မောင်ရင်ငတေ

Maung Yin Nga Tay – Articles

ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
မေ ၂၄၊ ၂၀၁၃
● ပစ်ကြမလား ပြင်သစ်သံလုံး La pétanque
Le jeu provençal ခေါ် Jo de boulo  ခေါ် Le sport-boules ခေါ် Le boule lyonnaise ခေါ် Le jeu de boules ခေါ် La pétanque ဆိုတဲ့ သံလုံးပစ်ကစားနည်းဟာ ပြင်သစ်ရဲ့အရှေ့တောင်ပိုင်း တခွင်နဲ့ အီတလီမြောက်ပိုင်းဒေသတွေမှာ တွေ့ရတာများတဲ့ ကစားနည်းတခုပါ၊ ပြင်သစ်ပြည်ရဲ့ နိုင်ငံတဝှန်းလုံး အတိုင်းအတာအရ ဒဿမမြောက် အဖွဲ့ဝင်အင်အား အများဆုံးသော ကစားနည်း တမျိုးဖြစ်ပြီး အမည်စာရင်းပေါက်သူဦးရေ သုံးသိန်းခွဲကျော်ရှိနေတဲ့ အဖွဲ့ဖြစ်ပါတယ်၊ အားကစားလို့ ဆိုတဲ့အတိုင်း အားမှကစားကြသူတွေ များလွန်းလှတဲ့ ဒီကစားနည်းမျိုးဟာ ပြင်သစ်ပြည်မှာတော့ အားအားယားယားရှိနေသူ အဖိုးကြီးအိုတွေရယ် နယ်ဒေသတွေမှာ နေထိုင်သူတွေရယ် ကစားနေ ကြတာကိုသာ အတွေ့ရများတာပါ၊ ဒီ အားကစားနည်းကို မူလပထမ စတင်ပြီး ကစားခဲ့ကြတဲ့ Provence နယ်သားတွေက ကစားခဲ့ကြလို့ Le jeu provençal ခေါ်ကြပြီး သူတို့ဒေသသုံး ဘာသာ စကား Provençal နဲ့ဆိုရင် Jo de boulo  လို့ခေါ်ဆိုခဲ့ကြတာပါ၊ Lyon နယ်သားတွေကတော့ Le boule lyonnaise ကစားနည်းလို့ ခေါ်ဆိုကြ ပြန်ပါတယ်၊ ဘယ်လိုဘဲဖြစ်ဖြစ် ဒီကစားနည်းကို သူတို့ ဒေသ သူတို့ အခေါ်တွေနဲ့ ခေါ်ချင်သလို ခေါ်နေကြပေမဲ့ မောင်ရင်ငတေ အမြင်မှာတော့ ဟိုအရင် ငယ်စဉ်က နှစ်နှစ်ချိုက်ချိုက် အားပေးကစားခဲ့ကြတဲ့ ကျောက်ဒိုးပစ်ကစားနည်းတို့ ဂေါ်လီလှိမ့် ကစားနည်းတွေနဲ့ ဘာမှသိပ်ပြီးတော့ ကွာခြားလှတယ်လို့ မမြင်ပါဘူး၊ သူတို့ဆီမှာလည်း အခေါ် အဝေါ်တွေ အမျိုးမျိုး ကွဲပြားနေသလို ကစားနည်းကစားဟန် စည်းမျဉ်းတွေကလည်း အမျိုးမျိုး အဖုံဖုံ ကွဲပြားခြားနားနေတဲ့ ကစားနည်း တမျိုးပါ၊
ဒီကစားနည်းကို ရှေး ၁၅ ရာစု ၁၆ ရာစု မတိုင်မီက စတင်ကစားခဲ့ကြတယ်တို့ ပြောကြပေမဲ့  ယနေ့ ခေတ်သစ် ကစားနည်းကိုတော့ ၁၉၀၇ ခုနှစ်ကနေ စတင်ပြီး လီယွန်နယ်မှာ အသင်းတွေ အဖွဲ့တွေ ဖွဲ့စည်းပြီး စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ကစားလာကြတာပါတဲ့၊ အဲဒါကြောင့် ဒီကစားနည်းရဲ့ မူလစတည်ရာ ပြင်သစ်နိုင်ငံအရှေ့တောင်အရပ်မှာသာ ဒီကစားနည်းကို နှစ်နှစ်ချိုက်ချိုက်ကစားသူ
များပြားလှတာပါ၊ အခုအခါမှာတော့ နိုင်ငံပေါင်း ၈၀ ကျော်လောက်မှာ အသင်းဝင်ထားသူပေါင်း ခြောက်သိန်းကျော်ရှိနေပြီး ပြင်သစ်တနိုင်ငံတည်းမှာတော့ ကစားသူပေါင်းသုံးသိန်းကျော် ရှိနေပါပြီ၊ ယောက်ျားတွေ အများစု ကစားကြပြီး မိန်းခလေးများကတော့ ၁၅ ရာနှုန်းလောက်သာ စာရင်းပေး ထားကြပါတယ်၊ ပြင်သစ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ အဓိကနှစ်ချိုက်စွာ ကစားကြတဲ့နိုင်ငံများကတော့ တချိန်တုန်းက ပြည်သစ်ပြည်ရဲ့ ကိုလိုနီဟောင်း နိုင်ငံများ ဖြစ်ကြတဲ့ အာဖရိကက မော်ရိုကိုနိုင်ငံနဲ့ အရှေ့တောင်အာရှက ဗီယက်နမ် လာအိုနဲ့ ထိုင်း တို့ဘဲ ဖြစ်ပါတယ်၊ ဒါကြောင့်ဘဲလို့ ထင်ပါတယ် ကမ္ဘာ့ နွေရာသီအိုလံပစ် ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲကြီးတွေမှာ တခါဖူးမျှ ထည့်သွင်း မကစားဖူး သေးတဲ့ ဒီကစားနည်းကို အရှေ့တောင်အာရှ အားကစားပွဲမှာ ထည့်သွင်းကစားလာခဲ့တာ ၂၀၀၁ မလေးရှား ကစားပွဲ ကတည်းကပါ၊ ဒီနှစ် ၂၀၁၃ ဒီဇင်ဘာ ရွှေပြည်တော်ကြီးမှာ ပြုလုပ်မဲ့ပွဲမှာ မပါ မဖြစ် ပါရှိလာအုံးမယ့် ကစားနည်းပါ၊ အရှေ့တောင်အာရှ တိုက်ဂါးကြီးတွေရဲ့ ရွှေရရှိရေးကစားနည်း တမျိုးအဖြစ် ပါဝင်နေတာဖြစ်မှာပါ၊ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်ကြီးမှာတော့ဒီကစားနည်းကို ဘယ်လို လူတန်းစားတွေ ကစားနေကြသလဲ ဆိုတာကိုတော့ သိချင်မိစမ်းပါတယ်၊ ဟိုး ရှေးရှေး ငယ်စဉ်က မောင်ရင်ငတေတို့နဲ့အတူ ကျောက်ဒိုးပစ်ကစားနည်းတို့ ဂေါ်လီလှိမ့်ကစားနည်းတွေမှာ ကစားဖော်ကစားဘက် ဖြစ်ခဲ့ဖူးတဲ့သူတွေကတော့ ဒီကစားနည်းကို ဘယ်သူမှ မကစားကြဖူးဘူး ဆိုတာကတော့ သေခြာသလောက် ရှိနေပါတယ်၊
တယောက်ချင်း နှစ်ယောက်ချင်းစီကနေ သုံးယောက်ချင်းစီထိ ကစားလို့ရတဲ့ ဒီကစားနည်းမှာ အသုံးပြုကြတဲ့ သံလုံးကအချင်း ၈ မီလီမီတာထိရှိပြီး ၈၀၀ ဂရမ်လောက်ထိ လေးပါတယ်၊ ကစားသူ တဦးစီကို သံလုံးနှစ်လုံး သို့မဟုတ် သုံးလုံးထိကိုင်ပြီး ကစားကြပါတယ်၊ ကစားဖို့အတွက် မြေနေရာ ကွက်လပ် အကျယ်ကတော့ ဆယ့်ငါးမီတာကနေ မီတာနှစ်ဆယ်ပတ်လည် အကျယ်လောက်ဆိုရင် ကစားလို့ရပါပြီ၊ ကစားနည်းစနစ်ပုံစံ အသေးစိတ်ကို မောင်ရင်ငတေလည်း သိပ်ပြီးစိတ်မဝင်စားလို့ သေချာမလေ့လာမိပါဘူး၊  သိတာတခုကတော့ သံလုံးတွေပစ်ပြီး အမှတ်မှတ် ကစားရာက ၁၃ မှတ် အရင်ရတဲ့သူ ရတဲ့အသင်းက အနိုင်ရပါတယ်၊ တသင်းက ၁၃ မှတ်ရပြီး ပြိုင်ဘက်အသင်းက သုည မှတ်သာ ရခဲ့ရင်တော့ The ritual of losing 13-0: kiss Fanny ဆိုပြီး ရယ်ရွှင်ဖွယ်ရာပြစ်ဒဏ်ကို ရှုံးတဲ့အပြစ်အဖြစ် အပေးခံရပါတယ်၊
ဒီလိုမျိုး ပြင်သစ်တောင်ပိုင်း ကျေးလက်ဒေသတွေမှာ ရိုးရာဓလေ့ထုံးစံ အပျော်တမ်းကစားကြတဲ့ ကစားနည်းကို နေ့စဉ်အမြဲလိုလို ကစားနေကြသူတွေကတော့ အလုပ်မလုပ်ကြတော့တဲ့ လုပ်စရာ မလိုတော့တဲ့ အဖိုးကြီးအိုတွေသာ ကစားနေကြတာကိုသာ အများအားဖြင့် တွေ့မြင်နေကြရတာ ဖြစ်ပေမဲ့ ၄၄ နှစ် ကြာအပြီးမှာ တကျော့ပြန် ကျင့်ပမယ့် ရွှေပြည်တော်က အားကစားပွဲတော်ကြီးမှာ ရွှေတံဆိပ်ဆု ၁၁ ခု အထိပေးမယ့် ကစားနည်းအဖြစ် ပါဝင်လာမှာ ဖြစ်တာရယ် မူရင်းက ပြင်သစ် ကစားနည်း ဆိုတာကြောင့်ရယ် သိထားသမျှ ရေးလိုက်မိပါတယ်၊
Les 27e SEA GAMES auront lieu du 11 au 22 décembre 2013 – 11 médailles d’Or pour la pétanque

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts