>D Let Myo – Fairwell to Poet Soe Aung

>

မင်းသွားနှင့်ပြီပေါ့ စိုးအောင်
(သို့မဟုတ်)
ကန့်ဘလူမြို့က ကဗျာမြစ်
ဒီလက်မျိုး
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁
မနေ့က သစ်ကောင်းအိမ်က ဖုန်းဆက်တယ်
စိုးအောင်(ကန့်ဘလူ) ဆုံးပြီ တဲ့။
ဟုတ်ရဲ့လား သူငယ်ချင်းရယ်
မင်းထွက်သွားတာ စောလှချည်လား။
ငါမြင်ယောင်မိပါသေးရဲ့
၃၃လမ်းညနေတွေကို ။
ရွှေမြန်မာဂျာနယ်တိုက်က
အယ်ဒီတာလေး စိုးကိုအောင်ရေ
ငါတို့ရဲ့ ၃၃လမ်းညနေတွေကို မမေ့ပါနဲ့၊
ငါလည်း မင်းနဲ့ ၄၂လမ်းညတွေကို မမေ့ဘူးကွယ်။
မင်းနဲ့ဆိုဖီယာဝေးတဲ့ ညတွေမှာ
ငါနဲ့ မင်းနဲ့ သစ်ကောင်းအိမ်နဲ့
ရန်ကုန်မြို့နဲ့ အဝေးတကာ့ အဝေးဆုံးလို့
လူတွေက သတ်မှတ်ကြတဲ့
ယုဇနဥယျာဉ်မြို့တော်ကြီးဆီကို ပြန်လာခဲ့ဖူးတယ်လေ။
ပဲခူးမြစ်ကြီးကလည်း
မင်းကို မှတ်မိမှာပါ စိုးအောင်ရယ်။
ဂျင်းဘောင်းဘီကြိုက်တဲ့ကဗျာဆရာထဲမှာ
မင်းလည်းပါတယ်နော်။
Grand royal ၀ီစီကီ၂ပက်
စည်ဘီယာတခွက် မော့သောက်ပစ်ခဲ့တဲ့
၃၅လမ်းက ရှမ်းရိုးရာမှာ
ခုလောက်ဆို
မင်း
အဖေါ်တွေကို မျော်နေရှာရော့တော့မယ်။
သူငယ်ချင်းရယ် …
၃၃လမ်းလေထန်ကုန်းမှာ မင်းရှိနေမှာပါ
၄၂လမ်းမှာ မင်းရှိနေမှာပါ
၁၉လမ်းမှာ မင်းရှိနေမှာပါ
ယုဇနမှာ မင်းရှိနေမှာပါ
ဆိုဖီယာရဲ့ ကမ္ဘာမှာ မင်းရှိနေမှာပါ။
သူငယ်ချင်းစိုးအောင် …
မင်း …
ကောင်းရာသုဂတိလားပါစေ။  
ဖေဖော်ဝါရီလ ၂၇ရက်
ရန်ကုန်မြို့တွင် သေဆုံးသွားခဲ့သော ရေးဖော်ရေးဖက် ရဲဘော်သူငယ်ချင်း ကဗျာဆရာ စိုးအောင် (ကန့်ဘလူ)ခေါ် ကိုစိုးကိုအောင်အတွက် ရေးဖွဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts