>Permit Book neceaasry to buy petrol in Rangoon, Burma

>

ဓါတ်ဆီဝယ်ယူခွင့်စာအုပ် ပြန်လုပ်ဖို့လိုအပ်
မိုးမခအထောက်တော်၊ ရန်ကုန်
မတ်လ ၁၂၊ ၂၀၁၁
ယမန်နှစ် ဇွန်လ ၁၀ ရက်နေ့ ပုဂ္ဂလိက စက်သုံးဆီဖြန့်ဖြူးရေးဆိုင်များ စတင်ရောင်းချခဲ့သည့် အချိန်မှ စပြီး မော်တော်ယာဉ်များ ဓါတ်ဆီဝယ်ယူရာတွင် ၀ယ်ယူခွင့်စာအုပ် မလိုတော့သော်လည်း ယနေ့မှ စတင်ပြီးရန်ကုန်မြို့ ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ဓါတ်ဆီဝယ်ယူခွင့် စာအုပ် ပြန်လည်လိုအပ်ပြီဖြစ်သည်။
ဒီဇယ်နှင့် အော့တိန်းဓါတ်ဆီခေါ် အဆင့်မြင့်ဓါတ်ဆီဝယ်ယူသည့်ကားများ အနေဖြင့် စာအုပ်လုပ်ဆောင်ရန် မလိုအပ်သော်လည်း ဓါတ်ဆီအဖြူဟု ခေါ်သည့် ပြည်တွင်းမှ ထွက်ရှိသည့် တစ်ဂါလံ ၂၅၀၀ ကျပ်တန် ဓါတ်ဆီဝယ်ယူရာတွင် ၀ယ်ယူခွင့်စာအုပ် လုပ်ဖို့လိုအပ်ကြောင်း ယမန်နေ့မှစတင် အသိပေးခဲ့သည်။
ယနေ့ ဓါတ်ဆီဝယ်ယူခွင့် စာအုပ်လုပ်ခဲ့သည့် ယာဉ်ပိုင်ရှင်တဦးက ပြောရာတွင် “စာအုပ်လုပ်တာက ကိုယ်ကြိုက်တဲ့ဆိုင်မှာ လုပ်လို့ရတယ်တဲ့၊ စာအုပ်လုပ်ခက ကျပ် ၂၀၀ပါ၊ ကိုယ်ရွေးလိုက်တဲ့ ကုမ္ပဏီရဲ့ တဆိုင်မှာ လုပ်ထားရင် သူ့ကုမ္ပဏီပိုင် တခြားဆိုင်တွေမှာလည်း ၀ယ်လို့ရတယ်။ ဒါပေမယ့် တရက်တကြိမ်ပဲ ၄ဂါလံတဲ့” ဟုပြောသည်။
ဆိုင်တွင် ၀ယ်ယူသည့်ဈေးနှုန်းနှင့် ပြင်ပဈေးကွက်တွင် ပြန်ရောင်းချရသည့် ဈေးက တဂါလံ ကျပ် ၁၀၀၀ ကျော် မြင့်နေသဖြင့် ကိုယ်ပိုင်ကား၊ အငှားကားများဖြင့် တနေကုန် တန်းစီထုတ်ရောင်းသည့်ကို အလုပ်တခု အဖြစ်သတ်မှတ်လုပ်ကိုင်သူ ရန်ကုန်နှင့် နယ်မြို့များတွင် များပြားလာခဲ့သည်။ ထိုသို့ ဓါတ်ဆီတန်းစီရောင်းကြသည့် ကားများကြောင့် အမှန်တကယ် စီးနင်းရန် သုံးစွဲလိုသူ အနေဖြင့်လည်း ဓါတ်ဆီဖြူ ၀ယ်ယူခွင့် ရရှိရန် အနိမ့်ဆုံး ၂နာရီဝန်းကျင် တန်းစီစောင့်ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ဓါတ်ဆီဖြူမှအပ အော့တိန်းဓါတ်ဆီနှင့် ဒီဇယ်ဝယ်ယူသူုများအနေဖြင့် စာအုပ်ရှိရန်မလိုပဲ ပေါက်ဈေးအတိုင်း ၀ယ်ယူနိုင်သည်ကို တွေ့ရသည်။ ရန်ကုန်မြို့တွင် အော့တိန်းဓါတ်ဆီ တဂါလံ ၃၆၀၀ ကျပ်နှင့် ဒီဇယ်ဆီ တဂါလံ ၃၉၀၀ မှ ၃၉၅၀ ကျပ်အသီးသီးရောင်းချလျက်ရှိပြီး နယ်မြို့များတွင်မူ ၃၈၀၀ ကျပ်မှ ၄၀၀၀ ကျပ် အသီးသီးရှိသည်ကိုတွေ့ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts