>ORatha – For Whom the bell toll ? For Gaddafi or its Lybians

>

ခေါင်းလောင်းထိုးသံ ဘယ်သူထံ – အာဏာရှင်လား၊ ဒီမိုလား
သြရသ
မတ် ၄၊ ၂၀၁၁
ယခင်အပတ်ဆောင်းပါးမှာ ကဒါဖီ နောက်ဆုံးနေ့လားလို့ ရေးလိုက်မိတယ်။ အခု တပတ်ရှိသွားပြီ။ ကဒါဖီဟာ ခေါင်းမာမာနဲ့ သူ့ပြည်သူတွေကို ပစ်သတ်နေတုန်းပဲ။ အာဏာရှင်တွေဟာ တိုင်းပြည်နဲ့ လူထုဂုတ်ပေါ် ခွထိုင်နေတာကနေ ဘယ်လိုမှ မဆင်းပေးနိုင်ဘူး ဖြစ်နေတယ်။
စိတ်ဝင်စားစရာကတော့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းက အာဏာရှင်နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုတို့ရဲ့ နိုင်ငံတကာဆက်ဆံရေးမူဝါဒတွေဟာ အီဂျစ်ပြည်က မူဘာရက်ပြိုလဲပြီးနောက်မှာ အပြောင်းအလဲတွေ ဖြစ်လာရတာ ဖြစ်ပါတယ်။
စစ်သွေးကြွတွေ၊ အစွန်းရောက်အကြမ်းဖက်သမားတွေကို အပေါင်းအသင်းမလုပ်ချင်တာကြောင့် တကြောင်း၊  ဒေသလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ဦးစားပေးတဲ့ အာဏာရှင်တွေ လက်ထဲက ဥစ္စာဓနနဲ့ ရေနံတွေ ဓာတ်ငွေ့သိုက်တွေကို မျက်စိကျတာက တကြောင်းကြောင့် အနောက်အုပ်စုက ဒီမိုကရေစီကိုမျက်နှာလွှဲပြီးတော့ ဈေးကွက်စီးပွား၊ ကိုယ်ကျိုးစီးပွားကြည့် မူဝါဒနဲ့ အာရပ်နိုင်ငံတွေကို လက်တွဲကြည်ဖြူနေခဲ့ကြတာ အနှစ် ၆၀ ကျော်ပြီ။ ပြောရရင်တော့ အစ္စရေးတိုင်းပြည်သက်တမ်းလောက်ကို ရှိမလားပဲ။
ပြည်သူလူထုဟာ ဆင်းရဲ နုံခြာလွန်းလို့ အာဏာရှင်လက်အောက်မှာ ငြိမ်ဝပ်ပိပြားပြီး အသက်ရှင်ချင် ရှင်၊ ဒါမှမဟုတ်ရင် အသေခံဗုန်းခွဲသမားအဖြစ် အစွန်းရောက်အကြမ်းဖက်ချင် ဖက် ဆိုတဲ့ “ပုံစံသွင်းထားတဲ့အမြင်” (Stereotyping) ကနေ နိုင်ငံတကာကွန်မြူနီတီဟာ အရှေ့အလယ်ပိုင်းက ပြည်သူတွေအပေါ် အမြင်ပြောင်းသွားတယ်။ သူတို့တတွေဟာ အာရှသားတွေ၊ ဥရောပသားတွေ၊ ရုရှားသားတွေ၊ အမေရိကန်တိုက်သားတွေလို အသေခံပြီး အကြမ်းမဖက်ဆန္ဒပြ တိုက်ပွဲဝင်ရဲသူတွေ၊ လူငယ်တွေ၊ မျိုးဆက်သစ် တော်လှန်ရေးသမားတွေ ဖြစ်တယ်လို့ ၂၁ ရာစုမှာ မော်ကွန်းထိုးလိုက်လို့ပဲ။ သူတို့ဟာ လက်နက်မဲ့ အာဏာဖီဆန်ရေးသမားတွေ ဖြစ်တယ်လို့ လူတွေက အမြင်ပြောင်းသွားတယ်။
ဒါကြောင့် လူထုကို လျော့တွက်ပြီးတော့ အာဏာလက်ရှိတွေ၊ ရေနံတွင်းရှင်တွေ၊ ငွေရှင်ကြေးရှင်တွေ ဓနရှင်တွေကိုပဲ လူရာသွင်းမယ်၊ အဖက်လုပ်ပြီး ပေါင်းမယ်၊ အတိုက်အခံဆိုတာ ရေပေါ်မှာ အရုပ်ရေးရသလို ရှာမှ ရှားတွေ၊ ရှာနေစရာ၊ ဦးစားပေးစရာမလိုပါဘူး ဆိုတဲ့ သဘောထားနဲ့ သူတော်ကောင်းအရေခြုံထားတဲ့ (hypocrite) အရင်းရှင်အစိုးရတွေခင်မျာ အီဂျစ် ဇာတ်လမ်း တခန်းရပ်အပြီး လစ်ဗျားအခန်းအပြောင်းမှာ လေသံတွေ ပြောင်းရတာ ဖြစ်ပါတယ်။
အိုဘားမားက မနေ့က အိမ်ဖြူတော်မှာ သတင်းသမားတွေနဲ့ တွေ့စဉ် လစ်ဗျားပြည့်ရှင် ဗိုလ်မှူးကြီး ကဒါဖီ အာဏာကို စွန့်လွှတ်သင့်ပြီ။ တိုင်းပြည်ကနေ ထွက်ခွာသင့်ပြီ လို့ ထင်ထင်ရှားရှားကြီးကို ထုတ်ပြောလိုက်တယ်။ အဲသည်မတိုင်ခင်မှာ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဒေါ်ကလင်တန် ကိုယ်တိုင်ကလည်း အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ ဆက်ဆံရေးမူဝါဒကို ပြန်စဉ်းစားရမယ်။ ခေတ်ပြောင်းနေပြီလို့ သုံးသပ်လိုက်တယ်။ ဒါကြောင့် ကုလလုံခြုံရေးကောင်စီက လစ်ဗျားကို ပိတ်ဆို့ အရေးယူဖို့ တညီတည်း ဆုံးဖြတ်ခဲ့တယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံအချို့ နဲ့ ဗြိတိန်က လစ်ဗျားအာဏာရှင်ရဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေကို သိမ်းဆည်း ပိတ်ဆို့ထားလိုက်တယ်။ ကဒါဖီဟာ သူတော်ကောင်းကြီးပါ။ သူငယ်ချင်း အရင်းကြီးတွေပါလို့ ပြောနေတဲ့ အနောက်အုပ်စုက ခေါင်းဆောင်အချူို့တွေဟာ ပါးစပ်တွေ ပိတ်ကုန်ကြတယ်။
နိုင်ငံတကာက အရေးယူ ပိတ်ဆို့မှုတွေမှာ စီးပွားရေး ဘဏ္ဍာရေး ပိတ်ဆို့မှုတွေအပြင် လက်နက်တင်သွင်းမှုတွေကိုပါ ပိတ်ပင်တာလည်း ပါဝင်တယ်။ ပြီးတော့ လက်ရှိ ကဒါဖီအမိန့်နဲ့ ပြည်သူတွေကို မင်းမဲစရိုက် ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ ပစ်ခတ်တာ၊ သတ်ဖြတ်တာ၊ ဗုန်းချပြီး သတ်တာတွေ အကုန်လုံးကို မှတ်တမ်းပြုစုပြီး၊ ကုလလူ့အခွင့်အရေးကောင်စီကနေ နိုင်ငံတကာရာဇ၀တ် ခုံရုံးတင်ပြီး အရေးယူဖို့အထိလည်း နိုင်ငံတကာက သဘောတူတယ်လို့ ဆိုတယ်။ လက်ရှိမှာ အနောက်အုပ်စုက သူ့နိုင်ငံသားတွေ လစ်ဗျားပြည်က အကုန်မကယ်ထုတ်ရသေးခင်မှာ လွန်လွန်ကျူးကျူး ဘာမှ မပြောကြသေးဘူး။ နယ်စပ်တွေက စစ်ပြေးဒုက္ခသည်တွေ အားလုံးကိုတော့ အကူအညီတွေ စတင်ပြီး ပို့နေပြီ။ စောင့်ရှောက်မှု တွေ ပေးနေပြီ။
စစ်ရေးအရ အပြစ်မဲ့ပြည်သူတွေကို ကာကွယ်ဖို့ လိုပြီလို့တော့ ပြောနေကြတာပဲ။ သို့သော် ဥရောပ စစ်အုပ်စု – နေတိုးက ထုံးစံအတိုင်း စစ်ရေးစွက်ဖက်မှုကို အချိန်ဆွဲနေတယ်။ အမေရိကန်ကတော့ သူ့လေယာဉ်တင်သဘောင်္ကြီးတွေကို မြေထဲပင်လယ်ကွေ့ထဲကို ရွှေ့လိုက်တယ်။ လေကြောင်းကနေ လစ်ဗျားစစ်လေယာဉ်တွေ မပျံသန်းရဇုံ သတ်မှတ်ဖို့ ဆိုတာက လစ်ဗျားလေကြောင်းကာကွယ်ရေးစနစ်ကို အရင်ဆုံး တိုက်ခိုက် ချေမှုန်းပြီးမှ သတ်မှတ်နိုင်တာ ဖြစ်လို့ နိုင်ငံတနိုင်ငံကို စစ်ကြေညာတိုက်ခိုက်လိုက်တာနဲ့ အတူတူပဲ၊ လူသားချင်း စာနာပြီး ကာကွယ်ရေးလုပ်တယ်လို့ ဆင်ခြေလက်ခြေ မပေးကောင်းဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မစ္စတာဂိတ်က ဗြောင် ထောက်ပြတယ်။ ဒါကြောင့် စစ်ရေးအရ ၀င်ဖို့ကို အနောက်က တွန့်နေတာပေါ့။
ဒီကြားထဲ ရေနံကုမ္မဏီက ဥရောပနိုင်ငံသားတွေကို ဥရောပနိုင်ငံတခုက စစ်သားတွေ ၀င်ကယ်တာ စစ်သားတွေ ကိုယ်တိုင် အဖမ်းခံထားရတယ် ကြားတယ်လေ။ စစ်ရေး စွက်ဖက်ဖို့ ဆိုတာ အလွန်ကြီးကျယ်တဲ့ ကိစ္စ၊ အလွန် အချိန်ယူတယ်ဆိုတာ သဘောပေါက်လာတယ်။
နောက်တချက်ကတော့ ယခုမှ ပေါ်ပေါက်လာတဲ့ အတိုက်အခံ မဟာမိတ်တပ်ပေါင်းစုဆိုတာက ဘယ်လောက်အထိ သက်ဇိုးရှည်မယ်လို့ ဘယ်သူမှ အတတ်မပြောနိုင်ဘူး။ အနောက်အုပ်စုကလည်း သူတို့ကို ဘယ်လို သဘောထား ဆက်ဆံရမယ် မသိဘူး ဖြစ်နေတယ် ပြောတယ်။ သူတို့တတွေ အချင်းချင်း ကွဲကြရင် အနောက်အုပ်စုကလည်း မျက်နှာပျက်မှာ စိုးရိမ်ပုံရပါတယ်။ ပြည်တွင်းစစ်ကြီး ဖြစ်ဖို့ အစပြုပြီ ဆိုရင် လက်ရှိ အာဏာရှင်က လူထုဆန္̔ဒပြပွဲကို ပစ်သတ် ဖြေရှင်းတာထက် ပိုဆိုးတဲ့ ရက်စက်မှု၊ ကြမ်းကြုတ်မှုတွေနဲ့ အတိုက်အခံတွေ ပြည်သူတွေအားလုံးကို အပြတ်ရှင်းမှာကလည်း သေချာနေတော့ အနောက်အုပ်စုဟာ အချိန်ဆွဲဖို့ကလည်း အခက်၊ အမြန်အဆန် ဘက်လိုက်ဖို့ကလည်း သံရေးတမန်ရေးတွေကြောင့် အခက် ဖြစ်နေတာပေါ့လေ။
သည်နေရာမှာ ကုလသမဂ္ဂကိုယ်တိုင်ကော၊ နိုင်ငံတကာ ကွန်မြူနီတီကိုယ်တိုင်ကပါ လစ်ဗျားပြည်သူတွေဖက်က ရပ်တည်ပေးနေပြီ၊ အစွမ်းကုန် ကန့်ကွက်ပါတယ်၊ ရှုတ်ချပါတယ်၊ ရပ်တန်းက ရပ်ကြပါ၊ ကဒါဖီ အလိုမရှိ လို့ ကုန်းပြီး ငယ်သံပါအောင် အော်တာလောက် လုပ်နိုင်တာ ဖြစ်ပါတယ်။ လက် မပါနိုင်ဘူးဖြစ်နေတယ်။ လက်ပါ လာကြအောင်ကလည်း အခု ပြန်ပြီး တော်လှန်နေတဲ့ သူပုန်တွေ၊ ဆန္ဒပြပြည်သူတွေ၊ အတိုက်အခံ တပ်ပေါင်းစုတွေ ကိုယ်တိုင်က နိုင်ငံတကာရဲ့ ၀င်ရောက်စွက်ဖက်မှုကို တရားဝင် လူသိရှင်ကြား တောင်းခံပြီလား ဆိုတာကလည်း မေးခွန်းတခု ဖြစ်နေပါတယ်။ သူတို့တွေက တရားဝင် မတောင်းဆိုရင်၊ အကူအညီ မတောင်းခံရင် (စစ်ရေးအရကို ပြောတာပါ၊ လူသားချင်း စာနာတာတွေကတော့ နယ်စပ်မှာ ရောက်နေပြီ) နိုင်ငံတကာက ၀င်လို့ မရပြန်ဘူးလို့ တတ်သိပညာရှင်တွေက ထောက်ပြနေတာကို ကြားရပါတယ်။
ပြောချင်တာကတော့ ယခင်က အာဏာရှင်တိုင်းပြည်တွေရဲ့ အုံကြွမှုတွေမှာ ပြည်သူတွေက အာဏာရှင်တွေအပေါ် အနိုင်ရတယ်၊ အနိုင်မရသေးရင်လည်း အသာစီးရကြတယ် ဆိုကြရာမှာ သိသာထင်ရှားတဲ့ နိုင်ငံတကာရဲ့ ၀င်ရောက်စွက်ဖက်မှု အခန်းကဏ္ဍကို မမြင်ခဲ့ကြရဘူး။ နိုင်ငံတကာဟာ နောက်ကွယ်ကနေ ဖိအားတွေပေးပြီး ကြိတ်ပြီး ဖြေရှင်းကြတယ်လို့ ဆိုတယ်။
အခု လစ်ဗျားမှာကတော့ အစွမ်းကုန် ခြေကန်ပြီး ခေါင်းမာတဲ့ အာဏာရူးကြီး၊ မှူးကြီး သန်းရွှေ အေးလေ ယောင်လို့ ဗိုလ်မှူးကြီး ကဒါဖီ ဖြစ်နေတော့ နိုင်ငံတကာအစိုးရကွန်မြူနီတီဟာ အပြစ်မဲ့တဲ့ လစ်ဗျားပြည်သူတွေဖက်က ၀င်ရောက်စွက်ဖက်ဖို့ ရပ်တည်ဖို့ အခြေအနေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ နိုင်ငံတကာက လက်နက်မဲ့တဲ့ ပြည်သူတွေအားလုံးဟာ ဒီအချိန်မှာ သူတို့စွမ်းဆောင်ရည်တွေနဲ့ အာဏာရှင်နဲ့ သူ့စစ်တပ်ကို ဖြုတ်ချနိုင်ဖို့ လက်လှမ်းမမီတော့လို့  နိုင်ငံတကာ အစိုးရမင်းများ၊ ကုလသမဂ္ဂမင်းများရဲ့ စွမ်းဆောင်ရည်တွေ အခမ်းကဏ္ဍတွေကို အားကိုးတကြီးနဲ့ မျှော်ကြည့်နေကြရတဲ့ အချိန်ကို ရောက်လာပြီကိုး။
နိုင်ငံတကာက လက်နက်မဲ့ပြည်သူဟာ တော်လှန်တဲ့လစ်ဗျားအလံကိုင်ပြီး အာဏာရူးကြီးရဲ့ အဆင်ခြင်မဲ့တဲ့ သေနတ်ပြောင်းရှေ့ကို ဆက်ချီတက်ပြီး အသေခံပြနေရဦးမှာလား၊ ဒါမှမဟုတ် သူတို့ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရတွေက ၀င်ရောက် မဖြေရှင်းပေးနိုင်ကြတော့ဘူးလား ဆိုတဲ့ လမ်းဆုံ လမ်းခွ ရောက်နေပြီလို့ ပြောချင်တော့တာပဲ။
၂၁ ရာစုဟာ စစ်သွေးကြွတွေ၊ အစွန်းရောက် အကြမ်းဖက်သမားတွေ၊ ရှေးရိုးစွဲ ခေတ်နောက်ပြန် ဆွဲချင်သူတွေနဲ့ သမိုင်းကို ရေးခြယ်ခြင်း ခံနေမှာလား၊ ရဲရင့်တဲ့ အကြမ်းမဖက် ငြိမ်းချမ်းရေးသမားတွေ၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့ လွတ်လပ်မှုကို တောင်းဆိုတဲ့ ပြည်သူတွေနဲ့ ရာစုသစ်ကို ခရီး ဆက်သွားကြမှာလား ဆိုတာ ကာယကံရှင်ကိုယ်တိုင်က ဖြေကြရမှာ ဖြစ်ပါတယ်။
ခေါင်းလောင်းထိုးသံ ကတော့ ကြားနေရပါပြီ။ ကဒါဖီအတွက်လား၊ လစ်ဗျားပြည်သူတွေ အတွက်လား။ မကြာခင်မှာ အဖြေပေါ်မှာပါ။ နောက်ထပ် အနှစ် ၄၀ စောင့်ကြဦးမယ် ဆိုရင်ဖြင့် လစ်ဗျားပြည့်ရှင့် ကဒါဖီရဲ့ သားတော် နန်းသိမ်းပွဲမှာ မြန်မာပြည်က “အရုဏ်ဦးမှာ ဖူးသည့်ကြာ အပိုင်း ၂” ရုပ်ရှင်ဇာတ်ကားအသစ်တခု အမြန်ထပ်ရိုက်ပြီး လက်ဆောင်ပေးလိုက်ရုံသာ …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts