>Price hikes as Gas & Transport charges go up in Burma

>

ကုန်ဈေးနှုန်းနဲ့ ၀န်ဆောင်ခများ ဈေးကြီးရခြင်းမှာ လောင်စာဆီဈေး ထိုးတက်ခြင်းနဲ့ ကုန်ချိန်ပို တင်ခွင့်မရှိလို့ ဖြစ်ကြောင်း
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၁
ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်း ဓါတ်ဆီ၊ ဒီဇယ်ဆီများ ၃၀ ရာခိုင်နှုန်းကျော် ထိုးတက်ခဲ့သည့် အတွက် ကုန်ပစ္စည်းနှင့် ၀န်ဆောင်ခဈေးနှုန်းများ မြင့်တက်လာနေသည်ဟု ကုန်သည်များနှင့် ခရီးသွားသူများက ပြောသည်။ ထို့ပြင် အာဆီယံစံနှုန်း သတ်မှတ်ချက်ဟု ခေါ်ဆိုသည့် ကုန်တင်ယာဉ်များ တန်ပိုတင်ဆောင်ခွင့် မပြုခြင်းကြောင့်လည်း ကုန်သယ်ဆောင်ခ မြင့်တက်ခဲ့ပြီး ယခုအခါ ရန်ကုန်နှင့် နယ်မြို့များတွင် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာသည်ဟုလည်း သိရှိရသည်။
ယခုသီတင်းပတ်အတွင်း ဒီဇယ်ဆီဈေးမှာ တစ်ဂါလံ ကျပ် ၃၈၀၀ မှ ၄၀၀၀ (အမေရိကန်ဒေါ်လာ ၄ ဒေါ်လာ ကျော်) နောက်ရက်အနည်းငယ် အကြာမှာပဲ  ၄၂၀၀ (အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ကျော်) အထိရောက်ရှိခဲ့ပြီး ဓါတ်ဆီဈေးနှုန်းမှာလည်း လွန်ခဲ့သည့် သီတင်းပတ်များထက် ကျပ် ၅၀၀ (အမေရိကန်ဒေါ်လာ ပြား ၅၀ ) ၀န်းကျင်မြင့်တက်ခဲ့ကာ ပြင်ပပေါက်ဈေးအနေဖြင့် တစ်ဂါလံ ကျပ်၃၉၀၀ မှ ၄၀၀၀  (အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ ၀န်းကျင်) အထိရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်သည့် စက်သုံးဆီဆိုင်များတွင် သတ်မှတ်ဈေး တစ်ဂါလံ ၂၅၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၃ ဒေါ်လာ) ဖြင့်ရောင်းချလျက်ရှိသော်လည်း ထိုဈေးနှုန်းဖြင့်ဝယ်ယူခွင့်ရဖို့ အချိန်နာရီနဲ့ချီစောင့်ဆိုင်းရသည့် အတွက် တန်းစီပြီး ပြန်လည်ရောင်းချသည့် အလုပ်ပေါ်ထွက်လာခဲ့သည်။ ထိုကဲ့သို့  ကားသို့မဟုတ် ဆိုင်ကယ်ဖြင့် ဓါတ်ဆီတန်းစီပြီး ပြန်လည်ရောင်းချပြီး ပြင်ပပေါက်ဈေးတွင် ဓါတ်ဆီအဖြူမှာ တစ်ဂါလံ ၃၉၀၀ ကျပ် (အမေရိကန် ဒေါ်လာ ၄ ဒေါ်လာ ကျော်) အထိရောက်ရှိလာခဲ့သည်။
လောင်စာဆီ ဈေးနှုန်းမြင့်တက်မှု၏ တိုက်ရိုက်သက်ရောက်မှု အဖြစ် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန် – မော်လမြိုင်ခရီးသည်တင်ကား လက်မှတ်ခ ကျပ် ၅၀၀၀ မှ ၅၅၀၀ ကျပ်သို့ (အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ ၀န်းကျင်) မြင့်တက်ခဲ့သည်ဟု ခရီးသည်များ၏ ပြောဆိုချက်အရ သိရှိရသည်။
ဇန်န၀ါရီ  လလယ်မှ စတင်ခဲ့သည့် အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုများကြောင့်သီတင်းပတ် အနည်းငယ်အတွင်း ကမ္ဘာ့ရေနံဈေးနှုန်း တစ်စည်လျင် ဒေါ်လာ ၁၂၀ ၀န်းကျင်ထိ မြင့်တက်ခဲ့ခြင်းကြောင့် ယခုလို ဒီဇယ်နှင့် ဓါတ်ဆီဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဘက်တွင်လည်း လွန်ခဲ့သည့် လအတွင်း အာဆီယံစံနှုန်း ဟုခေါ်ဆိုသည့် ကုန်တန်ချိန်ပိုတင်ခွင့်မပြုသည့် အတွက်ကြောင့် နယ်မြို့များနှင့် ရန်ကုန်ကုန်သယ်ပို့ခ ၂ဆနီးပါး မြင့်တက်ခဲ့သည်ဟု နယ်မြို့များမှ ကုန်သည်များက ပြောသည်။
မော်လမြိုင်မြို့မှ ဆေးရွက်ကြီး ရောင်းချသူ တစ်ဦးကပြောရာတွင် ယခင်လမှ စပြီးကုန်တန်ပိုတင်ခွင့်မရသည့်အဖြစ်ကြောင့် ကုန်ပို့ခ နှစ်ဆနီးပါး မြင့်တက်ခဲ့သည်ဟု ပြောဆိုသည်။ ဆေးရွက်ကြီးလိပ် တစ်ထုပ်လျင် ယခင် ကျပ် ၁၈၀၀ (အမေရိကန် ဒေါ်လာ ၂ ဒေါ်လာ) ကျသင့်သော်လည်း ယခုအခါ  ၃၀၀၀ ကျပ်ကျော် (အမေရိကန် ဒေါ်လာ ၃ ဒေါ်လာ ကျော်) သို့ရောက်ရှိခဲ့သည့် အတွက်ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်ခဲ့ရသည်ဟု ပြောသည်။
နအဖ စစ်အစိုးရ အနေဖြင့် လောင်စာဆီဖြန့်ဖြူးသည့် လုပ်ငန်းအား လွန်ခဲ့သည့်နှစ်လယ်က ပုဂ္ဂလိကအားလုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း လောင်စာဆီဖြန့်ဖြူးသည့် ဆိုင်များအနေဖြင့် ဓါတ်ဆီဈေးနှုန်းအား ကျပ် ၂၅၀၀ ဖြင့်သာရောင်းချရန် သတ်မှတ်ထားခဲ့သဖြင့် ယခုလို ဆိုင်ထုတ်ဈေးနှင့် ပြင်ပဈေး ၂မျိုးဖြစ်နေပြီး ပြင်ပပေါက်ဈေးက ဆိုင်ဈေးထက် ကျပ် ၁၄၀၀ ၀န်းကျင်မြင့်နေသည်ကိုတွေ့ရသည်။
          ယခုသတင်းတွင် အမေရိကန်ဒေါ်လာ နှင့် မြန်မာငွေ မှောင်ခိုငွေလွှဲဈေး ကျပ် ၈၅၀ – ၉၀၀ အတွင်း ကို အခြေခံပြီး အမေရိကန် ဒေါ်လာဈေးနဲ့ ယှဉ်တွဲ ရေးသားထားခြင်းဖြစ်သည်။ ၂၀၁၁ ဇန်န၀ါရီလ သတင်းအရ ရန်ကုန် အထည်ချုပ်အလုပ်သမား အခြေခံလစာမှာ ကျပ် ၁ သောင်း မှ ၅ သောင်း ( အမေရိကန် ၁၁ မှ ၄၅ ဒေါ်လာ) ဖြစ်သည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် စက်ရုံအလုပ်သမား တဦးလျင် အမေရိကန် ဒေါ်လာ ၅၀ အနည်းဆုံး ရသည်။ ဓာတ်ဆီဈေးမှာ အမေရိကန် ဒေါ်လာ ၁ ဒေါ်လာ ခွဲ သာ ရှိသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts