>Rumors on releasing Grandsons of U Ne Win spreading

>

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးများလွတ်မည့် သတင်းထွက်ပေါ်
မိုးမခအထောက်တော်၊ ရန်ကုန်
မတ်လ ၁၁၊ ၂၀၁၁
(Photo – file – Ne Win at his 90th Birthday with his daughter, Sandar Win)
မြန်မာနိုင်ငံကို နှစ်ပေါင်း ၃၀ကျော်ကြာ အုပ်ချုပ်ခဲ့သည့် မဆလပါတီနှင့် စစ်အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးများဖြစ်သည့် အေးနေ၀င်း၊ ကျော်နေ၀င်းနှင့် ဇွဲနေ၀င်းတို့ကို ယနေ့ အင်းစိန်ထောင်မှ လွှတ်ပေးမည်ဆိုသည့် သတင်းများ ယနေ့နံနက်ပိုင်း ထွက်ပေါ်ခဲ့သည်။
သတင်းထွက်ပေါ်ရာ အရင်းအမြစ်မှာ အင်းစိန်မြို့နယ်တာဝန်ကျ ရဲဝန်ထမ်းများထံမှဖြစ်ပြီး ရန်ကုန် သတင်းဂျာနယ်အသိုင်းအ၀ိုင်းတွင် ပျံ့နှံ့သွားခဲ့ရာမှ အချို့သော သတင်းထောက်များ အင်းစိန်ထောင်ရှေ့သို့သွားရောက် စောင့်ကြည့်ခဲ့ကြသည်။
“နံနက်ပိုင်းက သတင်းကထွက်လာတယ်။ အဲဒါနဲ့ အင်းစိန်ထောင်ရှေ့သွားပြီး အခြေအနေ စောင့်ကြည့်ခဲ့တာ၊ နောက်အတန်ကြာတော့ အင်းစိန်ထောင်က ၀န်ထမ်းတချို့ကိုဝင်မေးတော့ သူတို့တောင်မသိဘူးလို့ပြောတယ်။ နောက်အတန်ကြာစောင့်လည်း ဘာမှ ထူးထူးခြားခြားမတွေ့ရတော့ ပြန်လာတာ”ဟု ယနေ့နေ့လည် သွားရောက်ခဲ့သည့် ပြည်တွင်းသတင်းထောက်တဦးကပြောသည်။
ဦးနေ၀င်း၏ သားမက်ဖြစ်သူနှင့် မြေးများအား ၂၀၀၂ ခုနှစ် မတ်လတွင် နအဖ စစ်တပ်က ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် အစိုးရအာဏာသိမ်းရန် စည်းရုံးသည်ဆိုသည့် စွဲချက်များဖြင့် ထိုနှစ် စက်တင်ဘာလတွင် သေဒဏ်ချမှတ်ခဲ့သည်။ ဦးနေ၀င်း၏ သမီးဖြစ်သူကိုမူ နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့ပြီး ဦးနေ၀င်းမှာ ထိုနှစ် ဒီဇင်ဘာလတွင် ကွယ်လွန်ခဲ့သည်။
သေဒဏ်ချမှတ်ထားခြင်း ခံရသည့် သားမက်နှင့် မြေး ၃ ဦးတို့ကို နောက်ပိုင်းတွင် တသက်တကျွန်းပြစ်ဒဏ်အဖြစ် ပြောင်းလဲပေးခဲ့သည်။
နအဖ စစ်အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကိုဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ပြည်တွင်း နိုင်ငံရေး အင်အားစုများနှင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ လွှတ်ပေးရန်တောင်းဆိုလျက်ရှိသည်။  ရွေးကောက်ပွဲဖြင့် အာဏာရလာသည့် ကြံ့ဖွံ့ကြီးစိုးသည့် လွတ်တော်တွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး နှင့်ပတ်သက်သည့် အဆိုတင်သွင်းသည်ကို ယနေ့အချိန်ထိ ကြားသိရခြင်းမရှိသေးပေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts