>Aung Tha Nge’s poem – 17

>

ကျနော့် ဧဒင်
အောင်သာငယ်
မတ် ၁၈၊ ၂၀၁၁
ပန်းသီး သီးတဲ့ အပင်တွေ
ကျနော့် ဥယျာဉ်ထဲမှာ … မရှိပါဘူး … မေမေ …
(ဘာလို့လဲဆိုတော့ …
ပန်းသီးတလုံးအတွက်နဲ့
ကျနော့်ရဲ့ နံရိုးတချောင်း
ကျနော့်ကိုယ်ပေါ်က ပျောက်ရှသွားစရာ မကောင်းဘူး မဟုတ်လား … )
ကျနော့် အိမ်တံခါးဝမှာ
လိမ္မော်ရောင် ရှဥ့်ကလေး နှစ်ကောင်ကို
ထောင်ထားလိုက်ရရင် ကောင်းမလားမေမေ …
(တကောင်က အထီး တကောင်က အမပေါ့ …
သူတို့ကို ထောင်ထားလို့တော့ ရမှာ မဟုတ်တာ သေချာတယ် …
သူတို့က ပြေးချင်ရာ လျှောက်ပြေးနေကြမှာ မြင်ယောင်သေး)

ဒါမှ မဟုတ် …
အပြာရောင် အဆိပ်ပြင်း ရေဘဝဲတကောင်ကို
ကျနော့် အိမ်ခေါင်မိုးမှာ တပ်ထားမယ် …
(ဘာမှ မဟုတ်ပါဘူး …
ကျနော့် အိမ်ပေါ်မှာ
ကျီးကန်းတွေ လာမနားစေချင်လို့ …)
ကျနော့် ဧည့်ခန်းထဲမှာတော့ …
အနက်ရောင် သာလိကာတကောင်ကို
အိမ်စောင့် လုပ်ကို လုပ်ခိုင်းရမယ် …
(လူယုတ်မာ တကောင် လာနေပြီ…
သူတော်စင်အယောင်ဆောင်တွေ လာနေပြီ…
စသည်ဖြင့် အော်ခိုင်းမလို့ …)
ကျနော့် ခြံဝင်းထဲမှာတော့
အဲန်နာကွန်ဒါမြွေကြီးတွေ
ကျနော် လွှတ်ထားမယ် မေမေ …
(ကျနော့် အိမ်ကလေးထဲမှာ
မြွေသေးသေးလေးတွေကို မမြင်ချင်လို့ပါ …
တခြား ဘာအကြောင်းမှ မရှိဘူး …)
ကျနော့် အိပ်ခန်း မှောင်မှောင်လေးထဲမှာတော့
ငါးကလေး တကောင်ပဲ ကျနော် မွေးထားမယ် မေမေ …
(သူ့ ဖန်ပေါင်းချောင်ကလေးထဲကနေ
ကျနော့်ကို သူ မော့ကြည့်နေတာကို
ကျနော်က ပြန် ငုံ့ကြည့်ချင်နေတာမျိုး …)
ကျနော့် ဂစ်တာ ၇ လက်အပေါ်မှာ
သံကြိုးတွေအစား
လိပ်ပြာ ဖြူဖြူလေးများကိုသာ
တပ်ထားပါရစေတော့ မေမေ …
(ဘာလို့ဆို …
ဂစ်တာတွေအပေါ် ကျနော် ငိုကြွေးတဲ့အခါ …
သူတို့ လွတ်လပ် လှပစွာ ပျံသန်းနိုင်ကြမှာမို့လို့ပါ …)
ကျနော့် ကဗျာတွေကြားထဲမှာလည်း
သိုးမဲတွေကို ကျနော် ညှပ်ထည့်ထားခဲ့တယ် …
(ဘုရားကျောင်းရဲ့ ခေါင်းလောင်းကလေးတွေ မြည်လာစေဖို့ပါ …
တခြားသော ရုတ်ရုတ်သည်းသည်း ရည်ရွယ်ချက်မျိုးဆိုတာ
ကျနော့်မှာ ဘယ်လိုမှကို မရှိခဲ့ပါဘူး … မေမေ …)
ကျနော့် ဧဒင်ထဲမှာ
ကျနော် ငိုကြွေးတဲ့အခါ …
ကျနော့်အနားမှာ
ကျနော့် ငါးကလေး တကောင်များ ရှိနေမလား …
ကျနော် မသေခင်မှာ
သေချာသွားချင်တယ် … မေမေ …။ ။
သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts