>Political Prisoners in Thayawaddy Jail received more sentence over 60 years

>

သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသားအချို့ ထောင်ဒဏ်များ ထပ်ချခံရ၊ 
အနှစ် ၆၀ ကျော် ထောင်ဒဏ်များ တိုး
မိုးယံမခ
ဖေဖော်ဝါရီ ၁၃၊ ၂၀၁၁
ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့ခင်း ၂ နာရီက ရန်ကုန် အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် တရားရုံးမှာ သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးသမိုင်း ၇ ဦးကို ဖောက်ခွဲရေးပုဒ်မ ၄(က)၊ ပုဒ်မ ၃ စတာတွေနဲ့ ၁၀ နှစ်၊ ၇  ထောင်ဒဏ်တွေ   ထပ်မံပြီး ချမှတ်ခဲ့ပါတယ်။
ထောင်ဒဏ်တိုးခံရသူတွေကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ ဖျက်သိမ်းခံခဲ့ရတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင်၊ မျိုးချစ်ဒီမိုကရက်တစ်ပါတီဝင် နဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် ဗဟိုကော်မီတီဝင် တဦးဖြစ်သူ ကိုအေးမင်းနိုင်နဲ့ ဇနီး မစန်းစန်းမော်၊ ကိုထော်လွင်၊ ကိုကျော်စွာလင်း (ခ) ခူးဆာရယ်၊ ကိုကျော်ဇင်ဦး၊ ကိုထက်ကိုလွင် နဲ့ ဒေါ်ခင်ရီ တို့ ဖြစ်ကြပါတယ်။
သူတို့ကို မတ်လ ၂၅ ရက် ၂၀၀၈ ခုနှစ်တုန်းက ကျော်စွာလင်း (ခ) ခူးဆာရယ်ထံမှာ ဖောက်ခွဲရေးနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ တွေ့ရှိတယ် ဆိုပြီး အားလုံးကို ၁၇(၁)၊ ၁၃(၁)၊ ၁၉ (က)၊ ၆(၁) စတဲ့ ပုဒ်မတွေနဲ့ ပဲခူးတိုင်းပြည်နယ် တရားရုံးမှာ ၂၀၀၈ စက်တင်ဘာ ၅ ရက် နေ့စွဲနဲ့ ထောင်ဒဏ် ၁၈ နှစ် ချခဲ့ပြီး ဖြစ်ပါတယ်။
မတ်လ ၁၀ရက် ၂၀၀၈ နေ့ ရန်ကုန် ကျောက်တံတားမြို့နယ် နဲ့ ပန်းပဲတန်းမြို့နယ် တွေကနေ ထပ်မံပြီး အဆိုပါ ၇ ဦးကို ဖောက်ခွဲရေး ပုဒ်မ ၄(က) နဲ့ ထောင်ဒဏ် အနှစ် ၂၀  ထပ်ချပြန်သေးတဲ့ အတွက် အားလုံးဟာ ထောင်ဒဏ် ၃၈ နှစ် စီ ကျခဲ့ရပြီ ဖြစ်ပါတယ်။
အဲဒီတရားရုံးတွေကနေ ၂၀၁၀ စက်တင်ဘာ ၁၅ ရက်နေ့မှာ ပုဒ်မ ၃(၆) ဖောက်ခွဲ အားပေးကူညီ ဆိုတဲ့  ပုဒ်မနဲ့ ဖော်ပြပါ ၇ ဦးကို နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ၂ ကြိမ် ဖြင့် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။
အဲသည်အချိန်မှာ အားလုံးရဲ့ ထောင်ဒဏ်ဟာ ၅၈ နှစ် ကျခံနေရပြီ ဖြစ်ပါတယ်။
အခုအခါ နောက်ဆုံး အကြိမ်လို့ ယူဆရတဲ့ ထိုနေ့ နေ့လည်ပိုင်းက ထပ်မံချခဲ့တဲ့ ပြစ်ဒဏ်တွေထဲမှာ ကိုကျော်စွာလင်ဒ (ခ) ခူးဆာရယ် ကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ကျန်တဲ့သူတွေကို ထောင်ဒဏ် ၇ နှစ် အသီးသီး ချမှတ်လိုက်ပြန်ပါတယ်။
ဒါကြောင့် ကိုကျော်စွာလင်း (အသက် ၂၅ နှစ်) ဟာ ထောင်ဒဏ် ၆၈ နှစ် ကျခံရမှာ ဖြစ်ပြီး ကျန်သူတွေကတော့ ထောင်ဒဏ် ၆၅ နှစ် စီ ဆက်လက် ကျခံကြရမှာ ဖြစ်ပါတယ်။
တရားရုံးမှာ သက်သေခံပစ္စည်း တခုထဲကို မူတည်ပြီး တရားခံမဖော်ထုတ်နိုင်တဲ့ ဗုံးပေါက်ကွဲမှုအတွက် အမှု ၄ ကြိမ် တရားစွဲပြီး ပြစ်ဒဏ် ၄ ကြိမ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ကိုအေးမင်းနိုင် တို့ ၇ ဦး ကို ၂၀၁၀ စက်တင်ဘာလမှာ တုန်းက သာယာဝတီအကျဉ်းထောင်က အင်းစိန်ထောင်ကို ခေါ်လာပြီး အရှေ့ပိုင်းခရိုင် တရားရုံးမှာ စွဲတင် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ကိုအေးမင်းနိုင်၊ မစန်းစန်းမော် တို့ကို ဖမ်းဆီးခဲ့စဉ်က နေအိမ်ကို ချိတ်ပိတ်လိုက်တဲ့အတွက် တက္ကသိုလ်မှာ ဒုတိယနှစ် တက်နေတဲ့ သမီးငယ်ဟာ နေစရာ အိမ်မရှိ ဖြစ်ခဲ့ရပါတယ်။
၁၉ ၈၉  ခုနှစ် သံလျင်ရေနံချက်စက်ရုံ ကို ဗုံးဖောက်ခွဲခံခဲ့ရတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သံလျင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေ ဖြစ်ကြတဲ့ ညီညီဦး အပါအ၀င် ၃ ဦးဟာ အမှုနဲ့ မည်သို့မျှ ပတ်သက်မှု မရှိပါဘဲ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။
အဆိုပါ ဖောက်ခွဲမှုကို ကေအင်န်ယူက ဗိုလ်မှူးကိုကိုနိုင်ကို ဖမ်းမိတဲ့အခါ သူစီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့ပေမယ့် ကိုညီညီဦးတို့ အားလုံးဟာ ယခုချိန်အထိ အကျဉ်းထောင်ထဲမှာ ပြစ်ဒဏ် ကျခံနေရဆဲဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts