>Maung Lu Yay – Blessing in Burma 26

>

မင်္ဂလာနှင့် နိုင်ငံရေး  ၂၆ (ဇာတ်သိမ်း)
မောင်လူရေး
မတ် ၂၄၊ ၂၀၁၁
အရိယသစ္စာနဒဿနမင်္ဂလာ= သန့်စင်သောအမှန်တရားကို သိနားလည်ခြင်းသည် မင်္ဂလာ။
မြတ်စွာဗုဒ္ဓက အမှန်တရားကို လေးမျိုးထုတ်ပြသည်။
ယင်းတို့မှာ-
ဒုက္ခသစ္စာ = ဆင်းရဲသောအမှန်တရား။
ထိုဆင်းရဲသောအမှန်တရားများကား များပြားလှချေသည်။
ဤတိုင်းပြည်၌ရှိသောဆင်းရဲသည် အခြားတိုင်း ပြည်၌ရှိသောဆင်းရဲထက် ကွာလတီကောင်း၏။
မွေးဖွားခြင်း ဆင်းရဲ= မွေးဖွားခြင်းသည် ပင်ကိုယ်ကပင် ဆင်းရဲနေပြီးသားဖြစ်၏။
ရွှေဝါပြည်၌ မွေးသောအခါ ပိုဆင်းရဲရှာတော့သည်။
အရပ်လက်သယ်နှင့်မွေးပြန်လျှင်လည်း ကလေးရော လူကြီးပါအန္တရာယ်များသည်။ သားဖွားဆရာမကလည်း ဘာမှသာ အာမမခံနိုင်တာ ဈေးကတော့မသေးချေ။ ဆေးရုံသွားမည်ဆိုတော့လည်း ကုတင်တစ်ခုဘဲ ယူမသွားရတာ၊ ကျန်တာအကုန်ဝယ်၊ ပိုးပေါင်းတစ်ရာလည်းကူးစက်နိုင်သေးသည်။ အထူးကုဆေးခန်းကတော့ သာမန်သူများမဟုတ်၊ တော်ရုံတန်ရုံသူများပင် မျက်စောင်းထိုးရဲသော အရာမဟုတ်။ လှတောသားပြောသလို ပိုက်ဆံတွေ ဇီးကုန်းဖျာလိပ်လိပ်သလို ယူသွားရတယ်၊ စိန်ပန်းရွက်သပ်ချသလို ကုန်သွားတာဘဲ ဖြစ်သွားမည်။
နာမှုသည်လည်း စပယ်ရှယ်ဆင်းရဲပင်။
ဗမာငွေတစ်သောင်း နှစ်သောင်းမတတ်နိုင်လို့ သေသွားသူတွေ မရေမတွက်နိုင်။ ထိုသူတို့ကို ကူညီမည့်သူဆိုလျှင် စောင့်ကြည့်၊ ခြိမ်းခြောက်၊ နှေင့်ယှက်၊ ဖမ်းဆီး၊ ထောင်ချပြုကြသောကြောင့် ထိုသူတို့မှာ ကူညီသူမဲ့သည့်ဒုက္ခပါ ထပ်ဆောင်းခံရသေးသည်။ မန္တလေးတွင် ဆင်းရဲသားများကို အလကားကုပေးမည့်ဆေးရုံကြီးပေါ်ပေါက်လာရေးကိစ္စမှာ အဲဒီတုန်းက တိုင်းမှုးကတော် ဒေါ်တင်လင်းမြင့်ကြောင့် ပျက်သွားသည်ဟု ကြားဘူးသည်။
မြန်မာပြည်၌ HIVစသောကူးစက်ရောဂါမျိုးစုံ အင်နှင့်အားနှင့် ထွားကျိုင်းနေသည်။ တောရပ်ဒေသများထိ ပညာပေးရေး၊ ကူညီ ကုသစောင့်ရှောက်ပေးရေး လွန်လွန်းကဲလွန်းလိုအပ်နေသည်။ ယခုဆိုရင် HIV/AIDSအများစုမှာ ကျေးလက်ကဖြစ်နေသည်။ ရွှေ့ပြောင်း လုပ်သားများလွန်းတာရယ်၊ ပညာပေးလုံးဝမရှိတာရယ်ကြောင့်ဖြစ်သည်။ လုပ်ကြကိုင်ကြမည့် ပြည်တွင်း ပြည်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ပေါင်းများစွာရှိသည်။ ထိုသူတို့ကို လုပ်ခွင့် ကျယ်ကျယ်ပြန့်ပြန့်မပေး။
အခုတော့ နာမှုဆင်းရဲကြီးသည် တတိုင်းပြည်လုံးကို မုန်တိုင်းဝိုင်းသလို ဝိုင်းလာနေပြီ။ အစိုးရကိုယ်တိုင်လည်းမရှင်းနိုင်။ ရှင်းဖို့လဲ စိတ်မဝင်စား။ ဒို့မပြုတ်ရေး ဒို့အရေးဘဲ လုပ်နေကြသည်။
မြန်မာပြည်၌ Bပိုးရှိသူမှာ ဂ-ယောက် ၁-ယောက်နှုံးလောက် ဖြစ်နေပြီ။ HIVရှိသူအရေအတွက်လည်း မှန်းဆရခက်နေပြီ။ ကြောက်စရာကောင်းတာက ရောဂါပိုးတော်တော်များများဟာ ဆေးယဉ်ပါးကုန်ကြပြီ။
သေမှုဆင်းရဲ=သေဖို့လဲ မလွယ်ပေ။
သက်သက်သာသာနေခွင့်မရှိတော့ သက်သက်သာသာသေခွင့်ရဖို့ တကယ် မလွယ်ကြချေ။  တချို့တိရစ္ဆာန်ဘဝတွေကို အထင်ကြီးပြီးသေသွားကြရသည်။ မနုဿတ္ထဘာဝ ဒုလ္လဘ ကို သံသယဖြစ်ပြီး သေသွားကြရသည်။ ကျန်ရစ်သူတွေဒုက္ခကလည်းမသေး။ လွမ်းရ ဆွေးရ ပူရ ပန်ရ၊ အသုဘစရိတ်ရှာရ ဖွေရ၊ ဒီဒုက္ခတွေကို ကိုယ်ချင်းစာပြီး နာရေးကူညီဖို့ ဗြဟ္မစိုရ်စိတ်ထားရှိသူတွေက ဗြဟ္မစိုရ်အသင်းထောင်တော့ ထိုသူတွေကို နှောင့်ယှက်သည့်လူတွေကြောင့် အကူအညီကို ချောချောမွေ့မွေ့ ပြည့်ပြည့်ဝဝမရကြနှင့် ဒုက္ခတွေကတော့ စုံလွန်းလှသည်။
အော် မြန်မာပြည်အရေးများ ကြိုတွေးပြီးဟောခဲ့လေသလား ထင်ရသည်။
မနှစ်သက်ဖွယ်ပုဂ္ဂိုလ်၊ အော့နှလုံးနာ ဖွယ်အခြေအနေတို့နှင့် ဆုံဆည်းရခြင်း ဆင်းရဲ = ကိုယ်မဲမထဲ့ရဘဲ အမတ်ဖြစ်၊ ကိုယ်မလေးစား မကြည်ညိုသူတွေ အတင်း အဓမ္မအုပ်ချုပ်နေသည့်ခေတ်ထဲ လူဖြစ်ရသည့်ဒုက္ခ မသေးကြောင်း ကောင်းကောင်းသဘောပေါက် လေပြီ။
နိုင်ငံရေးမိသားစုများအခံရဆုံးဆင်းရဲကတော့ ချစ်ခင်မြတ်နိုးရသူ၊ နှစ်သက်ဖွယ် အခြေအနေတို့နှင့် ခွဲခွာကွေ ကွင်းရခြင်းဆင်းရဲတည်း။
အမှန်တရားလိုလားသူတိုင်း ခံစားရသည့် စိတ်ဒုက္ခကြီးပါပေ။ ကိုယ်ချင်းစာစိတ်ရှိသူ တိုင်း ခံစားတတ်သည့် စိတ်ဒုက္ခဆိုးကြီးပါပေ။
လိုချင်သည်ကို မရခြင်းဆင်းရဲ= ဘဝတလျောက်လုံးရင်းပြီး သဘောပေါက်ရသည့် ဒုက္ခကြီးပါပေ။
အချိန်ရှိသမျှ တဆစ်ဆစ်ကိုက်ခဲနေသည့် ဒုက္ခကြီးလည်း ဖြစ်၏။ ဒီဆင်းရဲနှင့်တွဲလျက် သေဆုံးသွားကြသည့် တိုင်းချစ်ပြည် ချစ်တွေ အာဇာနည်တွေ အများအပြားပင်။
အပြောင်းအလဲကြောင့်ဖြစ်သော ဆင်းရဲ = ဒီဆင်းရဲကတော့ ဘောင်းဘီချွတ်ခံလိုက်ရသူများနှင့် သူတို့၏ ကတော်များ သားသမီးများ ဆွေမျိုးများ ပါတနာများ အသိဆုံးဖြစ်၏။ ယင်းတို့၏ပျော်ရွှင်မှုသည် အပြောင်းအလဲ ဟူသောအခြေအနေဆိုးပေါ်တွင် တည်ရှိနေပေသည်။
ထိန်းချုပ်ခံအခြေအနေအောက်မှ ဆင်းရဲ= ဒီဆင်းရဲကတော့ ပြောဖွယ်ရာမရှိချေ။
ဒီဆင်းရဲသည် တစတစနှင့် တတိုင်းပြည်လုံးအတိုင်းအတာနှင့်ဆင်းရဲရေးကို ဦးတည်သွားပေသည်။ အခု တတိုင်းပြည်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ပညာဆင်းရဲ အကျင့်ဆင်းရဲ ငရဲတွင်းထဲကျနေကြပေပြီ။  
ဤအရာတွေသည် အမှန်တရားဖြစ်သည်။ ဆင်းရဲသော အမှန်တရားများဖြစ်ကြသည်။
သမုဒယသစ္စာ = ဤဆင်းရဲတွေကိုဖြစ်စေသည့်အကြောင်းရင်းအမှန်တရားကတော့- အာဏာကိုတွယ်ဖက်ထားမှုပင်ဖြစ်သည်။
အာဏာနှင့် ရူးသွပ်နေမှုပင်ဖြစ်သည်။
၉၀ ရွေးကောက်ပွဲနိုင်သူကို အာဏာလွဲမပေးခဲ့မှုပင်ဖြစ်သည်။ အာဏာမရှိတော့လျှင် မနေရဲတော့လောက်အောင် ပြုမူထားမှုများပင် ဖြစ်သည်။
နိရောဓသစ္စာ = ဆင်းရဲများချုပ်ငြိမ်းမှု အမှန်တရား = ဤသည်မှာ အာဏာဆုပ်ကိုင်မှု၏နိဂုံး၊ တရားမျှတစွာ နည်းလမ်းမှန်ကန်စွာ အာဏာရယူမှုတို့တည်း။
မဂ္ဂသစ္စာ = ဆင်းရဲချုပ်ငြိမ်းမှုသို့ ဦးတည်သောလမ်းစဉ်အမှန်တရား = မြန်မာ့နိုင်ငံရေးတွင် သက်ဆိုင်သူများ အားလုံးညှိနှိုင်းဆွေးနွေးတိုင်ပင်ကြခြင်း၊ ကုလသမဂ္ဂကသတ်မှတ်ထားသော လူ့အခွင့်အရေးများကို လေးစား လိုက်နာခြင်းတို့တည်း။
အားလုံးသည် နိုင်ငံသားများဖြစ်ကြသည်။ တစ်ဦးချင်းစီ၏ လူ့အခွင့်အရေးလေးစားမှုက နိုင်ငံ၏ဆင်းရဲချုပ်ငြိမ်းမှုဆီသို့ ဦးတည်နေမည်မှာ မလွဲပါတည်း။
လူ့အခွင့်အရေးလေးစားသူများသည် သန့်စင်သောသူများဖြစ်ကြသည်။
သန့်စင်သောသူများသာ သန့်စင်သော အမှန်တရားကို သိနားလည်နိုင်မည်။
သို့မှသာ နိဗ္ဗာသစ္ဆိကိရိယာမင်္ဂလာဖြစ်ပေါ်ကာ သာယာရွှေပြည် သန့်စင်ကြည်နိုင်ငံတော်သို့ ရောက်ပေတော့မည်။
နကမ္ပတိမင်္ဂလာ = လောကဓံတရား = လောက၏ တွေ့ရဆုံရမည့် အလားအလာ = ထိုလောကဓံတရားများသည် ကျွန်ုပ်တို့ဘဝ၏အစိတ်အပိုင်းများဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုလောကဓံတရားများကို တည်ငြိမ် စွာ ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားတာ မင်္ဂလာ။
ကျွန်ုပ်တို့နိုင်ငံ၌ ကြုံတွေ့နေရသော အခြေအနေဆိုးများကို တည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်မည်ဆိုလျှင် မင်္ဂလာဖြစ် ပါလိမ့်မည်။
အသောကမင်္ဂလာ = တိုင်းရေးပြည်ရာနှင့်ပတ်သက်၍ ပူဆွေးမှု၊ ငိုကြွေးမှု၊ နာကျင်ခံခက်မှု၊ စိတ်ဆင်းရဲရမှု၊ စိတ် ပျက်လက်မှိုင်ချမှုတို့ ကင်းရှင်းတာ မင်္ဂလာဖြစ်ပါသည်။
ဝိရဇံမင်္ဂလာ = အညစ်အကြွေးကင်းသည့် နိုင်ငံတော်ဖြစ်တာမင်္ဂလာ။
တိုင်းပြည်ဘဏ္ဍာ အများဟာ ကိုယ့်ဟာမှတ်သည့် အလိုရမ္မက်များ၊
အတိုက်အခံများကို မုန်းတီးနေမှုများ၊ 
ဘယ်သူ့မှ မယုံတတ်သည့် သံသယများ၊
ငါတို့ကလွဲရင် တိုင်းပြည်ကို အုပ်ချုပ်တတ်သူမရှိ တိုင်းပြည်ကိုငါတို့ လောက်ဘယ်သူမှမချစ်ဟု အထင်ရောက်နေမှုများ၊
ကိုယ့်ကိုယ်ကို တိုင်းပြည်၏ကယ်တင်ရှင်ဟု ထင်မြင်နေမှု များ၊
အာဏာရရေးအတွက် ဘယ်လိုမကောင်းမှုမျိုးမဆို ပြုမှုများ၊
အာဏာရရေးအတွက် ဘာမဆိုလုပ်သင့်သည်ဟူသည့် မှားယွင်းသော သုံးသပ်ချက်များ၊ မငြိမ်သက်မှုများ၊ စသည်တို့သည် အညစ်အကြေးများဖြစ်သည်။
ထိုအရာများရှိနေလျှင် သန့်စင်သောနိုင်ငံတော်မဖြစ်နိုင်။
သန့်စင်သောနိုင်ငံတော်ဖြစ်မှ နိုင်ငံသားတိုင်းသည် အပြည့်အ၀လုံခြုံစိတ်ချမှုရှိမည်။ အပြည့်အ၀ လုံခြုံစိတ်ချရမှု ရှိခြင်းကို ခေမမင်္ဂလာရှိသည်ဟုဆိုပါသည်။ ခေမမင်္ဂလာသည် အမြင့်မြတ်ဆုံးကောင်းခြင်းမင်္ဂလာဖြစ်ပါ သတည်း။
မင်္ဂလာတရားများနှင့်ပြည့်စုံသောနိုင်ငံတော်ကို ခေမရဌ်ဟုခေါ်ပါသည်။
ခေမရဋ္ဌ=ခေမရဌ်။
ဤတွင်၍ မင်္ဂလာနှင့် နိုင်ငံရေး ပြီးပြီ ဖြစ်သည် လတည်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts