>no writing from Maung Su San?

>

ဗိုလ်ချုပ်ကြီးတို့ ကလောင်တချောင်း ဆုံးရှုံးလေပြီ
ရန်လိုကျွဲ
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၁


ဟုတ်သည်။ ဗိုလ်ချုပ်ကြီးတို့ ကလောင်တချောင်း ဆုံးရှုံးလေပြီ။ ဆရာကြီး မောင်စူးစမ်း စာမရေးတော့ပြီဟု ယနေ့ထုတ် The Voice Weekly သတင်းတပုဒ်က ဆိုသည်။

လမ်းပြမြေပုံကို အသေအလဲ နှစ်သက်သော၊ နေပြည်တော်အစိုးရ၏ လွှတ်တော်ကို အသေအလဲ ထောက်ခံသော၊ ရွေးကောက်ပွဲမ၀င်သည့် နိုင်ငံရေးသမားတို့ကို သနားတတ်သော ဤဆရာကြီး စာမရေးနိုင်တော့ခြင်းမှာ ဗိုလ်ချုပ်ကြီးတို့အတွက် ၀မ်းနည်းဖွယ် မဟုတ်လော။

ရန်လိုကျွဲလည်း ၀မ်းနည်းပါ၏။ ဖတ်စရာ ပြည့်လျှံနေသည့် ယနေ့ခေတ်တွင် ဆရာကြီး၏ ဆောင်းပါးများကို ရွေးဖတ်မိသည်။ လိုတိုရှင်း စာပိုဒ်ငယ် ၂ပိုဒ် ခန့်သာ ပါဝင်သော ဆောင်းပါးများ ဖြစ်သောကြောင့် ကြိုက်သည်။

ဗိုလ်ချုပ်ကြီးတို့၏ သတင်းစာဆောင်းပါးများကား ရှည်လှစွာ၏။ မောင်စူးစမ်းက သူတို့ထက် အဆ ၂၀ နီးပါး လိုတိုရှင်း ရေးနိုင်သည်။ တိုကြ ရှည်ကြသော်လည်း အဓိပ္ပာယ်က အတူတူ။ ထို့ကြောင့် လိုတိုရှင်းကိုသာ ရွေးရပေသည်။ မတတ်နိုင်။ ဤကား ချီးမွမ်းခန်းတည်း။ ရန်လိုကျွဲကို ဆဲလိုသူတို့ ဆဲကြပါကုန်။ အင်္ဂလိပ်လို ဆဲရန် မေတ္တာရပ်ခံလိုသည်။ အဘယ်ကြောင့်ဆိုသော် ရန်လိုကျွဲက အင်္ဂလိပ်လို မတတ်သောကြောင့်ပင်။

မောင်စူးစမ်းကိစ္စ အဲ – မောင်စူးစမ်းအကြောင်း ဆက်ပါမည်။ အသက် ၈၄ နှစ်ရှိပြီ၊ ကလောင်ကိုင်ရန် အတွင်းအား လျော့ပါးလာသဖြင့် ကလောင်ပင်စင်ယူသည်ဟု သတင်းက ဆိုသည်။

ဂျာနယ်ဆရာ ဆရာမများ တောင်းဆိုလွန်းသဖြင့် ထပ်ရေးရချေပြီဟု ဆိုပြီး ဟောတပုဒ် ဟောတပုဒ် ထပ်ထွက်လာနိုင်ပေသေးသည်၊ စာမရေးနိုင်သော်လည်း စကားပြောနိုင်သေးသည်။ “ဗိုလ်ချုပ်ကြီး အေးချမ်းသာယာရေးတို့ရဲ့ လွှတ်တော်ကို ထောက်ခံကြ၊ NLD ကို ၂၀၁၀ မှာ ထားခဲ့ကြ”ဟု ဂျာနယ်စာမျက်နှာများတွင် ဆရာကြီး၏ အသံများ တက်လာနိုင်သေးသည်။

အို – နေပြည်တော် ဗိုလ်ချုပ်ကြီးတို့ မစိုးရိမ်ကြလင့်။ ဆရာကြီး အတွင်းအား ပျက်ယွင်းသော်လည်း နိုင်ငံတော်အတွက် အလုပ် လုပ်နိုင်သေးသည်။ ဆရာကြီး စာပြန်ရေးမည်ဟု စိတ်ပြောင်းနိုင်သည်။ သို့တည်းမဟုတ် ပြောချင်တာ လျှောက်ပြောပြီး အသံသွင်းကာ ဂျာနယ်တိုက်သို့ ပို့နိုင်သေးသည်။ ထို့ပြင် အသံထွက်ဆောင်းပါး ဗွီစီဒီ ဒီဗွီဒီများ ဟောတချပ် ဟောတချပ် ပေါ်လာနိုင်သေးသည်။

ထောင်စော်နံသည့် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူ အများအပြားက ဆရာမောင်စူးစမ်း၏ ဆောင်းပါးများကို စောင့်ကြည့်ပါ၏။ စိတ်မထိန်းနိုင်သူများက ဆဲကြသည်။ ပျစ်ပျစ်နှစ်နှစ် ကလော်တုပ်ကြသည်။ စိတ်ထိန်းနိုင်သူများလည်း ဆဲကြသည်။

ဤစာစု နိဂုံးချုပ်ရလျှင် ဆရာကြီး စာ မရေးတော့ပေ ဟု သတင်းက ဆိုလေသည်။ သို့သော်လည်း ဆရာကြီး၏ ဂျာနယ် ဆောင်းပါးများကို အများအပြားက ဖတ်ဆဲပင်။ တကယ်ပင် အများက ဖတ်ဆဲပင်။

ဟုတ်သည်။
ဖတ်ကြသည်။ ပြီးတော့
ဆဲကြလေသတည်း။ ။

ဆက်စပ် ဖတ်ရန် သရော်စာhttp://moemaka.blogspot.com/2011/02/gyaw-dees-joke.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts