>Gri Cyclone Relief Charity by NYC Burmese Community a success

>

  ဂီရိလေဘေးရန်ပုံငွေ နယူးယောက်ဈေးရောင်းပွဲတော် စည်ကားအောင်မြင်
မိုးမခအထောက်တော် နယူးယောက်နဲ့ ဓာတ်ပုံသိန်းမင်း၊ ဓာတ်ပုံကျော်ဝင်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁
ယမန်နေ့နေ့ခင်းက နယူးယောက်မြို့သူ မြို့သားများ စုပေါင်းပြုလုပ်တဲံ့ ဂီရိလေဘေးရန်ပုံငွေ ဈေးပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ နယူးယောက်ရဲ့ ပြင်းထန်တဲ့ ဆောင်းရာသီ အအေးဒဏ်အောက်မှာ ဧည့်သည် ကုသိုလ်ရှင် ၆၀၀ ကျော် လာရောက်ပြီး အားပေးကြတယ်လို့ဆိုပါတယ်။ အစားအသောက်များ စုပေါင်းရောင်းချခြင်းနဲ့ အလှူငွေ လက်ခံရရှိမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ထောင် ကျော် ၆ ထောင် ခန့် ရရှိတယ်လို့ သိရပါတယ်။

 

“ပရိသတ်အများစုက မုန့်ဟင်းခါး၊ ၀က်သားတုတ်ထိုး၊ ရှမ်းခေါက်ဆွဲ စတဲ့ အစားအသောက်တွေ အပြင် မြန်မာစားစရာမျိုးစုံ ကို ၀ယ်စားတာအပြင် မိသားစုတွေအတွက်၊ အိမ်အတွက် ၀ယ်ပြီး ပြန်သွားကြတယ်။ နယူးယောက်လို မြို့ကြီးမှာက မြန်မာမိသားစုတွေအပြင် လူငယ်တွေ၊ တကိုယ်ရည် တကာယနေထိုင်ကြသူတွေ အများအပြားရှိတော့ ချက်ပြုတ်ပြီးသား အသင့်မြန်မာစားစရာတွေကို ၀ယ်ယူပြီး အေးခဲထားပြီး စားကြတာလည်း ရှိတယ်။ အခုလို မြန်မာပြည်ကူညီဖို့ ဈေးရောင်းအလှူပွဲတော်မျိုးတွေမှာမှ ဈေးချိုပြီး ရသာစုံကောင်းမွန်တဲ့ မြန်မာစားသောက်တွေ စေတနာရှင်တွေ ကောင်းမှုနဲ့ ဧည့်သည်တွေက ကုသိုလ်လည်း ပြုရင်း စားရတယ်။ အလှူငွေတွေလည်း ထည့်ခွင့်ရကြတာပေါ့“
လို့ ဈေးပွဲတော်လာ မိုးမခမိတ်ဆွေတဦးက ပြောပြပါတယ်။
အလှူခံရရှိသမျှကို နယူးယောက်ကွန်မြူနီတီက ဝေယျဝစ္စ၀ိုင်းဝန်း စိစဉ်ပေးတဲ့ နိုင်ငံတကာ ရခိုင်အမျိုးသားအသင်းကြီး (နယူးယောက်) နဲ့ ပြည်သူ့ဂုဏ်ရည်အသင်း (နယူးယောက်ဌာနခွဲ) တို့က တဆင့် မြန်မာပြည်တွင်း ရခိုင်ပြည်ရဲ့ ဂီရိလေဘေးသင့်ဒေသတွေမှာ ရေရရှိရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ တိုက်ရိုက်လှူဒါန်း မယ်လို့ သိရပါတယ်။
 
မြန်မာလူမှုရေးအဖွဲ့ (နယူးယောက်) အဖွဲ့သားများက ဈေးဆိုင်ခန်းများအခင်းအကျင်း အပြင်အဆင်၊ လုံခြုံရေး နှင့် သန့်ရှင်းရေးကဏ္ဍများကို ဝိုင်းဝန်းတာဝန်ယူအားဖြည့်ပြီး လုပ်အားပေးကုသိုလ်ယူကြတဲ့အကြောင်း၊ ကိုဇော် (Burmese Classic) က တာဝန်ယူစီစဉ်တဲ့ ဖျော်ဖြေရေးကဏ္ဍမှာ ရခိုင်ရိုးရာ အဆို အကများ၊ တိုင်းရင်းသားများအကများ အပြင် ဘော့စတွန်မြို့ Boston Myanmar Group (BMG) မှ DJ ကိုဝင်းအေး နဲ့ နယူးယောက်မြို့မှ တေးသံရှင်များရဲ့မြန်မာသီချင်းများ၊ နယူးယောက်လူငယ်များရဲ့ ကိုယ်ပိုင် သီချင်းများနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေကြတဲ့အကြောင်း၊ နယူးယောက်မြန်မာမိသားစုများက ကျေးဇူးတင်ကြောင်း၊ ဂုဏ်ယူမိကြောင်း ပြောကြားလိုက်ပါတယ် တဲ့။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts