>Kyaw Thu – FFSS Yangon Activity (6th March 2011)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
မတ် ၇၊ ၂၀၁၁
 မျိုးဆက်သစ်တို့ရဲ့အင်အား
၂၀၁၀ ခုနှစ် ပထမအကြိမ် အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ကလေးငယ်ပေါင်း ၄၀ ဦးခန့်သာ ရှိခဲ့သော်လည်း ယခု ၂၀၁၁ ခုနှစ်တွင် ဒုတိယအကြိမ် နွေရာသီအခြေခံ အင်္ဂလိပ်စာသင်တန်း တက်ရောက်ရန် လာရောက်၍ စာရင်းပေးသွင်းကာ သင်တန်း Levels ခွဲခြားရန်အတွက် စမ်းသပ် ဖြေဆိုမှုများကို ၅.၃.၂၀၁၁ (စနေနေ့) နံနက် ၉း၀၀ နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ မျိုးဆက်သစ် ကလေးငယ် စုစုပေါင်း ၅၀၀ ဦးရေခန့် တက်ရောက်ဖြေဆိုခဲ့ကြသည်။ 

 
စာမေးပွဲဖြေဆိုမည့် အချိန်အား နံနက် ၉း၀၀ နာရီ သတ်မှတ်ထားသော်လည်း မျိုးဆက်သစ်ကလေးငယ်များ၏ ပညာကို လိုလားသောစိတ်ဓာတ်၊ မျိုးဆက်သစ်ကလေးငယ်များ၏ အုပ်ထိန်းသူမိဘများ၏ ပညာရေးကို အားပေးသောမေတ္တာ စေတနာတို့ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် နံနက် ၇း၀၀ နာရီအချိန်ကတည်းက တဖွဲဖွဲနှင့်တက်ကြွစွာ လာရောက်ခဲ့သည်ကို တွေ့ရှိရသည်။ 
 
မျိုးဆက်သစ်ကလေးငယ် ၅၀၀ ခန့်တို့အား သင်တန်းခန်းမ ၂ ခန်းနှင့် မလုံလောက်ပါ၍ “သုခအဟာရ” စားသောက်ဆိုင်တွင်လည်း ရေးဖြေစာမေးပွဲကို ဖြေဆိုခဲ့ကြရသည်။ ထိုကဲ့သို့ ပညာလိုလားသော မျိုးဆက်သစ်ကလေးငယ်များ၏ အင်အားသည် မထင်မှတ်ဘဲနှင့် များပြားမှုတို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဝန်ထမ်းများ၊ အသင်းသူ/သားများ၊ ပညာဒါနဆရာ/မ များနှင့် အသင်း၏ တာဝန်ရှိသူများပါမကျန် ဝိုင်းဝန်း၍ လုပ်အားပေး ဖေးမကူညီခဲ့သည်။
ယင်း စာမေးပွဲသည် အနိုင်အရှုံး အဓိကမဟုတ်၊ အောင်ခြင်း၊ ကျခြင်းဟူ၍ မသတ်မှတ်ပေ။ Levels တန်းခွဲများ ခွဲခြား၍ သင်ကြားပေးရန်အတွက် ဖြေဆိုရခြင်းဖြစ်သည်။ သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၁၄ ဦး နှင့် တပါတ်လျှင် ၆ ရက်၊ Levels တန်းခွဲ ၃ ခုဖြင့် သင်ကြားပို့ချပေးမည် ဖြစ်သည်။ ဖြေဆိုမှုရလဒ် တန်းခွဲများအား ၁၃.၃.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် ကြော်ငြာမည်ဖြစ်ပါသည်။
 
သင်တန်းများစတင်မည့် ၁၄/၁၅ .၃.၂၀၁၁ နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် အဆောက်အဦသစ်တွင်ရှိသော သန့်ရှင်းအေးချမ်းပြီး သင်ကြားမှု အထောက်အကူပြု ပရိဘောဂများနှင့် ပြည့်စုံလျက်ရှိသော သင်တန်းခန်းမများထဲတွင် စနစ်တကျ သင်ကြားပို့ချတော့မည် ဖြစ်ပါသည်။
မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာသင်တန်းသည် မရှိမဖြစ် မတတ်မဖြစ်သော ပညာရပ် ဘာသာရပ်တခု ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ဘာသာရေး စသည့် ကဏ္ဍနယ်ပယ်များတွင် အင်္ဂလိပ်စာ ပညာရပ်ဖြင့် လူမျိုးအသီးသီးတို့က ပြောဆို သုံးနှုန်း ရေးသား ဖတ်ကြားခြင်းများကို အဓိကပြုလုပ်လျှက်ရှိရာ ကျွန်တော်တို့ မြန်မာ့မျိုးဆက်သစ် ကလေးငယ်များလည်း ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်စေရန် ရည်ရွယ်၍ (အခမဲ့) ဖွင့်လှစ်သင်ကြား ပို့ချပေးခြင်း ဖြစ်သည်။
 
စေတနာရှင် ပညာဒါနပြုလုပ်လိုသော ဆရာ/မများသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၀၉ – ၈၆ ၄၀၂၂၀ သို့၎င်း၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ လာရောက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
 အာရောဂျံ ပရမံလာဘံ
“အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တပါး ဟူသော စကားအရ ကျန်းမာခြင်းသည် လူသားများအတွက် အဓိကဖြစ်တော့သည်။ ကျန်းမာကောင်းမွန်လျှင် စားဝတ်နေရေး၊ ပညာရေး စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမန် လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြသည်။ အထူးအားဖြင့် မြန်မာပြည်သူ/သား အများစုသည် ကျန်းမာရေးကို အထူး ဂရုမစိုက်နိုင်ကြချေ။ ဆေးကုသစရိတ် မြှင့်မားခြင်းတို့ကြောင့် အခပေး ဆေးရုံဆေးခန်းများသို့ သွားရောက် ကုသခြင်း မပြုလုပ်နိုင်ကြချေ။
 နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ၂၀၁၀ ခုနှစ် တနှစ်တာအတွင်း လူနာစုစုပေါင်း (၃၃,၄၄၈) ဦးနှင့် ခွဲစိတ်ကုသရန် လိုအပ်သော လူနာစုစုပေါင်း (၂,၁၄၀)ဦးတို့ကို ပြည်သူ့ဆေးရုံကြီး ၈ ရုံတွင် (အခမဲ့) ခွဲစိတ်ကုသပေးခဲ့ရသည်။ နာရေးကူညီမှု အသင်း(ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်ကုသကြမည့် ရောဂါဝေဒနာသည်များအား တိုကင်ပေးစနစ်ဖြင့် စနစ်တကျ သက်ဆိုင်ရာ ဆရာဝန်ကြီးများမှ ကုသပေးမှုကို ပြုလုပ်ခဲ့သည်။ 
ယခင်က တိုကင်ပေးချိန်ကို နံနက် ၈း၃၀ နာရီတွင် စတင်၍ပေးခဲ့ရာ၌ ည ၁း၀၀ ခန့်မှ စတင်၍ လာရောက်အိုးပစ်အိမ်ပစ် တိုကင် လာရောက်ယူရခြင်း၊ နံနက်မလင်းခင်အချိန်တွင် လိုင်းကားစီးရခြင်း၊ ကားငှားရခြင်းတို့ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ယင်း တိုကင်လာရောက်ယူကြသော လူနာရှင်များကို လူသားချင်းစာနာ စိတ်ကင်းမဲ့စွာ တိုကင်နေရာ ရောင်းခြင်းတို့ကိုပြုလုပ်သော တုတ်၊ ဓားတို့ဖြင့် ခြိမ်းခြောက်သော မသမာသူတချို့ရှိကြောင်း သိရှိခဲ့ရသည်။ 
ထို့ကြောင့် ၂.၃.၂၀၁၁ (ဗုဒ္ဓဟူး) နေ့မှ စတင်၍ ဆေးဝါးကုသလိုသော လူနာများအတွက် မသမာမှုများ၊ လူသားချင်းစာနာစိတ်မရှိမှုများ၊ ဒုစရိုက်မှုများ ပပျောက်စေရန် ရည်ရွယ်၍ နေ့လည်ပိုင်း (၂း၀၀) နာရီအချိန်သို့ ပြောင်းလဲ၍ တိုကင်ပေးစနစ်ကို ဆောင်ရွက်ခဲ့သည်။ 
 
သို့ရာတွင် ကျန်းမာရေးအား အလေးထားကုသလိုကြသော လူနာများ၊ လူနာရှင်များအား အသင်းသူ/သားများ၊ ဝန်ထမ်းများ အားလုံး မိမိတို့၏ ကိုယ်ရေးကိုယ်ထာ ကိစ္စရပ်များအား ဘေးချိတ်ထားကာ အချိန်ပေး၍ တတ်ကြွစွာ လာရောက်ဖေးမ ကူညီခဲ့သည်။ နေပူရှိန်ပြင်းပြင်းထဲတွင် လာရောက်တိုကင်ယူကြသော လူနာရှင်များကိုလည်း အခါအားလျော်စွာ အအေး၊ ဖျော်ရည်တို့ဖြင့် ကုသိုလ်ယူ၍ တိုက်ကျွေးသူများလည်း ရှိသည်။ 
သုခကုသိုလ်ဖြစ်ဆေးခန်းတွင် နေ့စဉ်လူနာပေါင်း ၂၀၀ ကျော်တို့ကို (အခမဲ့) ဆေးဝါးကုသ ပေးခြင်းကို ကုသိုလ်ဖြစ် ဆရာဝန်ကြီး ၄၈ ဦးတို့ဖြင့် အလှည့်ကျ ကုသပေးလျှက်ရှိသည်။ ထိုကဲ့သို့ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်တွေ့ကြုံနေသော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးသမားများသည် နေ့စဉ် လာရောက်ကုသနေကြသော လူနာများ၊ နာရေးကိစ္စရပ်များ၊ မျိုးဆက်သစ် ကလေးငယ်များ၏ ပညာရေးတိုးတက်မှုများကို ဖေးမကူညီ စွမ်းဆောင်ပေးနိုင်ကြရခြင်းမှာ ပြည်တွင်း ပြည်ပ အလှူရှင်များ၏ ကျေးဇူးတရားကြောင့်ပင် ဖြစ်သည်။
အလှူရှင်ရှိမှ . . . လူမှုရေးသမားများ ပေးဆပ်နိုင်မည်။
လူမှုရေးသမားများ ပေးဆပ်မှ . . . ပညာရေးတိုးတက်မည်။
ပညာရေးတိုးတက်မှ . . . ကျန်းမာရေးကောင်းမည်။
ကျန်းမာရေးကောင်းမှ . . . တိုင်းပြည်တိုးတက်သာယာမည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts