>
ရန်လိုကျွဲ
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၁ “—ဟောဒီ ဒုက္ခသီရိမြို့မှာ ငါ ဂုဏ်ပြုချင်တဲ့သူတွေရဲ့ နာမည်နဲ့ လမ်းတွေချည်းပဲကွ—“
ဒူးကြီး။ ။ ဟေ့ကောင် ကျွဲကြီး – ငါ အခုပဲ အပြင်သွားမလို့၊ လိုက်မလား ငါနဲ့။
ကျွဲ။ ။ ဘယ်ကိုလဲဗျ။ ရေခဲတောင် ဆိုရင်တော့ မလိုက်ပါရစေနဲ့။
ဒူးကြီး။ ။ (တဟက်ဟက် ရယ်ရင်း) ဟုတ်ပါဘူးကွာ။ နီးနီးနားနား လမ်းလျှောက်မှာပါကွ။ ဒုက္ခသီရိမြို့ထဲ သွားပြီး လိုအပ်တာတွေ လမ်းညွှန်မှာကြားတာမျိုး လုပ်မလို့ပါ။ ကဲပါကွာ၊ လိုက်ခဲ့စမ်းပါ သတင်းစာသမားရယ်။
ဒူးကြီး။ ။ ကဲ – ဒီနားမှာ ထူးခြားတာ ဘာတွေ့လဲ။
ကျွဲ။ ။ တခြားနေရာတွေလိုပါပဲ၊ လူသူလေးပါး မမြင်ရဘူး။ လမ်းမီးတွေလည်း နေ့ခင်းကြောင်တောင် လင်းနေတယ်။ ဘာထူးလို့လဲ။
ဒူးကြီး။ ။ အင်း – ဒီသတင်းသမားကတော့ အောင်မြင် ဖြစ်ထွန်းအုံးမယ်။ (လမ်း ဆိုင်းဘုတ်တခုကို ညွှန်ပြပြီး) ဟောဒီ ဆိုင်းဘုတ်မှာ ဘာရေးထားလဲ။
ကျွဲ။ ။ ဟိုက် – သခင်တင်မြလမ်း ဆိုပါလားဗျ။ ဘယ်လိုဖြစ်တာလဲ။ ဒီလမ်းမကြီးကို သူ့နာမည် ပေးထားတာ သူတောင် မသိဘူး ထင်တယ်။
ဒူးကြီး။ ။ ဟုတ်တယ်၊ သူ မသိသေးဘူး။ ဒီတည့်တည့် ဆက်သွားရင် တွေ့မယ့် လမ်းမကြီးကိုတော့ မောင်စူးစမ်း လို့ နာမည်ပေးထားတယ်။
ကျွဲ။ ။ မြန်မာပြည်မှာ လမ်းနာမည် အများစုက သေပြီးတဲ့သူတွေရဲ့ နာမည်ချည်းပဲ။ ဒုက္ခသီရိမှာတော့ အဲဒါနဲ့ ပြောင်းပြန် ဖြစ်နေတာ အံ့သြစရာကောင်းလိုက်တာ။
ဒူးကြီး။ ။ သူတို့ ၂ယောက်က နိုင်ငံတော်အကျိုးပြုစာတွေ ရေးကြတော့ ထိုက်တန်စွာ ဂုဏ်ပြုရတာပေါ့ကွာ။ သူတို့၂ယောက်တင် မကဘူး၊ ဟောဒီ ဒုက္ခသီရိမြို့မှာ ငါ ဂုဏ်ပြုချင်တဲ့သူတွေရဲ့ နာမည်နဲ့ လမ်းတွေချည်းပဲကွ။
ကျွဲ။ ။ ဦးသုဝေ လမ်းသွယ် ဆိုပါလားဗျ။
ဒူးကြီး။ ။ အေး – ဟုတ်သကွ။ ငါတို့ကို စနစ်တကျ တပ်ဆုပ်နေတယ်လို့ ပြောတဲ့ ဆရာဦးသုဝေပေါ့ကွာ။ သူ့ကိုလည်း ဂုဏ်ပြုရတာပေါ့။ ဟီးဟီး – ငါတို့က စနစ်တကျ တပ်ဆုပ် သလိုလိုနဲ့ စနစ်တကျ လည်ပင်းညစ်နေတယ်ဆိုတာ သူ မသိရှာသေးဘူး။ အဟက်ဟက်ဟက် —
ကျွဲ။ ။ ဟာ – ဟိုမှာ ဒေါက်တာသန်းငြိမ်းလမ်းသွယ်၊ ဦးခင်မောင်ဆွေလမ်းသွယ်။ ဂုဏ်ပြုထားတာပဲလား။ သူတို့ကိုတော့ ဘာကြောင့် လမ်းမကြီးနာမည်တွေ မပေးရတာလဲ။
ဒူးကြီး။ ။ ဟဲဟဲဟဲ – ဒီကောင်တွေက ငါတို့ လမ်းပြမြေပုံကို ထောက်ခံလို့ ဂုဏ်ပြုထားတာ။ ဒါပေမယ့် ငါတို့ကို ပူးသတ်မယ်ဆိုလား ဘာဆိုလား အဲဒါမျိုး ဆိုတော့ အရမ်း ယုံလို့ မရသေးဘူးလို့ ငါ့တပည့်တွေက ပြောလို့ လမ်းမကြီးနာမည် ပေးလို့ မဖြစ်ဘူး။
ကျွဲ။ ။ ဟိုက် – ဒီလမ်းလေးက ဗိုလ်ခင်ညွန့်လမ်း တဲ့။ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့်လား။
ဒူးကြီး။ ။ သိပ် ဟုတ်တာပေါ့။ ဒီခွေးမသားကို ငါ မကြိုက်ပေမယ့် ငါတို့ကို ကောင်းကောင်း အကျိုးပေးခဲ့တဲ့ကောင်ပေပဲ။ နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ဖို့၊ ထောင်ထဲမှာ ဖြည်းဖြည်းချင်း သေအောင်လုပ်ဖို့ကိစ္စတွေမှာ အရမ်း အားကိုးရတာကွ။ ကဲ – ငါလည်း ခြေညောင်းပြီ သတင်းထောက်ရေ။ ဟော – ဟိုက ဆိုင်းဘုတ်မှာ ရေးထားတာ မင်း ဖတ်လိုက်အုံး။ ဖတ်ပြီး ငါတို့ လှည့်ပြန်ကြစို့။
ကျွဲ။ ။ ဗိုလ်မှူးကြီး ကဒါဖီ လမ်းမကြီး ဆိုပါလား။ ဒီလူကြီး နာမည်က ဘယ်လိုဘယ်လို ဒီရောက်နေတာလဲ။
ဒူးကြီး။ ။ လေးစားလွန်းလို့ ဒီလမ်းကို သူ့နာမည် ပေးထားတာဟေ့။ လစ်ဗျားနိုင်ငံမှာ ဆန္ဒပြတာကို သူက လက်နက်မျိုးစုံ သုံးပြီး ရှင်းတယ်၊ လေယာဉ်ပျံတောင် သုံးတယ် တဲ့။ ကဲ – ငါက သူ့ကို မလေးစားရင် ဘယ်သူ့ကို လေးစားရမလဲ။
ကျွဲ။ ။ အဘ – ဒီငနဲကြီးက ဆင်းပြေးရတော့မှာနော်၊ အားကျ မနေနဲ့။
ဒူးကြီး။ ။ သူ့အတွက် စိတ်မပူစမ်းပါနဲ့ကွာ။ နေပြည်တော် ပြေးလာဖို့ ငါ လှမ်းပြောပြီးပြီ။ နိုင်ငံရေးခိုလှုံခွင့် ပေးမယ်လို့လည်း အာမခံထားတယ်။
ဒူးကြီး။ ။ ဟဲဟဲ – ဘယ့်နှယ်လဲ သတင်းထောက်။ အံ့သြသွားသလား။ ဒါ အစပဲ ရှိသေးတယ်။ ကဒါဖီအတွက် “အေးချမ်းသာယာရေး” ဆိုတဲ့ ဂုဏ်ထူးဆောင်ဆု ဆိုပြီး ဖန်တီးမယ်၊ ကဒါဖီကို ပေးမယ်လို့ ပြောထားပြီးပြီ။ သူ လက်ခံမယ် ဆိုတာနဲ့ ပေးလိုက်ရုံပဲ။ မင်းတို့ သတင်းရေးဖို့သာ ပြင်ပေတော့။ ဟားဟားဟား –