ဟံသာဝတီ ဦးဝင်းတင်

Is Regime’s Luttaw has a political role for Burma

>

စစ်အစိုးရရဲ့ လွှတ်တော်ကြီးကိုယ်တိုင်က အရေးပါ၊ အရာဝင် ရဲ့လား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ မတ် ၉၊ ၂၀၁၁
ယမန်နေ့ကစကားပြောဆိုဖြစ်တဲ့ဆီမှာ အင်န်အယ်ဒီပါတီနဲ့ သူရဲ့ နိုင်ငံရေးအင်အား၊ အခန်းကဏ္ဍကို လက်ရှိအနေအထားနဲ့ ဘယ်လိုသုံးသပ်သလဲ ဆိုတာ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ သူ့ရဲ့ လွှတ်တော်တွေ၊ အခြေခံဥပဒေတွေ၊ အသစ်သစ်သော ဥပဒေပြဋ္ဌာန်းမှုတွေ လုပ်နေချိန်မှာ အင်န်အယ်ဒီဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုတွေ၊ မိတ်ဆွေကွန်ယက်တွေက အကန့်အသတ် အခက်အခဲ တားမြစ်မှုအမျိုးမျိုးကြားက လှုပ်ရှားချီတက်နေကြတာကို တွေ့နေရပါတယ်။
ဒါဆိုရင် စစ်အစိုးရနဲ့ အပေါင်းအပါတွေကိုယ်တိုင် ငွေအား၊ လက်နက်အား၊ အာဏာစက်တွေနဲ့ စိတ်တိုင်းကျ ဖော်ဆောင်နေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ဆိုတဲ့ စစ်အာဏာရှင် ထောက်ခံအားပေးထားတဲ့ စစ်အုပ်စုတွေရဲ့ နောက်လိုက်နိုင်ငံရေးအင်အားတွေ၊ အခန်းကဏ္ဍတွေကကော ဘယ်လောက်တောင် ခရီးရောက် တွင်ကျယ်နေပြီလို့ မြင်သလဲ လို့ ဦးဝင်းတင်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။
“ အခုဒီမှာ သူတို့ရဲ့ လွှတ်တော်တွေကို ၂၀၁၁ နှစ်ဆန်းကတည်းက စပြီး လုပ်လာကြတာ အခုဆိုရင် မတ်လထဲကို ရောက်လာပြီ ဖြစ်တယ်။ သမ္မတရွေးချယ် တင်မြှောက်တာတွေ ပြီးပြီ၊ ၀န်ကြီးစာရင်းတွေ ရွေးချယ်တင်မြှောက်တာတွေ ပြီးပြီ။ နောက်တခါ တိုင်းနဲ့ ပြည်နယ်တွေရဲ့ ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေ ရွေးပြီးပြီ။ နောက် လွှတ်တော်ဆိုင်ရာ ဥပဒေတွေ စည်းမျဉ်းဆိုင်ရာ လုပ်ငန်းဆိုင်ရာ အဖွဲ့တွေ ဖွဲ့နေကြပြီ ဆိုတာတွေ့ရတယ်။
သူတို့အဆိုရ လွှတ်တော်ဆိုတာ တိုင်းပြည်ရဲ့ အချူပ်အခြာ အာဏာတည်ရာ ဖြစ်တယ်။ လူထုကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်တဲ့ လွှတ်တော်ဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေအရလည်း တပ်မတော်က ကိုယ်စားလှယ်တွေ လွှတ်ပြီး တက်ရောက်စေတယ်လို့ ဆိုတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေကော၊ နိုင်ငံတကာကကော နားလည်ထားတဲ့ စည်းကမ်း စနစ်ကျတဲ့ လွတ်လပ်တဲ့ လွှတ်တော်မျိုး မတွေ့ရဘူး။ လွှတ်တော် ခေါ်ပုံ ခေါ်နည်း၊ ကျင်းပပုံ ကျင်းပနည်း၊ သတင်းထောက်တွေ ပြည်သူတွေကိုယ်တိုင်က ၀င်ရောက် နားထောင်ခွင့်တို့၊ သတင်းယူ စုံစမ်းမေးမြန်းခွင့်တို့၊ လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းတွေ မေးတာ၊ အဆိုတင်တာတွေ၊ ထုတ်ပြန်ကြတာတွေ စတာတွေမှာ သူတို့လွှတ်တော်ကို အများက ဝေဖန်စရာ၊ ထောက်ပြစရာ၊ ပုံပျက်ပမ်းပျက်တွေ ဖြစ်နေတာကို တွေ့နေရတယ်။
လွှတ်တော်ကို ကျင်းပပါပြီဆိုပြီးတော့ တက်လာကြရင်လည်း တနေ့ကို ၁၀ မိနစ်တို့ ၁၅ မိနစ်တို့ ကျင်းပတာထက် ပိုပြီးတော့ မကျင်းပနိုင်ကြဘူး။ အဆိုတင်တာ၊ ဆွေးနွေးတာတို့လည်း မရှိဘူး။ သူတို့ စစ်အာဏာရှင်တွေဖက်က စစ်အုပ်စုဖက်က ပြင်ဆင်ပြီး တင်ပေးလိုက်တဲ့ အချက်အလက်တွေကို အတိုက်အခံတွေက ပြန်လှန် မေးခွန်းထုတ်ခြင်း၊ ဝေဖန် ဆွေးနွေးခြင်းတွေတောင်မှ မမြင်ရ၊ မကြားရဘဲနဲ့ တသွေး တသံတည်း အတည်ပြုကြတယ်၊ ထုတ်ပြန်လိုက်ကြတယ်ချည်းပဲ ကြားနေ မြင်နေရတယ်။
နောက်ပြီးတော့ လွှတ်တော်တက်နေတယ်ဆိုတဲ့ အတိုက်အခံဒီမိုကရေစီပါတီ ဆိုသူတွေကလည်း လွှတ်တော်ထဲမှာ ဘယ်လို ဘယ်နှယ့် အဆိုတင်တယ်၊ ဆွေးနွေး ဝေဖန်တယ် ဆိုတာတွေကို လုပ်မယ့်အစား သူတို့တွေက လွှတ်တော်ထဲက သတင်းတွေကို ပြန်ကြားရေးလုပ်နေတယ်။ ကြံ့ဖွံ့တို့ စစ်အုပ်စုတို့ကတောင်မှ ဘာမှ မပြောရဘူး။ အတိုက်အခံကိုယ်စားလှယ်ဆိုတဲ့သူတွေက သတင်းထောက်တွေအတွက် သတင်း ပြန်ကြားရေးပဲ လုပ်နေရသလို ဖြစ်နေတယ်။
တကယ်တမ်း ပြန်ကြည့်လိုက်လိှု့ရှိရင် ၂၀၁၀ ရွေးကောက်ပွဲကြီးဆိုတာ ပြည်သူတွေကိုယ်တိုင်ရဲ့ ဆန္ဒမဲ အစစ်အမှန်တွေနဲ့ ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူး။ အဲသည် လွှတ်တော်ကြီး ပေါ်ထွန်းလာတော့လည်း အရွေးခံရတယ် ဆိုတဲ့ အတိုက်အခံဒီမိုကရေစီပါတီ ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဘာမှ မလုပ်နိုင်ဘူး။ ပြည်သူလူထုကိုယ်တိုင်ကလည်း အစကတည်းက အယုံအကြည်မရှိတဲ့ နောက်မှတော့ လွှတ်တော်ကြီး ကျင်းပနေတာ လုပ်ကိုင်နေတာကို စိတ်ကို မ၀င်စားဘူး။ အလေးဂရုလည်း မထားကြဘူး။ ပြည်သူလူထုက လွှတ်တော်ကို နိုင်ငံရေးအရာကို မသွင်းကြဘူးလို့ ပြောရင်ရပါတယ်။
          အခု ကျင်းပနေတဲ့ လွှတ်တော်ကြီးကို ပြည်သူလူထုက စိတ်မ၀င်စားကြဖူး၊ အရာမသွင်းကြဖူး ဆိုတော့ သူတို့ရဲ့ အသွင်သဏ္ဍာန်က အရင် မြန်မာပြည်တပါတီအာဏာရှင်ခေတ်တုန်းက မဆလပါတီညီလာခံတွေနဲ့ သွားပြီးတော့ တူမနေဘူးလား ဆရာ။
          အဲသည်လို ပြောချင်ရင် ပြောလို့ ရပါတယ်။ ကျနော်တို့ ရုပ်မြင်သံကြားတို့ သတင်းစာတို့မှာ မြင်ရ ကြည့်ရသလောက်ဆိုရင် လွှတ်တော်တက်တဲ့ ကိုယ်စားလှယ်ဆိုသူတွေက တိုက်ပုံကို ၀တ်ထားတာတောင် တရောင်တည်းပဲ။ အဖြူရောင်ပဲ တွေ့ရတယ်။ ပင်နီအကျီဝတ်တဲ့သူတောင်မှ မတွေ့ရသလောက်ပဲ။ ပြီးတော့ ခေါင်းပေါင်းကျတော့မှ ပန်းရောင်လေး၊ အ၀ါလေး အရောင်စုံ နည်းနည်းတွေ့ရတယ်။ တိုင်းရင်းသားကိုယ်စားလှယ်တွေကလွဲရင် ကိုယ်စားလှယ်တွေ ၀တ်စားလာတာကိုက တသွေး တရောင်တည်းကို တွေ့နေရတယ်။
ပြည်သူ့လွှတ်တော်ကို မြန်မာပြည်သူတွေက အရာမသွင်းဘူးဆိုရင် မြန်မာစစ်အစိုးရနဲ့ စစ်အုပ်စုကိုယ်တိုင်ကတော ဘယ်လောက် အရာသွင်းလို့လဲ ဆရာ။
ဟုတ်တယ်။ ဒါကလည်း ပြောစရာဖြစ်နေတဲ့ အချက်ဖြစ်တယ်။ စစ်အုပ်စုကိုယ်တိုင်က ထူထောင်ပေးလိုက်တဲ့ လွှတ်တော်ကြီး ရှိနေရဲ့သားနဲ့ လွှတ်တော်ပြင်ပကနေပြီး ထုတ်ပြန်တဲ့ အမိန့်တွေ၊ ဥပဒေတွေကလည်း အများကြီး ပေါ်ပေါက်လာတယ်။ ပထမဦးဆုံးက စစ်မှုထမ်းဥပဒေ ထုတ်ပြန်တယ်။ အရံတပ်ဖွဲ့ ဥပဒေထုတ်ပြန်တယ်။ နောက်ပြီးတော့ အထူးစီးပွားကရေးဇုံ ဆိုတာကို ပြဋ္ဌာန်းတယ်။ ကုန်သွယ်ရေး စာချုပ်တွေ ကိုလည်း သီးခြား လက်မှတ်ထိုးလိုက်တယ်။ ဒါတွေကို ထုတ်ပြန်တယ်။
ဒါ့အပြင် အခုနှစ်အတွက် ဘဏ္ဍာရေး ဘတ်ဂျက်ရသုံးတွေ ထုတ်ပြန်လိုက်ရာမှာလည်းပဲ စစ်အုပ်စုက လွှတ်တော်ပြင်ကနေပြီး သီးသန့် ထုတ်ပြန်လိုက်တာကို တွေ့ရတယ်။ ပြီးတော့ နိုင်ငံတော် အချူပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် အထူးရန်ပုံငွေ ဥပဒေဆိုတာကိုလည်း ပြဋ္ဌာန်းလိုက်သေးတယ်။ လွှတ်တော်တွင်းက အဖွဲ့အစည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ဖော်ထုတ်နေပြီ၊ ဆွေးနွေးနေပြီ လို့လဲ ပြောနေသေးတယ်၊ ဒါကိုလည်း စောင့်နေမယ့်အစား လွှတ်တော်ကို ဘေးထားပြီးတော့ နအဖအစိုးရကနေပြီး အမိန့်တော်ပြန်ပြီး ထုတ်ပြန်လိုက်တယ်၊ အတည်ပြုလိုက်တယ်။
ဒါက ဘာပြသလဲဆိုတော့ လွှတ်တော်တွေ အားလုံးကို ပြည်သူတွေက နိုင်ငံရေးအရာမသွင်းသလိုပဲ စစ်အုပ်စု၊ စစ်ကောင်စီကိုယ်တိုင်ကလည်း လွှတ်တော်ကို ကျင်းပနေမှန်းလည်း သိရဲ့သားနဲ့၊ လွှတ်တော်မှာလည်း သူတို့လူတွေ အများစု ကြီးစိုးနေတာကို သိနေရဲ့သားနဲ့ အမိန့်ပြန်တမ်း ထုတ်လိုက်တယ် ဆိုတာက သူတို့စစ်ကောင်စီကိုယ်တိုင်ကလည်း သူတို့လွှတ်တော်ကို အရာမသွင်းဘူး။ နိုင်ငံရေးလူရာမသွင်းဘူးလို့ ပြောလို့ရပါတယ်။
ဟုတ်ကဲ့ပါဆရာ။ သူတို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေအကြောင်း နောက်ဆက်ပြီး ပြောကြတာပေါ့ဆရာ။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts