>Aung Tha Nge’s poem – 13

>


ပို့လန်း (၂)
အောင်သာငယ်
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁

(photo:dignityadvocate)

ငါတို့က
ဘယ်လိုပဲ
အကောင်းပဲ-လို့ ပြောပြော…
အဲသည်မြို့က
ဗလောင်းဗလဲ မြို့…

မိုးမလင်းခင်လေးမှာ…
နှင်းတွေကို ကျဲချတယ်…

မနက်ခင်းနေကို မမြင်ရအောင်ကို
နှင်းတွေကို ကျဲချပစ်တဲ့မြို့…
ငါတို့မှာ အလူးအလဲ…
အရိုးတွေတောင် ကွဲမတတ်…

အဲသလို ဖြစ်နေတာတောင်
ငါတို့ကို မသိချင်ယောင် ဆောင်နေတဲ့… မြို့…

နေ့လယ်ခင်းကျတော့
နေရောင်တွေ… တိမ်တောင်တွေနဲ့….
ပြိုးပြောင်လက်ပလို့…
မနက်ခင်းတုန်းကလိုမျိုး

လူဆိုးကြီး မဟုတ်ခဲ့ဖူးဘူး သလိုလို…
ဟောသည်ကမ္ဘာကို
သူဘာမှကို မရက်စက်ခဲ့ဘူးသလိုလို…
မယုံနိုင်စရာကို ဟန်ဆောင်ကောင်းတဲ့… မြို့…

ညနေစောင်း ရောက်တော့…
ကောက်ခါ ငင်ခါ… ထ… ငိုလေတော့တယ်…
မိုးရေ-ဆိုတာ အဖွေးသားနဲ့…
ငါတို့ ကားတွေ အားလုံးဟာ
ဝိုက်ပါတွေ တလှုပ်လှုပ်နဲ့…
သူ့ရဲ့ မျက်ရည် အဆုပ်ဆုပ်တွေကို
ငါတို့ ကားမှန်တွေပေါ်ကနေ လှုပ်ခါချပစ်နေရတော့တာပဲ…
အဲသည်လိုမျိုးလည်း လုပ်ရက်တဲ့… မြို့…

အဲဒါ… ပို့လန်း…
အဲဒါ… ပို့လန်းလေ…


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts