ရန်လိုကျွဲ
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၁ (မှတ်ချက် – ဒီဂျေ မျောက်လပြည့် ရန်ကုန်နိုက်ကလပ်များသို့ ခြေဦးလှည့်နေသဖြင့် နောက်ခံတီးလုံး လက်ဆော့မည့်သူ မရှိပါ။ ထို့ကြောင့် ဤ တခန်းရပ်ပြဇာတ်တွင် နောက်ခံတီးလုံး ပါဝင်ခြင်း မရှိပေ။) သရုပ်ဖော်ကာတွန်း – ဟန်လေး (www.irrawaddy.org)
ပါဝင်သူများ
၁။ ရန်လိုကျွဲ – ရန်ကုန်အခြေစိုက် သတင်းထောက်၊ အသက် ၃၀ ၀န်းကျင်၊ ဥပဓိ ခန့်ညားပြီး သဘောကောင်းပုံရသူ။ လွှတ်တော်သတင်းများ ရယူရန် နေပြည်တော်သို့ ရောက်နေသူ။ သို့သော် လွှတ်တော်အနားသို့ ကပ်ခွင့်မရသဖြင့် စိတ်ညစ်နေသူ။
၂။ ချိုကုပ်ဒူးကြီး – မျိုးချစ်စိတ် ကြီးမားသူ။ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး နိုင်ငံကို အုပ်ချုပ်နေသူ။ သတင်းထောက် ရန်လိုကျွဲနှင့် ၂၀၀၅ ခုနှစ်တွင် စတင် သိကျွမ်းခဲ့သူ။
ချိုကုပ်ဒူးကြီးက သူ၏ နန်းတော်တွင် ရောင်စုံ ချိတ်လုံချည် အများအပြားနှင့် ပြုံး၊ ရယ်၊ မြူးနေစေ။ ရန်လိုကျွဲက သူ့ကို ကြည့်ပြီး စိတ်ညစ်နေစေ။ သူတို့နှစ်ဦး ငယ်ပေါင်းကြီးဖော်ပမာ စကားပြောနေစေ။
ချိုကုပ်ဒူးကြီး။ ။ ဟေ့ကောင် သတင်းထောက်။ နေပြည်တော်မှာ ဘာလာလုပ်တာလဲကွ။
ရန်လိုကျွဲ။ ။ သတင်းသမား ဆိုတော့ သတင်း လာယူတာပေါ့ဗျာ။ ဒါပေမယ့် လွှတ်တော်ကြီးတွေနား ကပ်လို့ မရတော့ လက်မှိုင်ချနေရတယ်။ ဘာမှ မရေးနိုင်ဘူး။
ဒူးကြီး။ ။ တခုခုတော့ ရေးပေါ့ကွ၊ ဂျာနယ်တစောင်မှာ ဆိုရင် လွှတ်တော် အဆောက်အအုံ ခမ်းနားကြီးကျယ်ပုံ ရေးထားတာ ဖတ်လို့ ကောင်းနေတာပဲ။
ကျွဲ။ ။ (မျက်နှာ ရှုံ့မဲ့ပြီး) ကျနော့် အယ်ဒီတာတွေက ပြောတယ် – စာဖတ်သူတွေက အဲဒါမျိုးတွေ မသိချင်ဘူး တဲ့။
ဒူးကြီး။ ။ (ပန်းနုရောင် ချိတ်လုံချည်တထည်ကို ၀တ်ကြည့်ကာ မှန်ရှေ့သွားရပ်ပြီး) အင်း – အယ်ဒီတာအကြိုက် နတ်မလိုက်နိုင် ဖြစ်နေပြီပေါ့ကွာ။
ကျွဲ။ ။ ဟုတ်တယ်၊ ကျနော့် အယ်ဒီတာများ ရွှေစိတ်တော် လန်းစေဖို့ သတင်းရေးပို့မှ ဖြစ်မယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘ၀မို့ ကျနော်တို့က တခုခုတော့ ရေးရမယ်လေ။ ဒါကြောင့် ဒီနန်းတော်ကြီးကို လာခဲ့ရတာပေါ့။
ဒူးကြီး။ ။ လာလည်း အလကားပဲကွ။ ငါက လွှတ်တော်အကြောင်း ဘာမှ ပြောမှာ မဟုတ်ဘူး။ (ချိတ်လုံချည်တကားကားနှင့် ကိုယ်ကို တပတ်လှည့်ကာ မှန်ကြည့်လိုက်ပြီး) ဟီးဟီး။ ဘယ့်နှယ်လည်း ဒီအဆင်လေး မလန်းဘူးလား။
ကျွဲ။ ။ ဟုတ် – လန်းပါတယ်။ ဒီလို အရောင်နုလေးနဲ့ ဆိုရင်တော့ အရွယ်တင်တာပေါ့ဗျာ။
ဒူးကြီး။ ။ (ပန်းနုရောင်ကို ချွတ်ချ၊ တခြားတထည်ကို ကောက်ဝတ်ပြီး မှန်ရှေ့ ပြန်ရပ်ကာ) အင်း – အရွယ် တင်ဖို့ အရေးကြီးသလို ဓာတ်ပုံစားဖို့ကလည်း အရေးကြီးတယ်ဟ သတင်းထောက်ကြီးရ။ ဒီ အ၀ါနုလေးကရော ဘယ်လိုလဲ၊ ဓာတ်ပုံထဲ တီဗီထဲမှာ ကြည့်လို့ အဆင်ပြေမယ်လို့ မထင်ဘူးလား။
ကျွဲ။ ။ ဟိုက် – အဘတို့လိုမျိုး နိုင်ငံအုပ်ချုပ်သူက ချိတ်လုံချည် အဆင်ရွေးတာကိုပဲ အလုပ်ကြီး အကိုင်ကြီး တခုလို သဘောထားတာ တခုခုတော့ မှားနေပြီ ထင်တယ်။
ဒူးကြီး။ ။ မမှားဘူးကွ ရန်လိုကျွဲရ။ ဒါဟာ အဓိကအလုပ်ကွ။ ဒေးဝမ်းအလုပ်၊ လုပ်ကို လုပ်ရမယ့် အလုပ်။ အရမ်း အရေးပါတယ်။
ကျွဲ။ ။ ဒါဆို လမ်းဘေး အထည်ဆိုင်ဖွင့်တဲ့သူလည်း နိုင်ငံကို အုပ်ချုပ်လို့ ရသလို ဖြစ်နေပြီပေါ့။
ဒူးကြီး။ ။ မရဘူးလေကွာ။ စစ်ရေးအတွေ့အကြုံ မရှိရင် နိုင်ငံကို အုပ်ချုပ်လို့ မရဘူး။
ဒူးကြီး။ ။ အင်း – ဒါလေးက နက်ဖန် ၀တ်ရမယ်။ ဟောဒါလေးတွေကို နောက်ပွဲတွေမှာ ၀တ်မယ်။ ဘယ်လိုလဲ ရန်လိုကျွဲ၊ မင်းရော ၀တ်ချင်ရင် တထည် ယူသွားလေကွာ။
ကျွဲ။ ။ တော်ပါပြီဗျာ၊ ဒါကြီးတွေ ၀တ်ရင် သယ်ရင်းသတင်းထောက်တွေက ဓာတ်ပုံရိုက်ပြီး ဂျာနယ်ထဲ ထည့်နေအုံးမယ်။ အဲ – ခုတလော သတင်းတွေထဲမှာ အဘတို့အုပ်စု တစုလုံး ချိတ်လုံချည် ယူနီဖောင်းနဲ့ တွေ့နေရတယ်။ အဲဒါ ဘာသဘောလဲ။ ဘာကြောင့် ချိတ်လုံချည်ကြီးတွေဝတ်ပြီး ဟန်ရေးပြရတာလဲ။
ဒူးကြီး။ ။ မင်း ဘယ်လို ထင်လဲ။
ကျွဲ။ ။ ဟင့်အင်း၊ မသိပါဘူး။ ဘယ်လိုမှ မထင်ပါဘူးဗျာ။
ဒူးကြီး။ ။ အေး – ချိတ်လုံချည်တွေ ၀တ်နေရတာက နိုင်ငံတော်အတွက် ကွ။
ကျွဲ။ ။ ဟင် – နိုင်ငံတော်အတွက် ဟုတ်လား။ ရှင်းပြပါအုံး အဘရာ။
ဒူးကြီး။ ။ ငါ့ရဲ့ ဗေဒင်ဆရာတွေက ပြောတယ်လေကွာ၊ အောင်ဆန်းစုကြည်က ဘုန်းတန်ခိုး သိပ်ကြီးလာပြီ တဲ့။ နိုင်ငံကို အုပ်ချုပ်မယ့်သူတောင် ဖြစ်လာနိုင်သတဲ့။ အမျိုးသမီးက နိုင်ငံကို အုပ်ချုပ်မယ် ပေါ့ကွာ။ ဒါကြောင့် ယတြာချေတဲ့အနေနဲ့ ငါတို့က အမျိုးသမီးယောင်ဆောင်ပြီး ချိတ်လုံချည်တွေ ၀တ် ၀တ်ပြရမယ်ဆိုလို့ ဟောဒီ ဟောဒီ ချိတ်လုံချည်တွေကို ထည်လဲ ၀တ်ပြနေရတာပေါ့ကွာ။ သွပ်သွပ်၊ သွပ်သွပ် ——- သွပ်။