>Burmese in Singapore celebrate Burmese Union Day and Birthday of Suu’s Father

>

 စင်္ကာပူအာဏာပိုင်တို့က ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့ပွဲ ခေါင်းစဉ်တပ်ခွင့်မပေး
မိုးမခအထောက်တော် စင်္ကာပူ
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၁
ယမန်နေ့ က စင်္ကာပူက မြန်မာပြည်ချစ်သူများ၊ မြန်မာနိုင်ငံသားများ စုဝေးကြပြီး မြန်မာပြည်ရဲ့ ပြည်ထောင်စုနေ့၊ မြန်မာပြည်ရဲ့ လွတ်လပ်ရေးဖခင်၊ လက်ရှိမြန်မာပြည်ရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် – ဗိုလ်ချူပ်အောင်ဆန်း ၉ ၆ နှစ် မြောက် မွေးနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ပွဲတော်ကို ကျင်းပခွင့်ရဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ရတယ်၊ အခမ်းအနားနေရာကို ခွင့်ပြုချက်ရဖို့ အခက်အခဲများစွာနဲ့ ကြုံတွေ့ရတယ်လို့ သတင်းရရှိပါတယ်။ ဒါကြောင့် စင်္ကာပူရောက် မြန်မာအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ အချိန်ယူပြီး မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

 “ဒါဟာ စင်္ကာပူမှာ ပထမဦးဆုံး မြန်မာသမိုင်းနဲ့ ပတ်သက်တဲ့ အခမ်းအနားဖြစ်တယ်။ တပ်ချင်တဲ့ ခေါင်းစီးက “ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့” လို့ တပ်ချင်တယ်။ ကြားတာကတော့ စင်္ကာပူအစိုးရက တပ်ခွင့်မပေးဘူး။ ဒါကြောင့် ပူးတွဲခေါင်းစဉ်ဖြစ်တဲ့ ပြည်ထောင်စုနဲ့ဆိုတာကို ပဲ ခေါင်းစီးမှာ တင်ဆက်ဖြစ်တယ်။ ပြည်ထောင်စုဝတ်စုံတွေ၊ တိုင်းသား ဂီတ ဖျော်ဖြေမှု အစီအစဉ်တွေနဲ့ ဝေေ၀ဆာဆာ ပြသနိုင်ခဲ့ပါတယ်”
လို့ မိုးမခမိတ်ဆွေတဦးက ပြောပြပါတယ်။

မိုးမခက စုံစမ်းသိရှိရသလောက် စင်္ကာပူအစိုးရက ပွဲမိန့်ကို နောက်ဆုံးအချိန်မှ ကပ်ပြီး ပေးခဲ့တာ ဖြစ်ပါတယ်။ မိုးမခရဲ့ ရွာဆော်ကြီးကဏ္ဍမှာ အဲသည် ဖိတ်စာကို တင်တဲ့အချိန်ဟာ စင်္ကာပူအချိန် စနေနေ့ထဲမှာ ဖြစ်တဲ့အတွက် နိုင်ငံတကာက စာဖတ်သူများဆီကိုလည်း ကြိုတင် အသိပေးနိုင်ခဲ့ခြင်း မရှိဘူးလို့ စင်္ကာပူက သတင်းပေးပို့သူများက ပြောကြားပါတယ်။ အချိန်ကပ်မှ ခွင့်ပြူချက်ရတဲ့ပွဲကို အချင်းချင်း အတတ်နိုင်ဆုံး နှိုးဆော် ဖိတ်ခေါ်ပြီး ကျင်းပရတာမို့ လူအများကြီး စည်ကားတာမရှိဘူး လို့ သိရပါတယ်။

 “သီချင်းတွေက သုံးရောင်ခြယ်၊ ပြည်ထောင်စုသား၊ ဗိုလ်ချုပ်အောင်ဆန်း၊  မြန်မာသီချင်းဆိုရအောင်၊ မြန်မာပြည်သား၊  သွေးကစကားပြောသည်၊ လူချွန်လူကောင်း၊ ဇာတိမာန်၊ မြဝတီမြို့စား၊  နဂါးနီ၊ ကိုယ့်ဒူးကိုယ်ချွန် နဲ့ ဇွဲ စတာတွေ ဖြစ်တယ်။ အခြားမြန်မာသံစဉ် သီချင်းတွေလည်း သီဆိုကြပါတယ်။”
လို့ မိုးမခမိတ်ဆွေက ပြောပါတယ်။

“ကျမတို့က မြန်မာပြည်သားတွေ၊ ပြည်ထောင်စုနေ့ကို ကျမတို့က အခုချိန်မှာ အလေးအနက်ထားဖို့ ပိုပြီး သဘောပေါက်လာတယ်။ ပိုပြီး နားလည်လာတယ်။ ပြည်ထောင်စုရဲ့ ဘခင် ဗိုလ်ချူပ်အောင်ဆန်းအကြောင်းကို ကျမတို့ သားသမီးတွေကို ဘယ်လို သင်ပေးရမလဲ။ ဘယ်လို ပြောပြရမလဲ။ ဒီလို အခမ်းအနားမှာ ကျမတို့ လူကြီးတွေက ကလေးတွေကို လက်ဆင့်ကမ်းရမယ်။ အခက်အခဲကြားက ကျင်းပရတော့ ကျမတို့ရဲ့ ပြည်ထောင်စု စိတ်ဓာတ်၊ ဗိုလ်ချူပ်အောင်ဆန်းပေးခဲ့တဲ့ ပြည်ထောင်စု အမွေကို ကျမတို့ ဘယ်လိုမျိုး အခက်အခဲတွေ ကြားတွေထဲက ဆက်လက် ထိန်းသိမ်း စောင်ရှောက်ရမလဲ ဆိုတာ ပိုသဘောပေါက်လာတယ်။ ”
လို့ မိခင်တဦးက သူ့ခံစားချက်ကို ပြောပြပါတယ်။

  ပွဲတော်မှာ စင်မြင့်ပဟေဠိတခု ကျင်းပပါတယ်။ ကလေးတွေထဲကို အခုအခမ်းအနားကျင်းပရတဲ့ ပွဲအကြောင်းကို မေးတော့ – ကလေးတဦးက ကလေးများနေ့နဲ့ ပြည်ထောင်စုနေ့ မို့လို့ ဆိုပြီး ဖြေပါတယ်။ နောက်တဦးက ကလေးများနေ့၊ ပြည်ထောင်စုနေ့ ပြီးတော့ ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့ မို့လို့ ဆိုပြီး ဖြေပါတယ်။ ဒုတိယမြောက် ဖြေတဲ့ကလေးက အမှတ် ၁၀၀ အပြည့်နဲ့ ဆုရတယ်လို့ သိရပါတယ်။ ဓာတ်ပုံထဲမှာ ကရင်ရိုးရာ ၀တ်စုံအနီကလေးဝတ်ထားတဲ့ ကလေး ဖြစ်ပါတယ်။
(ဓာတ်ပုံ – ဓာတ်ပုံတွေအားလုံး အင်တာနက် ပေါ်က အများစုသုံးဝေမျှတဲ့ဆီက ရပါတယ်။)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts