>Shwechinthe Social Service Group, Shwe Bo, Sagaing

>

 Shwechinthae Social Service Group –  SSSG
ရွှေခြင်္သေ့ကျောင်းတိုက်၊ ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်း
စာဖတ်သူတဦး ရန်ကုန်မြို့က စုဆောင်းတင်ပြသည်
မတ် ၁၊ ၂၀၁၁
အခု စုဆောင်းတင်ပြပေးထားတာကတော့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က ရွှေခြင်္သေ့ကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ရွှေခြင်္သေ စေတနာ့ဝန်ထမ်း ကုသိုလ်ပြု လူမှုရေးအဖွဲ့တခုအကြောင်း ဖြစ်ပါတယ်။ ကျောင်းတိုက်က ထုတ်ဝေတဲ့ စာရွက်စာတမ်းတွေ၊ မှတ်တမ်းတွေကိုလည်း ရယူပြီးတော့၎င်း၊ လူနာများ၊ စေတနာ့ဝန်ထမ်းများကို မေးမြန်းပြီးတော့၎င်း တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေသူများရဲ့ အမည်များကို ဖော်ပြခြင်း မပြုဘဲ လုပ်ငန်းများနဲ့ အဖွဲ့အကြောင်းကို တင်ဆက်လိုက်တာဖြစ်ပါတယ်။ စာဖတ်သူများအတွက် အကျိုးရှိကြလိမ့်မယ် ထင်ပါတယ်။
အစ၏ အစ
၁၈၊ ၁၂၊၂၀၀၀ မှာ  ရွှေခြင်္သေ့စာကြည့်တိုက် ဖွင့်ခဲ့သည်။
ဆယ်တန်း ကျောင်းဆက်မထားနိုင်သူများ၊ ဘွဲ့ရ၊ အလုပ်မရှိသော စာကြည့်တိုက်အသင်းဝင်များနှင့် ၁၀ တန်း ပညာဒါန စဖွင့်။
ကျန်းမာရေးအတွက် သုတဒါန
၂၀၀၁ တွင် ပတ်ဝန်းကျင်တွင် AIDS နှင့် သေဆုံးသူများလာသည့်အတွက် HIV ကူးစက်နိုင်သည့် အန္တရာယ်ရှိ မရှိ သိနိုင်ရန် မေးခွန်းများပါသည့် ပညာပေးစာရွက်များကို မိတ္တူကူးပြီး ငှားသည့် မဂ္ဂဇင်းစာအုပ်များတွင် ထည့်ချုပ်ကာ သုတဒါန အစီအစဉ်အဖြစ် ကောင်းနိုးရာရာ HIV ပညာပေးစာရွက်များကို ရွက်ရေ (၁၅၀၀၀)ရိုက်နှိပ်ပြီး ဘုံမဟာကထိန်ပွဲတော်တွင် ၁၅ နှစ် နှင့် ၃၀ နှစ်ကြား လူငယ်များကို အဓိကထား ဝေငှခဲ့။ Unicef ထုတ် HIV/AIDS အမေးအဖြေတစ်ရာ စာအုပ်ကို မိတ္တူကူးပြီး ကားဂိတ်များ၊ ဆိုက္ကားဂိတ်များ၊ ဆံသဆိုင်များ၊ အလှပြင်ဆိုင်များသို့ ပေးပို့ရင်း သုတဒါန အစီအစဉ်ကို တိုးချဲ့ခဲ့။ 
 
သင်တန်းများ၊ ပညာပေးဆွေးနွေးပွဲများ
ယင်းနောက် ကာလသားရောဂါနှင့် အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးဌာန တာဝန်ခံဆရာဝန်နှင့် စာကြည့်တိုက်အဖွဲ့ဝင် ဆရာဝန်နှစ်ဦးက ဦးဆောင်၍ ရှင်းလင်းပို့ချသော တပတ်လျှင် တရက်၊ (၆) လကြာ ပညာပေးသင်တန်းကို ဆိုက္ကားသမားများ၊ ကားသမားများ၊ ပန်းရံသမားများ၊ ကားဝပ်ရှော့မှ လူငယ်များ၊ တွင်ခုံ လုပ်သားများ၊ လိင်ဆက်ဆံဖက်များသူများ၊ ကျောင်းသားလူငယ်များ စသည့် ဦးတည်အုပ်စုများကို တစုချင်း စည်းရုံးသင်တန်းပေးခဲ့။
လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ၊ AIDS ဝေဒနာရှင်များ၊ စေတနာ့ ၀န်ထမ်းများ၊ ဆယ်ကျော်သက်များ၊ လူငယ်များစသည့် အုပ်စုတူများကို ကျန်းမာရေးဆိုင်ရာ သင်တန်းမျိုးစုံပေးနေ။
ကွန်ယက်များ ချိတ်ဆက်ခြင်း
၂၀၀၂ ၌ မန္တလေးမှ PSI (Population Service International) နှင့် ချိတ်ဆက်မိပြီး တောရောမြို့ပါ ဘုရားပွဲများ၊ ကထိန်ပွဲများ၊ စာကြည့်တိုက်နှစ်ပတ်လည်ပွဲများ၌ ပညာပေးရုပ်ရှင်များ လှည့်လည်ပြသခြင်း၊ ကွန်ဒုံး ဖြန့်ဝေခြင်း၊ လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများကို ပညာပေးခြင်း၊ ပြပွဲ ပြိုင်ပွဲများပြုလုပ်ပြီး တမြို့လုံးစိတ်ဝင်စားသူ မှန်သမျှ ဖိတ်ခေါ်၍ ဟောပြောဆွေးနွေးပွဲများ လုပ်ခြင်း၊ လူစည်ကားသော သင်္ကြန်ပွဲများတွင် ကွန်ဒုံးဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့။
ယင်း၂၀၀၂ မှာ ရန်ကုန်တိုက်ဖျက်ရေးဌာနချုပ်သို့ ပညာပေးစာအုပ်များ ဆက်သွယ်တောင်းခံရာ “အမေးအဖြေ တရာ” အုပ်(၁၀၀)၊ “Counselling မှတ်စု” အုပ်(၅၀)၊ “ကျန်းမာရေးဝန်ထမ်းလက်စွဲ” အုပ်(၅၀) ရသဖြင့် စာကြည့်တိုက် အသင်းဝင်(၁၀၀)ခန့်မှ တဆင့် တဦးလျှင် (၁၅)ယောက်နှုံး ဖတ်ရှုစေခဲ့။
ယူနီဆက် ၏ အကူအညီဖြင့် HIV/AIDS နှင့်စပ်ဆက်သမျှ စာအုပ်များ၊ ပညာပေးလုပ်ငန်းများကို ရွှေဘိုခရိုင်(ဂ) မြို့နယ်လုံး မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ်ကျောင်းများ၊ စာအုပ်အငှားဆိုင်များ၊ ဆံသဆိုင်များ၊ ပြည့်တန်ဆာအိမ်များ၊ ရဲစခန်းများ၊ လိင်ဆက်ဆံဖက်များသူများ၊ ဝေဒနာရှင်မိသားစုများ၊ အလုပ်ရုံများ၊ ဝပ်ရှော့ပ်များ၊ ဈေးများ အပါအဝင် နေရာအမျိုးမျိုးမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရုံမကဘဲ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှ ရွှေတောနှင့် ကျွန်းလှမြို့နယ်မှ ရေနံမှော်များ၊ ရွှေဘို မုံရွာမှ တက္ကသိုလ် ကောလိပ်အဆောင်များထိပါ ဖြန့်ဝေနိုင်ခဲ့။ ယင်းလုပ်ငန်းများကို စာကြည့်တိုက်အသင်းဝင်များက စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်ပေးခဲ့ကြ။
 
ဝေဒနာရှင်များအတွက် ရိပ်သာဂေဟာများ
မြို့တွင်းပြုလုပ်သော ပွဲများအပြင် အနယ်နယ်အရပ်ရပ်မှ လူများ လာကြသော မြို့ဒေါင့်စေတီဘုရားပွဲတော်၌ပါ ပညာပေးပြခန်းဖွင့်၍ ဟောပြောပွဲ၊ ကာတွန်းပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ မည်သို့မည်ပုံ တိုက်ဖျက်ကြမလဲနှင့်ဆိုင်သည့် နှီးနှောဖလှယ်ပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ၂၀၀၅ တွင် ထိုပညာပေး လုပ်ငန်းများ၌ AIDS ဝေဒနာရှင်များကိုယ်တိုင် HIV ရောဂါရှိသည့်အကြောင်းကို ဖွင့်ဟပြောဆို၍ ပါဝင် လုပ်ဆောင်လာကြ။ နောက်ပိုင်း အလှူရှင်(၄)ဦး၏ မတည်ငွေ (၉)သိန်းဖြင့် O/I (opportunistic infections) ကုသရေးလုပ်ငန်းကို အဖွဲ့ဝင်ဆရာဝန်တို့၏ ဆေးခန်း(၃)ခန်းတွင် စတင်လုပ်ဆောင်ခဲ့။ ယနေ့ထိ AIDS ဝေဒနာရှင် (၃၇၀)ဦးကို ကုသ စောင့်ရှောက် ပေးနေ။  AIDS ဝေဒနာရှင် ကလေး (၂၁)ဦးရှိ။
၂၀၀၇ မှ၂၀၁၀ ထိ International HIV/AIDS Alliance နှင့် လက်တွဲ၍  AIDS ဝေဒနာရှင်များအတွက် Care and Support Project လုပ်ကိုင်ပေးရင်း အသက်ဆက်။ လိင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ၊ AIDS ဝေဒနာရှင်များကိုပါ ပညာပေးလုပ်ငန်းများ၌ ပါဝင်စေပြီး SHG (Self Help Group) များဖွဲ့နိုင်ခဲ့။ ယင်းတို့အတွက် အားပေးနှစ်သိမ့် တွေ့ဆုံပွဲများ၊ သင်တန်းများ မကြာမကြာ ပြုလုပ်ပေးနိုင်ခဲ့။ မိဘမဲ့ကလေးများနှင့် သားသမီးများသော မုဆိုးမများကို ဦးစားပေး၍ ARV ဆေး ကုသိုလ်ရှင်များ ရှာဖွေပေးခဲ့။
ယခုအခါ မန္တလေးဆေးရုံကြီးမှ ARV ဆေး ပေးလာသည့်အတွက် ဆေးရုံသို့ လွှဲပြောင်းဆေးရယူပေးခြင်း၊ လိုက်ပါပို့ဆောင်ပေးခြင်း၊ ခရီးစရိတ်မတတ်နိုင်သူများအတွက် ခရီးစရိတ်များ ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့။ စုစုပေါင်း AIDS ဝေဒနာရှင် ( ၆၇ ) ယောက် ခန့် ပို့ပြီး၊ ပို့နေဆဲ။ ARVဆေးရရှိပြီးသူ (၃၆ )ဦးရှိ။
 
သန့်စင်သွေး အလှူရှင်များ
၂၀၀၆ ခုနှစ်တွင် သွေးသွင်းကုသရာကတဆင့် ရောဂါပိုးကူးစက်မှုလျော့ချနိုင်ရန်အတွက် B ပိုး C ပိုး HIV ပိုးများ ကြိုတင်စစ်ပေး၍ သန့်စင်သွေးအလှူရှင်အဖွဲ့ကို ဖွဲ့စည်းပြီး ၃ လကျော်မှသာ သွေးစတင်လှူဒါန်းစေခဲ့။
ယနေ့ထိ သန့်စင်သွေးအလှူရှင်ပေါင်း (၇၅၀) စစ်ဆေးစုစည်းထားရှိခဲ့ပြီး အခြားသွေးလှူရှင်အဖွဲ့များနှင့်ပါ ချိတ်ဆက်၍ တလလျှင် ဆေးရုံ၏ လိုအပ်ချက် သွေးအိတ် (၁၀၀)ခန့်၊ အပြင်ဆေးခန်းများအတွက် (၁၀)အိတ်ခန့် ဖြည့်ဆည်းပေးနေ။ ယခု ၂၀၁၁ တွင် SSSG မှဦးဆောင်၍ အများကောင်းမှုဖြင့် ဆေးရုံသို့ နေရောင်ခြည် စွမ်းအင်နှင့် လျှပ်စစ်မီးနှစ်မျိုးသုံး သွေးဘဏ်ပါ လှူဒါန်းနိုင်ခဲ့ပြီး ပေါင်း(၆)ဗူးဖြင့် အောက်ဆီဂျင်ဗူး အခမဲ့ငှားသည့်လုပ်ငန်းလဲ လုပ်ဆောင်။
မိသားစု ပတ်ဝန်းကျင် စောင့်ရှောက်ရေး၊ ဖွံဖြိုးရေး ပညာဒါန
၂၀၀၁ မှစ၍ ၁၀ တန်း၊ နွေရာသီယဉ်ကျေးမှုသင်တန်း၊ သင်တန်းကာလ ၅လခန့်ကြာသော အဘိဓမ္မာ သင်တန်း၊၂၀၀၂မှစ၍ ဂျပန်၊ အင်္ဂလိပ်ဘာသာစကား သင်တန်း၊ ၂၀၀၇မှစ၍ အခြေခံအီလက်ထရွန်းနစ် သင်တန်းများ ဖွင့်လှစ်ခဲ့။ ၂၀၀၈မှာ ကလေးပန်းချီသင်တန်းဖွင့်လှစ်။ သင်တန်းမှန်သမျှ ပညာဒါနချည်း ဖြစ်သည်။
၂၀၀၈ တွင် လေလွင့် လမ်းဘေးကလေးငယ်တို့၏ လူ့အပါယ်ခံ ရည်မှန်းချက်မဲ့ဘ၀များအတွက် ရည်ရွယ်၍ သူတို့အတွက် ကျောင်းဖွင့်ဖို့ ကြိုးပမ်း။ ဤအကြောင်းကို ကြားသိသော ယူနီဆက်မှ CRC သင်တန်းလာပေး။ ထို့နောက် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသော မန္တလေးမှ World Vision နှင့် ယူနီဆက်တို့ထံ သွားရောက်လေ့လာခဲ့။ World Vision မှ ကျောင်းဖွင့်နိုင်ရန် သင်တန်းများ ပို့ချပေး။ Shwechinthae Child Development Centre (SCDC) ဖွင့်လှစ်နိုင်ခဲ့။
 
ရင်ခွင်မဲ့သော ရင်သွေးများအတွက် အေးရိပ်သာ
လမ်းဘေးကလေးများသည် အရက်၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးစွဲသူအများစုဖြစ်ပြီး နိုင်ရာစား၊ ကြီးနိုင်ငယ်ညှင်းများ ဖြစ်ကြသည့်အတွက် NFE (Non-Formal Education)၊ Life skill၊ တကိုယ်ရေသန့်ရှင်းရေး၊ နားလည်ပေးသော ဆက်ဆံမှု၊ ကြင်နာမှု၊ ပန်းချီ၊ အားကစားများကို အချိုးကျ ပေါင်းစပ်သင်ကြားလေ့ကျင့်ပေး။ စေတနာ့ဝန်ထမ်း (၁၅)ဦးဖြင့် ၁ ပတ် ၄ ရက်ထမင်းကျွေး သင်ကြားပေးလျက်ရှိ။
မှတ်ပုံတင်စာရင်းဝင်ကလေးငယ်  (၂၁၀)ရှိပြီး ထိုအထဲမှ ပုံမှန်(၆၀)ခန့်ကျောင်းလိုက်၍ ကျောင်းအိပ်ကျောင်းစား (၃၀)ခန့်ရှိ။ အထူးသဖြင့် အရက်၊ ကွမ်း၊ ဆေးလိပ်၊ မူးယစ်ဆေးသုံးစွဲသူများအတွက် အစားထိုး အစီအစဉ်အဖြစ် ဘောလုံးကစားခြင်းစသည့် အားကစားအစီအစဉ်များကို ဦးစားပေး လုပ်ဆောင်။ 
International HIV/AIDS Alliance က OVC (Orphan Vulnerable Children)တိုးချဲ့လုပ်ကိုင်မည်ဆိုသဖြင့် ၂၀၀၉-၂၀၁၀ တွဲဖက်လုပ်ကိုင်ခဲ့ပြီး တမြို့လုံး OVC စာရင်းကောက်ခံခဲ့ရာ (၉၃၂)ယောက် ရခဲ့။
SSSG သည် အထက်ဖော်ပြပါ အလုပ်များကို ပညာအလှူ၊ ငွေကြေးအလှူ၊ လုပ်အားအလှူစသည့် အလှူအမျိုးမျိုးကို အားပြု၍  လုပ်ကိုင်ဆောင်ရွက်ခဲ့၊ ဆောင်ရွက်နေဆဲဖြစ်သည်။
ဆက်သွယ် လက်တွဲရန်
ရွှေခြင်္သေ့လူမှုစောင့်ရှောက်ရေးအဖွဲ့၊ ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်း။
            sssg181200@gmail.com
          စုဆောင်းထားသော ဓာတ်ပုံမှတ်တမ်းများ –
         

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts