ဗန္ဓုလဟာ မင်းကြီးရာထူးကို စိတ်ကူးနေတယ်”ရယ်လို့ ဂုန်းတိုက်စကား ဆိုခဲ့ကြတယ်။ ကောသလဘုရင်ကလည်း ဆင်ခြင်ဉာဏ်ကင်းမဲ့သူလေ။ သူ့ပလ္လင် လှုပ်မယ်ဆိုတော့ ဗန္ဓုလနဲ့ သူရဲ့သားတွေ သေစေကြောင်း ရံရွေတော်အမိုက်တွေနဲ့ ပေါင်းရတော့တာပေါ့။ ပူးပေါင်းကြံစည်တဲ့ သူတို့အကြံအောင်မြင်လို့ ဗန္ဓုလနဲ့ သားတော်တွေ အားလုံးသေကြေကြရတယ်ပေါ့။ တကယ်တော့ အပြစ်မဲ့သူတွေရဲ့ အသက်ဆုံးရှုံးခြင်း ပါ။
ဒီသတင်းဆိုးက ဗန္ဓုလကတော် သားတို့မိခင် အိမ်ရှင်မ မလ္လိကာထံကို မနက်စောစောကပဲ သတင်းစကား စာ ရောက်လာတယ်လေ။ သို့ပေမယ့် ဒီမနက်မှာက အရှင်သာရိပုတ္တရာ အမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းကပ် မှာမို့ သတင်းစကားကို ရင်မှာအသာထားပြီး ပြုဖွယ်ကိစ္စတွေကို ဣနြေ္ဒရရပဲ ဆက်လက်ဆောင်ရွက်နေခဲ့ပါ တယ်။
သံဃာတော်များအတွက် ဆွမ်းပြင်နေစဉ်မှာပဲ တစ်ယောက်က မတော်တဆ လက်က ထောပတ်အိုး လွတ်ကျ တယ်။
ဒီတော့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဆွမ်းအမ မလ္လိကာကို “မလ္လိကာ ကွဲတတ်တဲ့ သဘောတရားမို့ ကွဲတာဟာ အဆန်းမဟုတ်ပါဘူး။ ဘာမှ အထူးအထွေ စဉ်းစားမနေပါနဲ့” လို့ မိန့်ကြားပါတယ်။
ဒီတော့ မလ္လိကာက ရင်ခွင်ကြားထိုးထားတဲ့ သတင်းစကားစာကို ထုတ်ပြပြီး “မှန်လှပါ ဆရာတော်ဘုရား။ တပည့်တော်မရဲ့ ချစ်လှစွာသော သားတွေနဲ့ လင်တော်မောင် ခေါင်းဖြတ်အသတ်ခံရတဲ့ အကြောင်းကြားစာကို ခုမနက်ပဲ ရခဲ့ပါတယ်။ ဒီသတင်းကြားခဲ့ရတဲ့အချိန်ကတောင်မှပဲ တပည့်တော်မအနေနဲ့ အထူးတုန်လှုပ်မှု မရှိခဲ့ပါ ဘူး။ ခုလို ထောပတ်အိုး ကွဲတာလောက်အတွက်နဲ့တော့ ဘယ်မှာ အထူးတလည် စဉ်းစားကြံစည်တာမျိုး ရှိပါ့ မလဲ ဘုရား…” လို့ လျှောက်ထားခဲ့ပါတယ်။
ဒီအကြောင်းအရာလေးဖတ်ရစဉ်က မလ္လိကာရဲ့ စိတ်ထားကို အားကျလေးစား ဖြစ်မိခဲ့လိုက်တာ။ တကယ်ဆို သားတွေသေ၊ လင်လည်းဆုံး။ အပူလုံးကြွပြီး ယူကြုံးမရ ဖြစ်နေရမည့်အချိန်မျိုးမှာ တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့ တဲ့ သူမရဲ့ စိတ်ဓာတ်မျိုးကိုလည်း ပိုင်ဆိုင်ချင်လိုက်ခဲ့တာ။ ဒါဟာ ဓမ္မရဲ့ စွမ်းရည်အလှတွေ ဖြစ်မှာပဲရယ်လို့လည်း မျှော်တွေးမှန်းဆ ဆင်ခြင်နေခဲ့မိတာ။
ဗုဒ္ဓကတော့ ဘဝခန္ဓာကို အိမ်အိုတစ်ခုအလား ဥပမာပေးထားတယ်။ အိမ်ဆိုတာတောင်မှ ခိုင်ခိုင်ခန့်ခန့် အိမ်မျိုး မဟုတ်ပဲ ရွက်ဖျင်တဲတစ်လုံးလို လေတိုးမခံ၊ မိုးဒဏ်မခန့်တဲ့ အိမ်လေးမျိုးသာ ဖြစ်မှာပါ။ ဘဝဆိုတာက ဇရာ မရဏလေမိုးတွေရဲ့ တွန်းတိုးမှုကို ခံနိုင်တာမျိုးမှ မဟုတ်တာ။ တကယ့်ကိုမှ ယိုင်ယဲ့ယဲ့လေးမျှသာ။ ပြိုလုဆဲဆဲ တဲငယ်တစ်လုံးမျှ ပမာ။ ကွဲပျက်တတ်တဲ့သဘောမို့ ကွဲပျက်ခဲ့လေတာ။ သေဆုံးတတ်တဲ့သဘောမို့ သေဆုံးခဲ့လေတာ။ တကယ်တော့ ဒါတွေဟာ ဖြစ်စဉ်တစ်ခုအတွင်းက မဆန်းလှတဲ့ သဘာဝတွေသာပါ။
ဒီကွဲကြေမှုတွေ၊ သေဆုံးမှုတွေနဲ့ ကိုယ် တွေ့ကြုံလာရတဲ့အခါမျိုးမှာ ဘယ်လိုစိတ်ထားနဲ့ ရင်ဆိုင်မလဲ။ ရင်ဆိုင်နိုင်စွမ်းရှိတဲ့ ရင့်ကျက်တဲ့ စိတ်ထားကို တော့ သဘာဝတရားက အလိုလိုပေးလာမယ် မဟုတ်ပေဘူး။ ကိုယ်တိုင်ကြိုတင်ကာ မွေးယူလေ့ကျင့်ထားရ မယ့် တရားသာဖြစ်တယ်။ အလေ့အကျင့်ကနေ ထွက်ပေါ်လာတဲ့ အသီးအပွင့်စိတ်ထားကို သဘာဝတရား တစ်ခုဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရပေလိမ့်မယ်။
ဘယ်လိုပင် ဇရာဆိုတဲ့ အိုခြင်းတရား၊ မရဏဆိုတဲ့ သေခြင်းတရားက ကိုယ့်တံခါးကို လာခေါက်ပါစေ။ ကိုယ့် အိမ် တံခါးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ဧည့်သည်ကို ပျူငှါစွာဆီးကြိုနိုင်တဲ့စွမ်းအား ကိုယ့်မှာသာ ရှိထားရင် မလ္လိကာဆိုတဲ့ ဂုဏ်သရေရှိ မြတ်မိခင်ကြီးလို တည်ငြိမ်စွာ ကြိုဆိုနိုင်မှာပဲလို့လည်း ယုံကြည်မိပါ တယ်။
ပြောပလောက်အောင် တန်ဖိုးမရှိတဲ့ ကားထားရာ ရွက်ဖျင်တဲဟောင်းလေးကို ပြိုကွဲအောင် ဖြိုခွဲခဲ့တဲ့ လေမိုး ကြမ်းကြမ်းက လောကဓံမုန်တိုင်းနဲ့ ကြုံလာရင် ခံနိုင်ရည်စွမ်းအားတွေရှိနေစေဖို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ် ဆိုတဲ့ တန်ဖိုးအနဂ္ဃရှိလေတဲ့ ဘဝအသိကို သတိပြုမိစေဖို့ ထပ်ခါသတိပေးလေတဲ့အတွက် မုန်တိုင်းကို ကျေးဇူး တင်မိပါတယ်။
ကားဟောင်းလေး လဲလျောင်းမှီခိုရာ ရွက်ဖျင်တဲလေးရဲ့ လေးနှစ်နီးပါးကြာ ခိုင်ခန့်နေမှုအတွက် လည်း ကျေးဇူးစကား ဆိုရပါလိမ့်မယ်။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts