>Maung Maung One – Breaking Down the Online Media, Regime Way

>

အွန်လိုင်းမီဒီယာတွင် သပ်လျှိုခြင်း
မောင်မောင်ဝမ်း
မတ် ၁၅၊ ၂၀၁၁
          မနေ့က ကျနော့်သူငယ်ချင်းတယောက်က ဖုန်းဆက်တော့
“ ကိုမောင်မောင်ဝမ်း…အဆိုတော် ရဲလေးဓါးထိုးခံရပြီး သေတယ်လို့ သတင်း ကြားထားတယ်…ခင်ဗျားသိပြီးပြီလား”
“ အေး –ဖေ့ဘွတ်ပေါ်မှာတော့ သတင်းတင်ထားတာတွေ့တယ်…မှန်မမှန်တော့ မသိဘူး..နောက် ဧရာဝတီ အင်္ဂလိပ်ပိုင်းအစီစဉ်မှာလည်း မေဆွိသေပြီလို့သတင်းတင်ထားတယ်တဲ့”
အခုရက်ပိုင်းများအတွင်းမှာ လူထုကိုအုတ်အော်သောင်းနင်းဖြစ်သွားစေနိုင်မယ့် မမှန်မကန်သတင်းတွေကို ဧရာဝတီလို       ကျော်ကြားတဲ့ ၀က်ဆိုဒ်ကစလို့ ကမ္ဘာကျော်ဖေ့ဘွတ်(Facebook)စာမျက်နှာတွေပေါ်မှာပါ ပေါ်ထွက်လာတာတွေ့ရပါတယ်။
ချက်ခြင်းဆိုသလို ဧရာဝတီဝက်ဆိုဒ်ကတော့ သူတို့ဆိုဒ်ထဲကို ၀င်ဟက်ပြီး ရေးသားသွားတယ်ဆိုတဲ့အကြောင်း ရှင်းလင်းခဲ့ပါ တယ်။ ဒါတွေကတော့ အဆိုကျော်တွေဖြစ်ကြတဲ့ မေဆွိနဲ့ ရဲလေးသေဆုံးသွားပြီဆိုတဲ့ အကြောင်းတွေပါ။ မြန်မာလူထုအတွင်း မှာ ဘာပဲဖြစ်ဖြစ် ထူးဆန်းတဲ့ သတင်းတွေဖြစ်စေခဲ့တာ အမှန်ပါ၊ ရုတ်ရုတ်သဲသဲလည်းဖြစ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော့်အမြင်လေးတွေကို အတွေ့အကြုံအပေါ်အခြေခံပြီးတင်ပြချင်ပါတယ်။  
          ဒီကိစ္စတွေဟာသွေးရိုးသားရိုးပေါ်လာတဲ့ကိစ္စများလို့ ကျနော်မမြင်ပါဘူး။ ရည်ရွယ်ချက်ရှိရှိဦးတည်ဆောင်ရွက်နေတဲ့ အရာများလို့ ယုံကြည်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗိုလ်ချုပ်မူးကြီးကိုယ်တိုင်က မီဒီယာတွေရဲ့အခန်းကဏ္ဍအပေါ်မှာ စိုးရိမ်စိတ်ရှိပါတယ်။ နောက်တခါ တူနီးရှားလို နိုင်ငံကစလို့ အီဂျစ်၊ ယီမင် ၊လစ်ဗျား စတဲ့ နိုင်ငံတွေမှာ မီဒီယာအခြေပြု လူထုတော်လှန်ရေးများကလည်း အရှိန်ပြင်းပြင်း ရိုက်ခပ်နေလေတော့ စိတ်ဓါတ်စစ်ဆင်ရေးအရာရှိဘ၀က လာခဲ့တဲ့ ဦးသန်းရွှေ တစ်ယောက် စိတ်ဓါတ်စစ်ဆင်ရေးများကို အသုံးပြုနေတာလို့ပဲ တထစ်ချယုံကြည်မိပါတယ်။
ထူးဆန်းတာက ဒီကစ္စတွေဟာ လူကြိုက်များတဲ့ ဆိုဒ်တွေပေါ်မှာ စတင်ပြီး ပေါ်ထွက်လာခဲ့တာပါ။ ကျနော် တခါက ဖတ်ခဲ့ဘူးတဲ့ အကြောင်းအရာတစ်ခုကို သွားသတိရမိတယ်။ အင်မတန်မှမွှေးကြိုင်လှတဲ့ရေမွှေးကို အင်မတန်မှရွံ့စရာကောင်းလောက် အောင် ဘယ်လိုလုပ်မရမလည်းဆိုတော့ အဲဒီအထဲကို မစင်ပုတ်ရည်တွေများများ လောင်းထည့် ပစ်ရတယ် … တဲ့။ စဉ်းစားကြည့်ရ အောင်ပါ … ဧရာဝတီဆိုတာ အွန်လိုင်းစာမျက်နှာတွေအပေါ်မှာ အလွန်မှ လူကြည့်များတဲ့ ဆိုဒ်တခုဖြစ်ပါတယ်။ သတင်းဦး ပါတယ်။ သတင်းလည်းထူး ပါတယ်။ လူထုကလည်း စိတ်ဝင်တစားရှိလှပါတယ်။ ဒါကိုသိနေတဲ့ စစ်အာဏာရှင်များက ရည်ရွယ်ချက်ရှိရှိနဲ့ လူထုကို ဆိုက်ဝါး (စိတ်ဓါတ်စစ်ဆင်ရေး) နဲ့ အယုံအကြည်မရှိအောင် ဖြိုခွင်းပစ်လိုက်တာပါ။ ဧရာဝတီက ပေါ်ထွက်လာတဲ့ သတင်းတွေကို လူထုစိတ်ဝင်စားမှု လျှော့နည်း ပပျောက်သွားအောင်လုပ်နည်းတခုလို့ပဲ မြင်ပါတယ်။
နောက်တခုက ဒီနေ့လူငယ်ထုနဲ့ အွန်လိုင်းပရိသတ်များအကြား ရေပန်းအစားဆုံး Facebook ပါ။ ကျနော် အထက်မှာ တင်ပြခဲ့သလို အားလုံးနီးပါးလည်း သိပြီးသားပါ။ တူနီရှား၊ အီဂျစ်ကစလို့ နိုင်ငံတချို့မှာ လူထုတော်လှန်ရေး ဖြစ်ပေါ်ခဲ့တဲ့ အခြေခံအချက်လက်များကို အွန်လိုင်းမီဒီယာများနှင့် facebook , twitter တို့ကို အသုံးပြုလုပ်ဆောင်ခဲ့တယ် ဆိုတော့ မြန်မာနိုင်ငံကစစ်အာဏာရှင်များလည်း အဲသလောက်တော့ ညံ့မယ် မထင်ပါဘူး။ သူတို့လည်း သဘောပေါက်နေမှာပါ။ ဒါကို ဘယ်လို တန်ပြန်ရမလဲ ဆိုတာလည်း ကြိုတင်ပြင်ဆင်ပြီး ဖြစ်နေမှာပါ။
အခုကိစ္စတွေက စစ်အာဏာရှင်များကိုဆန့်ကျင်နေတဲ့ မီဒီယာလောကကို တန်ပြန်ထိုးစစ်ဆင်ခြင်းလို့ပဲ နားလည်ထားပါတယ်။ နောင်လည်းနံမည်ကြီးနဲ့ နံမည်ရ အွန်လိုင်းဝက်ဆိုဒ်များကို လူထုအယုံကြည်မရှိအောင် လုပ်နေဦးမယ်ဆိုတာ ကြိုတင်မျှော်လင့်လို့ရပါတယ်။ တခါက ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေတဲ့အချိန် စစ်ထောက်လှမ်းရေးအရာရှိတဦးလည်း ထောင်ကျလာတာနဲ့ ဆုံခဲ့ပါတယ်။ သူ့ဆီက… သိသင့်တဲ့အချက်လက်တချက်ကို သိခွင့်ရခဲ့ပါတယ်။ အဲဒီအထဲမှာ ကျနော်သတိထားမိတာက သူတို့ရဲ့သပ်ခွဲနည်းဗျူဟာတချို့ပေါ့။
ဥပမာ – အတိုက်အခံနိုင်ငံရေးသမားတဦး ထိုးထွက်လာပြီ၊ နံမည်ထွက်လာပြီဆို အရင်ဆုံး သူတို့လုပ်လေ့လုပ်ထရှိတဲ့အလုပ်ကတော့… နံမည်ပျက်အောင် လုပ်ခြင်းပဲ ဖြစ်ပါတယ်။ တခြားကိစ္စတွေထက် သူတို့နဲ့ပတ်သက်တယ် ဆိုတဲ့ သတင်းတွေကို လူတွေကြားမှာ ပြန့်သွားအောင် သူတို့ သတင်းပေးသူကတဆင့် လုပ်ဆောင်ပါတယ်။
အဲဒီတော့ အဲဒီအတိုက်အခံ နိုင်ငံရေးခေါင်းဆောင်ပဲ ဖြစ်ဖြစ်၊ ကျောင်းသားခေါင်းဆောင်၊ လူငယ်ခေါင်းဆောင်ပဲဖြစ်ဖြစ် သူတို့ကို လူထုက မယုံကြည်ရဲတော့ဘူး။ ဒီလိုနဲ့ နံမည်အဖျက်ခံလိုက်ရတဲ့ လူငယ်ခေါင်းတွေတချို့ ရှိခဲ့ပါတယ်။ တချို့ဆို ဒီဒဏ်တွေကိုမခံနိုင်လို့ နိုင်ငံရေးစည်းအပြင်ဘက် ရောက်သွားသူများလည်း အများကြီးပါ၊ ဒီလိုဖြစ်အောင်လည်း စစ်အာဏာရှင်များက စနစ်တကျ လုပ်ဆောင်နေတာကိုး။ အဖွဲ့အစည်းတခုရယ်လို့ ပေါ်ထွက်လာပြီဆို ထောက်လှမ်းရေးများက ချက်ခြင်း မဖြိုခွင်းပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ တတ်နိုင်သလောက် သတင်းတွေ လိုချင်သေးတာ ဆိုတော့ ပထမ အဲဒီအဖွဲ့အစည်းထဲကို တယောက်နဲ့ တယောက် မယုံကြည်အောင်၊ မသင်္ကာဖြစ်အောင် နည်းမျိုးစုံနဲ့ လုပ်ဆောင်လိုက်ပါတယ်။ တစစီ ဖဲ့ထုတ်ပစ်လိုက်ပါတယ်။ ပြီးမှ တယောက်ချင်းဆီ “ဆွဲစားပစ်” လိုက်တဲ့ နည်းပါ။ အဲဒီ နည်းတွေနဲ့ မအောင်မြင်ဘူးဆိုကာမှ ထောင်ချတဲ့နည်းကို နောက်ဆုံး သုံးပါတယ်။
          ဆရာပါရဂူရေးသားထားတဲ့ “ဝေသာလီကျဆုံးခန်း” ဆိုတဲ့ ၀တ္တုကို ဖတ်ကြည့်စေချင်ပါတယ်။ အတိုက်အခံနိုင်ငံရေး လောကသားများ စံနမူနာယူစရာတွေ အများကြီး ပါ ပါတယ်။ ဒီအထဲက ပုံရိပ်လေးတချို့ ကျနော်မှတ်မိသလောက် တင်ပြရမယ်ဆို … ဝေသာလီပြည်ကို စစ်မတိုက်ယူဘဲ ပျက်စီးဆုံးရှုံးအောင်လုပ်ဖို့ အတိုက်အခံရန်သူဘက်က ကြိုးစားခဲ့ပါတယ်။ အဲဒီမှာ ပညာရှိအမတ်တယောက်ကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီ့ပညာရှိအမတ်က ဝေသာလီတိုင်းပြည်ဆီကို လက်နက်ချ အညံ့ခံ ၀င်ရောက်ခဲ့တယ်။ တဖက်တိုင်းပြည်ကလည်း ရန်သူနိုင်ငံက ပညာရှိအမတ်ဆိုတော့ သူ့ကို နေရာပေး ဆက်ဆံခဲ့တယ်လေ။ အဲဒီမှာတင် ပညာရှိအမတ်က သူ့စစ်ဆင်ရေးကို စတင်ခဲ့တယ်။
ဝေသာလီဘုရင်က သူ့ကို ညီလာခံတက်ခွင့်ပေးထားလေတော့ သူက ညီလာခံတက်ရောက်ခဲ့တယ်။ ညီလာခံဆိုတာ တိုင်းပြည်မှာရှိတဲ့ အရေးပါအရာရောက်သူတိုင်း စုဝေးလေရာနေရာ    ဆိုတော့ သူက ညီလာခံတက်ရောက်တဲ့အခါမှာ ပထမဆုံးစစ်သေနာပတိကို စတင်ပစ်မှတ်ထားခဲ့တယ်။ ညီလာခံအတွင်း အားလုံးစုဝေးနေတဲ့အချိန်မှာ သူက စစ်သေနာပတိနားကပ်ပြီး တိုးတိုးလေးမေးလိုက်တယ်။
          “စစ်သေနာပတိချုပ်ကြီး ကျန်းခံသာလို့ မာပါစွ” ဆိုတော့ စစ်သေနာပတိချုပ်ကြီးကလည်း ရိုးရိုးမေးတာဆိုတော့ ရိုးရိုးပဲ ပြန်ဖြေခဲ့တာပေါ့။  ဒီလိုနဲ့ နောက်ရက်တွေမှာလည်း အရေးမပါတဲ့ မိသားစုသာရေး နာရေးကိစ္စလေးတွေကို တိုးတိုး… တိုးတိုးနဲ့ ပြောဖြစ်ခဲ့ကြတယ်။ ဒါကို ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ ကျန်တဲ့သူတွေက သတိထားမိလာတယ်။ စစ်သေနာပတိချုပ်ကြီးကို မေးကြည့်တော့သူကလည်း အမှန်အတိုင်း ရိုးရိုးသားသားပဲ ပြန်ပြောပြတယ်။ ကျန်တဲ့သူတွေက ဘယ်လိုမြင်လာသလဲ ဆိုတော့ ဒီလောက်ကိစ္စလေးတွေအတွက် ဘာမှ တိုးတိုးတိတ်တိတ် တိုင်ပင်ပြောစရာမလိုပါဘူး၊  စစ်သေနာပတိချုပ်ကြီးဟာ ရန်သူဘက်က အလင်းဝင်လာတဲ့ အမတ်ကြီ်းနဲ့တိုင်ပင်ပြီး တခုခုကြံစည်နေပြီလို့ ယုံကြည်လာကြတယ်။ အမတ်ကြီးက နောက်ထပ်ခြေလှမ်းတလှမ်းတက်ပြီး စစ်သေနာပတိချုပ်အိမ်ကိုပါ ၀င်ထွက်သွားလာခဲ့တယ်။ စစ်သေနာပတိချုပ်ကြီးက သူ့စိတ် အခံကရိုးသားသူဖြစ်နေလေတော့ ဘာမှ မသိရှာဘူး။
          အဲဒီလို တယောက်ပြီး တယောက်လိုက်လုပ်လိုက်တာ ဝေသာလီတိုင်းပြည်မှာရှိတဲ့ အုပ်ချုပ်သူများဟာ တဦးကို တဦး အယုံအကြည်မရှိ မသင်္ကာတွေဖြစ် သံသယတွေများပြီး အဆုံးမှာတော့ ဝေသာလီတိုင်းပြည်ကြီး ပျက်စီးခန်းကိုပါ ဆိုက်ရောက်သွားစေခဲ့ပါတယ်။
          စစ်အာဏာရှင်များဟာလည်း ဒီလိုပါပဲ၊ သူတို့မှာ ငွေအား၊ လူအား၊ အာဏာအား တတ်နိုင်လေတော့ ကျနော်တို့အတိုက်အခံအင်အားစုများရဲ့ လုပ်ဆောင်နေသမျှ အရာရာတိုင်းကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်တာ အဆန်း မဟုတ်တော့ပါဘူး။ ဒါကလည်း သူတို့တာဝန်ပေကိုး။ ဒါကို ပြည်သူလူထုတရပ်လုံးက သတိထားပြီး မြင်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ အတိုက်အခံအင်အားစုများကို အယုံအကြည်မရှိရလေအောင် လူထုက ရွံ့မုန်းသွားလေအောင် နောင်လည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွား လိမ့်မယ်ဆိုတာ အတိအလင်းပြောချင်ပါတယ်။ အခုကာလများမတော့ ကျနော်တို့ခေတ်ကာလတုန်းကလို မဟုတ်တော့ဘဲ နည်းပညာတွေတိုးတက်လာပြီး အင်တာနက်ဆိုတာကလည်း ခေတ်စားလာလေတော့ အွန်လိုင်းပေါ်မှာလည်း လိုက်လံဖြိုခွဲနေတဲ့ သပ်တွေ ပေါ်နေပါပြီ။ သပ်ဆိုတာကိုတော့ အားလုံး သိကောင်းသိပါလိမ့်မယ်။ ထင်းခွဲတဲ့အခါမှာ ထင်းတုံးကြီး အစိတ်စိတ်အမွှာမွှာပြိုကွဲသွားအောင် သုံးတဲ့အရာပါ။
          အာဏာရှင်တွေ အကြောက်ဆုံးကတော့ လူထုတော်လှန်ရေးပဲ ဖြစ်ပါတယ်။ လူထုတော်လှန်ရေးပေါ်ပေါက်လာမှာကို နည်းလမ်းပေါင်းစုံသုံးပြီး တားဆီးပါလိမ့်မယ်။ ကလိမ်ကကျစ်နည်းလမ်းပေါင်းစုံကိုလည်း သုံးပါလိမ့်မယ်။ 
          ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးကို အရမ်းချစ်ပြပြီး ၀င်ရောက်လာပါလိမ့်မယ်။ အများသူငါ ယုံကြည်မူ့ရအောင် တည်ဆောက်ပါ့မယ်။ ပြီးမှ တယောက်ချင်းစီ၊ တဖွဲ့ချင်းစီကို ပြိုကွဲအောင်၊ ယုံကြည်ချက်တွေ ပျက်ပျယ်သွားအောင် လုပ်ဆောင်ပါလိမ့်မယ်။  စစ်အာဏာရှင်များရဲ့ စစ်ဓါတ်စစ်ဆင်ရေးကို သတိထား လို့ပဲ ပြောချင်ပါတယ်။
(ဆောင်းပါသရုပ်ဖော် ဓာတ်ပုံ – ဖေ့စ်ဘွတ်မှာ လွှင့်တင်ထားတဲ့ မြန်မာပြည်အနုပညာရှင်လူငယ်တွေနဲ့ စစ်အာဏာရှင်ကြီး၏ မြေးတဦး၏ ဓာတ်ပုံ။ အစစ်အမှန် ဓာတ်ပုံဟု ကွန်ဖန်းမလုပ်နိုင်သေး)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts