>Ma Thitsar – The Cat and The Man,

>

လူနဲ့ ကြောင် ဘယ်သူသာပါလိမ့်
မသစ္စာ
မတ် ၁၈၊ ၂၀၁၁
ကျွန်မ Facebook ကို သူငယ်ချင်းတွေရဲ့ အသံကိုကြားဖို့ အတွက်ပဲ သုံးဖြစ်တာများပါတယ်။ သူငယ်ချင်းတွေ ဓာတ်ပုံတွေဝင်ကြည့် comments လေးတွေ ရေး ဒီလောက်ပါပဲ။ အချိန်မရတာလဲ ပါမှာပေါ့လေ။ ဒါပေမယ့် အခုတလော ရင်ထဲက ခံစားချက်ကို စာအနေနဲ့ ချရေးချင်လာတဲ့စိတ် ဖြစ်လာတယ်။ (ဖြစ်နေတာက ကြာပါပြီ)။  ဘယ်မှာချရေးရင် ကောင်းမလဲ စဉ်းစားတော့ Facebook ရဲ့စာမျက်နှာပဲ ပြေးမြင်မိတယ်။  ရေးချင်မိတဲ့ အကြောင်းလေးက ဒီလိုပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလလောက် ကပေါ့။ ကျွန်မတို့အိမ်ကို ကြောင်လေး သုံးကောင် ရောက်လာခဲ့တယ်။ နို့ပြတ်ပြီ ဆိုပေမယ့် တော်တော်ကို ငယ်ပါသေးတယ်။ အိမ်က သမီးနှစ်ယောက်ကတော့ နို့ခွက်တစ်ခု၊ ဇွန်းတစ်ချောင်းနဲ့ နို့တိုက်တဲ့အလုပ်ကို တက်ကြွစွာ ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း အမဲရောင် အရုပ်ဆိုးဆိုး တစ်ကောင်သာ ရှင်ပါတယ်။ အဲသည်ကြောင်လေးကို ကျွန်မကတော့ “သောင်းတန်” လို့ ချစ်စနိုးနဲ့ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆေးကုသစရိတ်က သောင်းနားနီးလာလို့လေ။ သူတစ်ကောင်ထဲမို့ အဖော်ရအောင်ဆိုပြီး ဦးလေးက ကြောင်မိသားစုတစ်စု ခေါ်လာပြန်ပါတယ်။ ကျွန်မရဲ့ဇာတ်လမ်းက အခုမှ စတာပါ။
ကျွန်မတို့အားလုံး သောင်းတန်လေးအတွက် စိုးရိမ်ကြပါတယ်။ ကြောင်အရွယ်ကလည်း လက်သီးဆုပ်သာသာ။ အခုလာတဲ့ ကြောင်မကြီးနဲ့ ဘယ်လိုများ ဖြစ်မလဲလို့ပေါ့။ ကျွန်မရဲ့ သောင်းတန်လေးက အရွယ်ကသာသေးပေမယ့် ခေသူတော့ မဟုတ်ရှာပါဘူး။ ကြောင်အမေကြီးကို စတင်နှုတ်ဆက်ပုံက အမွှေးများ ထောင်ပြီး မာန်ဖီလို့ပါ။ ကျွန်မတို့ မိသားစုအားလုံး သူ့ကိုကြည့်ပြီး ခက်တော့နေပါပြီလို့ တွေးမိနေကြပါတယ်။ ကြောင်မကြီးက ကိုက်လိုက်လို့ကတော့ ဆိုပြီး စိုးရိမ်နေကြတာပါ။ ကြောင်မကြီးကတော့ မလောက်လေး မလောက်စား အကောင်လေးကို စိတ်ကူးထဲ ထည့်ပုံမရပါဘူး။ ဒါပေမယ့် အနားလည်း အကပ်မခံပါဘူး။ ဒီလို့နဲ့ ကြောင်များရဲ့ စစ်အေးတိုက်ပွဲဟာ ညနေတခု ကုန်ဆုံးသွားခဲ့ပါပြီ။
ညဘက်ရောက်တော့ ကြောင်မကြီးက သူ့ကြောင်လေးတွေ နို့တိုက်တော့တာပေါ့။ သောင်းတန်လေးကို ကြည့်တော့ သူပုံကြည့်ရတာ စိတ်ဝင်စားတယ် ထင်ပါရဲ့ ။ အဝေးကနေ ကွက်ကြည့် ကွက်ကြည့် လုပ်နေရှာတယ်။ ကျွန်မတို့အားလုံး သူ့အတွက် စိတ်မကောင်းကြပါဘူး။ သူလည်း သူ့အမေကို သတိရနေမလား။
သိပ်မကြာပါဘူး။ သောင်းတန်ကလေးရဲ့ စီကနဲအော်သံ ကြား ရပါတယ်။ ကြောင်အမေကြီးက ရိုက်လိုက်တယ်ထင်ပါရဲ့။  ဒါပေမယ့် ကြောင်လေးတွေ နို့စို့တဲ့နားက မခွာဘဲ ရစ်သီရစ်သီလုပ်နေ ပါတယ်။ သူလဲ နို့စို့ချင်ရှာပေမှာပေါ့လို့ ကျွန်မတို့အားလုံး သနားနေမိပါတယ်။ ကြောင်လေးကလည်း သနားစရာကောင်းစွာပဲ ကြောင်အမေကြီးကို ရင်းနှီးအောင် ပေါင်းရှာပါတယ်။
ကြောင်အမေကြီးကလည်း သူ့ဇွဲကြောင့်ပဲ ထင်ပါတယ်။ သူကို အနားကပ်ခံ လာပါတယ်။ နောက် သုံးလေးရက်အတွင်းမှာပဲ သူပါ ကြောင်မကြီးနို့ ၀င်စို့နေပါတော့တယ်။
သောင်းတန်လေးအတွက် ၀မ်းသာရပါပြီ။ သူ့အတွက် အမေကြောင်ကြီး အစားရသလို မောင်နှမတွေလည်း အများကြီး ရသွားပါတယ်။ သောင်းတန်လေးကလည်း အစ်ကိုကြီးပီပီ သိပ်ကို အားကိုးရပါတယ်။ ကြောင်မကြီး အပြင်ကပြန်လာရင်လည်း သူကပဲ ဆီးကြိုရှာပါတယ်။ အမေကိုပြန်ပြီး လျှာနဲ့ရက်ပေးရတာလဲ အမောပါပဲ။ အမေကြီးကလဲ ကြောင်မို့ အသိဥာဏ်မရှိလို့ ဆိုလည်း ကျွန်မမငြင်းသာပါဘူး ။ သို့သော် သောင်းတန်လေးကို သူ့သားသမီးတွေနဲ့ တန်းတူ ဘာမှကို ခွဲခြားခြင်း မရှိပါဘူး။
သူတို့ကို ကြည့်ရတာစိတ်ချမ်းသာသမျှ ည ၇ နာရီ “လောက၀င်္ကပါ”* လာရင်ဖြင့် စိတ်ထဲမှာမွန်း ကြပ်ကြပ် ခံစားရပါတယ်။ ကျွန်မဆိုလိုတာကို စာဖတ်သူများ ရိပ်စားမိလောက်ပါပြီ ။ လူတွေဟာ စဉ်းစားဆင်ခြင်တတ်ပါတယ်။ နားလည် ခံစားတတ်ပါတယ်။ ဥာဏ်ပညာထက်မြက်ကြပါတယ်။ အဲဒါကြောင့် ပိုပြီး အာဃာတတွေ၊ လောဘတွေ၊ အတ္တတွေ ပိုလာတယ် ဆိုရင်ဖြင့် လောကကြီးဟာ အကျည်းတန်ဖို့ပဲ ရှိပါတယ်။ ပိုပြီး လှပလာမှာမဟုတ်ပါဘူး။ ခွင့်လွှတ်ခြင်း၊ ချစ်ခြင်း၊ ဗြမ္မာစိုရ်တရားများ ပွားများနိုင်မှသာ လူသားတို့ရဲ့ဘ၀ကြီး လှပ သာယာနိုင်မှာပါ ။
ဘ၀အမောများပြေနိုင်ပါစေ။
(* – လောက၀င်္ကပါ တီဗီအခန်းဆက် ဇာတ်လမ်းရှည်ကား၊ ပြည်တွင်းပရိသတ်များ သိကြသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts