>Students in Mawlamyine protest against the electical blackout

>

မော်လမြိုင်တွင် လျှပ်စစ်မီးပျက်၍ ကျောင်းသားများက ခဲဖြင့်ပေါက်
မိုးမခ အထောက်တော်၊ ရန်ကုန်
မတ်လ ၁၀၊ ၂၀၁၁
အခြေခံပညာ အထက်တန်း စာမေးပွဲ စတင်ပြီး ဒုတိယနေ့ ဖြစ်သည့်မတ်လ ၈ ရက်နေ့ တစ်နေ့လုံး မော်လမြိုင်မြို့တွင် လျှပ်စစ်မီးပျက်နေသဖြင့် ည ၁၀နာရီခွဲဝန်းကျင်တွင် မြို့အားလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးသည့် ငန်းတေးမီးစက်နှင့် မြို့တွင်းရှိ မြို့နယ် လျှပ်စစ်ရုံးတို့အား ဆိုင်ကယ်စီး တက္ကသိုလ်ကျောင်းသား ၃၀ ကျော်တို့က ခဲဖြင့်ပစ်ပေါက်သည့် အဖြစ်အပျက် ဖြစ်ပွားခဲ့သည်။
မော်လမြိုင်မြို့ ဈေးကြီးရပ်ရှိ လျှပ်စစ်ရုံးရှေ့တွင် နေထိုင်သူတဦးက “မြို့မှာ ညဦးပိုင်း မီးပျက်တာသီတင်းပတ် နဲ့ကြာနေပြီ၊ မနေ့ကတော့ မနက်ကတည်းက မီးပျက်သွားလိုက်တာ ည ၇နာရီလည်းမလာ၊ ၈နာရီလည်းမလာနဲ့ ၁၀ တန်းတွေစာမေးပွဲကလည်း ရှိတော့ မီးပျက်တာကို အကြောင်းပြုပြီး ကျောင်းသားတွေ ဆိုင်ကယ်နဲ့ လာပြီးခဲနဲ့ ပေါက်ကြတာပဲ။ ဆိုင်းဘုတ်တွေ ပျက်စီးတာလောက်ပဲတွေ့တယ်´´ဟုပြောသည်။
ခဲဖြင့်လာရောက်ပစ်ပေါက်ကြသူများမှာ တောင်ဝိုင်းရပ် မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားအများစုဖြစ်သည်ဟုလည်း သိရပြီး လာရောက်ပစ်ပေါက်ချိန်တွင် မည့်သည့်လုံခြုံရေး အဖွဲ့ဝင်မှ တားမြစ်ခြင်း မရှိခဲ့ဟုသိရသည်။ ထိုသို့ပစ်ပေါက်ပြီး အတန်ကြာမှ တက္ကသိုလ်ဝင်းအနီး ကျောင်းသားများ ဆိုင်ကယ်ဖြင့်စုရုံးရာနေရာသို့ စစ်ဆေးမေးမြန်းရန် သွားရောက်သော်လည်း ကျောင်းသားအင်အားများသဖြင့် ထိပ်တိုက်ရင်မဆိုင်တော့ပဲ လုံခြုံရေးအဖွဲ့ဝင်များပြန်လှည့်ပြန် ခဲ့ကြသည်ဟုလည်း မော်လမြိုင်မြို့ခံ တဦးကပြောသည်။
မော်လမြိုင်မြို့အား ရန်ကုန်မှတဆင့်သွယ်တန်းထားသည့် ဓါတ်အားလိုင်း၊ ငန်းတေးစက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အားတို့ဖြင့် ဖြန့်ဝေပေးလျက်ရှိပြီး ယခုနှစ်မှာ နှိုင်းယှဉ်ချက်အားဖြင့် လျှပ်စစ်မီး ပိုမိုရရှိသည့် နှစ်တနှစ်ဟု ဆိုနိုင်သည်ဟု မြို့ခံများ၏ ပြောဆိုချက်အရ သိရှိရသည်။ ယခင်နှစ်များက ဆိုလျင် လျှပ်စစ်မီးကို တနေ့လျင် ၄နာရီ ၆နာရီထက် ပိုမရရှိခဲ့ကြဟုလည်း မြို့ခံများကပြောသည်။
ယမန်နေ့က အဖြစ်အပျက် ဖြစ်ပွားစဉ် မြို့နယ်လျှပ်စစ်ရုံး ၀င်းအတွင်း နေထိုင်သည့် အင်ဂျင်နီယာ ဖြစ်သူမှာ အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် နေအိမ်မီးကိုပိတ်ပြီး ကားဖြင့် အပြင်သို့ထွက်သွားခဲ့သည်ဟု အဆိုပါအိမ်အနီး နေထိုင်သည့် မြို့ခံတဦး၏ ပြောဆိုချက်အရ သိရသည်။
ယမန်နှစ်ကလည်း ယခုလို ဆယ်တန်းစာမေးပွဲ ဖြေဆိုချိန်တွင် လျှပ်စစ်မီးပျက်သဖြင့် လျှပ်စစ်ရုံးအား ခဲဖြင့်ပစ်ပေါက် သည့်အဖြစ်ဖြစ်ပွားခဲ့ပြီး ယခုနှစ် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts