>Kyaw Thu – FFSS Yangon Activity (6th February 2011)


>

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
ဖေဖော်ဝါရီ ၆၊ ၂၀၁၁
ငိုနေရုံနှင့် မပြီးတော့ချေ

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သရက်တောကျောင်းတိုက်၊ သစ်တော်ကျောင်းပဓာန နာယက ဆရာတော် ဦးသောဘန (ဘုန်းဘုန်းသော) သိက္ခာတော် (၅၇) ဝါ၊ သက်တော် (၇၇) နှစ်သည် ၁.၂.၂၀၁၁ (အင်္ဂါ) နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။



ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ၅.၂.၂၀၁၁ (စနေနေ့) နေ့လည် (၂း၀၀) နာရီအချိန်၌ သရက်တောကျောင်းတိုက်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အစီအစဉ်ဖြင့် ပင့်ဆောင်ကာ ရေဝေး သုဿန်တွင် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့သည်။

ယင်း အခမ်းအနားတွင် သံဝေဂတရား ရရှိခဲ့မှုသည်ကား ဆရာတော်ကြီး၏ ရုပ်အလောင်းအား နိဗ္ဗာန်မော်တော်ယာဉ်ပေါ်သို့ ပင့်ဆောင်သယ်ဆောင်ရာ၌ ဆရာတော်ကြီး၏ တပည့် ဒါယကာများက ဝိုင်းဝန်းလုယက်ကာ ပင့်ဆောင်ကြခြင်းနှင့် ဒကာ ဒကာမများမှ ပူဆွေးဝမ်းနည်းစွာဖြင့် အော်ဟစ် ငိုကြွေးမှုတို့ကို မြင်တွေ့ရသောအခါ မိမိတို့၏ ရှေ့ဆောင်လမ်းပြ ဆရာများ၊ ဆရာတော်ကြီးများ မရှိတော့သည့်အခါ ပူဆွေးသောက ရောက်နေရုံဖြင့် မပြီးနိုင်ချေ။

ရှေ့ဆောင်လမ်းပြခဲ့သော ဆရာများ၊ ဆရာတော်ကြီးများ ချမှတ်ခဲ့သည့် ဟောကြားခဲ့သည့် ငြိမ်းချမ်းရေးလမ်း၊ ဗုဒ္ဓလမ်းညွှန်မှုများကို လိုက်နာ၊ ကျင့်သုံး၊ ခံယူကြရန် အရေးကြီးကြောင်း အသိတရားတို့သည် ထပ်မံ၍ သတိပေးမှုကို ခံယူခဲ့ရပါတော့သည်။

ကိုခိုင်ထူးရေ … စိတ်သာချတော့

နိုင်ငံကျော်အဆိုတော် တေးသံရှင် ခိုင်ထူး၏ ဖခင် ဦးသာထို အသက် (၉၂) နှစ်သည် ၄.၂.၂၀၁၁ (သောကြာနေ့) ည (၇း၃၀) နာရီအချိန်တွင် ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်နေအိမ်၌ ကွယ်လွန်ခဲ့ပါသည်။


ယနေ့ ၅.၂.၂၀၁၁ (စနေနေ့) နံနက် (၁၀း၀၀) နာရီတွင် နေအိမ်မှ ရေဝေးသုဿန်သို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုဟ်ခြင်းအား ကူညီဖေးမ ပံ့ပိုးပေးခဲ့ပါသည်။

ကွယ်လွန်သွားချိန်နှင့် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားပြုလုပ်ချိန်တွင် အဆိုတော် ခိုင်ထူးသည် နိုင်ငံရပ်ခြားသို့ အများပြည်သူတို့အား တတ်စွမ်းသော ဂီတပညာဖြင့် ဖျော်ဖြေရန် ခရီးလွန်နေသည့် အတွက် ဖခင်၏ နောက်ဆုံးအချိန်အား လိုက်လံပို့ဆောင်ခွင့် မရရှိခဲ့ချေ။

ဖခင်ကြီး ဦးသာထို၏ ရုပ်အလောင်းအား နေအိမ်မှသွားရောက် သယ်ယူသောအခါ ဖခင်ကြီး ဦးသာထို၏ မျက်နှာသည် ပြုံးရောင်သန်း၍ ကြည်လင်ဝင်းပနေသည်ကို တွေ့ရသည်။ ထိုအခါ ပြုံးသေ မဲ့သေဆိုသည့် အကောင်းဆုံး သေနည်းတရားတော်ကို ဟောကြားခဲ့သော မိုးကုတ်ဆရာတော်ဘုရားကြီးအား အမှတ်ရမိတော့သည်။ ဤတွင် ဖခင်ကြီး ဦးသာထိုသည် မြင့်မြတ်သောဘုံသို့ ရောက်မည်မှာ မလွဲတော့ပေ။

ထို့ကြောင့် အဝေးရောက် ကိုခိုင်ထူးအား “ကိုခိုင်ထူးရေ … စိတ်သာချတော့” ဟူ၍သာ အကြောင်းကြားလိုက်ပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts