>ethics

>


ဒန်ကလေ အမှု နဲ့ ကျင့်ဝတ်
ဇာနည်ဝင်း
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁

ကြာသပတေးနေ့က တရားရုံးမှာ တွေ့ရတဲ့ မြန်မာတိုင်းမ် တည်ထောင်သူ ရော့စ်ဒန်ကလေ (photo – Reuters)

မနေ့က ရုံးတင်တရားစွဲခံရတဲ့ မြန်မာတိုင်းမ်ဂျာနယ် မစ္စတာ ရော့စ်ဒန်ကလေ အကြောင်း သတင်းတွေမှာ သူဟာ နောက်ဆုံး ပြည်နှင်ဒဏ် ပေးခံရတဲ့နည်းနဲ့ ပြန်လွတ်မယ်လို့ သုံးသပ်ချက်တွေ တွေ့ရပါတယ်။ လောလောဆယ်တော့ အင်းစိန်ထောင်မှာပေါ့။

စာနယ်ဇင်းကျင့်ဝတ်
သူ အဖမ်းခံရတဲ့ သတင်းတွေကို ပြည်တွင်း ပြည်ပ စာနယ်ဇင်းတွေက ဖော်ပြကြတယ်၊ အဲဒီထဲက တချို့ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး မြန်မာတိုင်းမ်က ကန့်ကွက်ကြောင်းကြေညာတယ်လို့ မနေ့က အလဲဗင်း news-eleven.com မှာ ရေးထားတယ်။

တရားရုံးရှေ့ မရောက်သေးတဲ့၊ တရားရုံးက အဆုံးအဖြတ် မပြုရသေးတဲ့ အမှုအကြောင်း သတင်းတင်ပြရာမှာ စကားဦးသမ်းတဲ့ အသုံးအနှုန်းတွေ ပါဝင်နေတယ်၊ “Myanmar Consolidated Media Ltd နှင့် ၎င်း၏ ၀န်ထမ်းများအတွက် များစွာ ဂုဏ်သိက္ခာထိခိုက်” တဲ့အတွက် မြန်မာတိုင်းမ်က အများသိစေရန် ကန့်ကွက်ကြောင်း ကြေညာတယ်လို့ ဆိုပါတယ်။

ရာဇ၀တ်မှုသတင်းတွေ ရေးရာမှာတော့ မြန်မာတိုင်းမ် အုပ်စုဟာ တခြားဂျာနယ်တွေထက် အပုံကြီးသာပါတယ်။ သတင်းတင်ပြပုံကအစ စာနယ်ဇင်း ကျင့်ဝတ်လိုက်နာပုံအဆုံးပေါ့။

သတင်းသမားကာကွယ်ရေး
ဒန်ကလေအကြောင်း စာနယ်ဇင်းအခွင့်အရေးဆိုင်ရာ အဖွဲ့တွေက အော်ချက်ထုတ်တာ မကြားမိသေးပါ။ နာမည်ကျော် မြန်မာစစ်ထောက်လှမ်းရေး အကူအညီနဲ့ ဂျာနယ်ထုတ်ခဲ့သူဖြစ်တယ်၊ စစ်အစိုးရနဲ့တစုံတရာ ပတ်သက်မှုရှိတယ် ဆိုတဲ့ သတင်းတွေကြောင့် ဒီအမှုကို စောင့်ကြည့်တဲ့အဆင့်မှာပဲ ရှိနေပုံရပါတယ်။

မကြာသေးမီက ရန်ကုန်မှာ တည်ထောင်လိုက်တဲ့ Committee for Professional Conduct (CPC) အဖွဲ့ကလည်း ဒီအမှုကနေ ဝေးဝေးနေမယ် တဲ့။

“အဖွဲ့ကနေပြီးတော့ ဆောင်ရွက်ပေးရန် အစီအစဉ် လုံးဝ မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ အဖွဲ့ရဲ့ ဆောင်ရွက်ပေးရမဲ့ သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ဒီ ဒန်ကလေ ဖြစ်တဲ့ ကိစ္စဟာ ကျွန်တော်တို့ လုံးဝ ဆီလျော်မှုလည်း မရှိပါဘူး၊ ကိုက်ညီမှုလည်း မရှိပါဘူးခင်ဗျ” လို့ အဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြောင်း RFA အသံလွှင့်ဌာန ၀က်ဆိုက်မှာ ရေးထားပါတယ်။

အမှုက ပြည့်တန်ဆာတယောက်ကို နှိပ်စက်မှုလို့ ဆိုပါတယ်။ နိုင်ငံခြားသား ရုံးရောက် ဂါတ်ရောက်ရင်တော့ လ၀က အမှုတွေ တွဲချိတ်တာ ထုံးစံပါပဲ။

အခုတော့ အမှုက ရုံးတင်လိုက်ပါပြီ။ စွပ်စွဲခံရတဲ့အဆင့်မှာပါ။

CPC ပြောကြားချက်က ဒန်ကလေ ဒီအမှု ကျူးလွန်ခဲ့တယ် လို့ အဓိပ္ပာယ်ထွက်ပါတယ်။

တကယ် နှိပ်စက်သလား

စစ်ထောက်လှမ်းရေးရွှေခေတ်တုန်းက ဆိုရင် ဒီအမှု ဖြစ်လာစရာအကြောင်း မမြင်ပါဘူး။ အခုတော့ စစ်ထောက်လှမ်းရေး တန်ခိုးမရှိတဲ့ကာလမို့ အမှုဖြစ်လာပါပြီ။

ဒန်ကလေက ပြည့်တန်ဆာကို တကယ် နှိပ်စက်ခဲ့တယ် ဆိုရင်တော့ သူ ပြန်လွတ်လာတဲ့အခါ သတင်းသမား မဖြစ်သင့်တော့ပါဘူး။ သတင်းသမား ဆိုတာ မတရားမှုတွေကို ဖော်ထုတ် ဖွင့်ချသူတွေ မဟုတ်လား။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts