>Junta transfering Government’ buildings to private businesses secretly

>

နိုင်ငံပိုင် အထင်ကရ ရုံးအဆောက်အဦများ လျို့ဝှက်ပြီး ငှားရမ်းလွှဲပြောင်းနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၁
မြန်မာ့ရေနံ နှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းရုံးချုပ် အဆောက်အဦအား ပြင်ဆင်ရန် ငြမ်းဆင်နေသည်ကိုမြင်ရစဉ်
           ရွေးကောက်ပွဲ ပြီးနောက် အစိုးရသစ်အဖွဲ့သို့ အာဏာ မလွှဲပြောင်းမီ နအဖ စစ်အစိုးရက နိုင်ငံပိုင် အဆောက်အဦများ၊ ရုံးများအား လုပ်ပိုင်ခွင့်များ လျို့ဝှက်ပြီး လက်သိပ်ထိုး ချပေးလျက်ရှိရာ ရန်ကုန်မြို့လယ်မှ ရုံး အဆောက်အဦ ၃ ခုကို ယခုနောက်ဆုံး လုပ်ပိုင်ခွင့်ချပေးခဲ့သည်ကိုတွေ့ရသည်။
          ယခုနောက်ဆုံး လုပ်ပိုင်ခွင့်ပြုခဲ့သည့် ရုံးအဆောက်အဦ ၃ ခုမှာ ၃၁ လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓါတ်ငွေ့ရုံးချုပ်၊ ဗိုလ်ဆွန်ပက်လမ်းအောက် ဘလောက်ရှိ စက်မှု (၁ ) ၀န်ကြီးဋ္ဌာနပိုင် အဆောက်အဦ (ယခင် ကုန်သွယ်ရေး ၅) နှင့် မဂိုလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်းဝနကြီးဋ္ဌာနပိုင်ရုံး (ယခင်ပုလဲနှင့် ငါးလုပ်ငန်းရုံးချုပ်) တို့ဖြစ်သည်။ 
        ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းရုံး၊ ဗိုလ်ဆွန်ပက်လမ်းရှိ စက်မှု (၁) ၀န်ကြီးဋ္ဌာနပိုင် ချည်မျှင်နှင့် အထည်လုပ်ငန်းရုံး (ယခင် ကုန်သွယ်ရေး ၅ ) တို့ကို တရုတ် ကုမ္ပဏီများအား လုပ်ပိုင်ခွင့်ချပေးခဲ့ရာ ယခုရက်ပိုင်းအတွင်း အကြီးစားပြင်ဆင်ရန် လုပ်ဆောင်လျက်ရှိသည်ကိုတွေ့ရသည်။
ဗိုလ်ဆွန်ပက်လမ်း (ယခင် မောင်ထော်လေးလမ်း) ရှိ စက်မှု (၁) ၀န်ကြီးဋ္ဌာနပိုင် ရုံး အဆောက်အဦ
           အဆိုပါလမ်းတွင် နေထိုင်သည့် အသက် ၇၀ ကျော်ပင်စင်စား တဦးကပြောရာတွင်
“ဒီစက်မှု ၁ ရုံးကိုတော့ တရုတ်ကုမ္ပဏီ ဖွင့်မယ်ပြောတယ်။ ဟိုဘက်လမ်းထိပ်က ရေနံနှင့် သဘာဝဓါတ်ငွေ့ရုံးကိုတော့ တရုတ်ကုမ္ပဏီကပဲ ဟိုတယ်ဖွင့်မယ် ပြောတယ်။ နောက်ပြီးတော့ မဂိုလမ်းထောင့်က ပုလဲနဲ့ငါးလုပ်ငန်းရုံးနေရာကိုလည်း အိန္ဒိယ တာတာကုမ္ပဏီက ရုံးဖွင့်မယ်။  မွေး-ရေဘဏ်က သူ့မျက်နှာချင်းဆိုင်က ကုမ္ပဏီများ မှတ်ပုံတင်ရုံး အဆောက်အဦဘက်ကို ရွှေ့မယ်´´ဟုပြောသည်။
          ယခုလပိုင်းအတွင်း အစိုးရပိုင်ရုံး၊ မြေကွက်နှင့် အဆောက်အဦတချို့ကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် လေလံခေါ်ခြင်း ရှိသကဲ့သို့ လေလံမခေါ်ယူဘဲ ယခုလို လျို့ဝှက်ပြီး လွှဲပြောင်းရောင်းချခဲ့သည့် အဆောက်အဦလည်း များစွာရှိသည်ကိုတွေ့ရသည်။ 
မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ် ပြောင်းရွှေ့လုပ်ကိုင်မည့် ကုမ္ပဏီများ မှတ်ပုံတင်ရုံးကို ပြင်ဆင်နေစဉ်
           မကြာမီကလက်လွှဲရောင်းချခဲ့သည့် နိုင်ငံပိုင် ရုံးအဆောက်အဦများထဲတွင် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ကလေးဈေးလမ်းထောင့်ရှိ မွေးရေ ၀န်ကြီးဋ္ဌာနရုံးအဆောက်အဦ၊ အစရှိသည်တို့ဖြစ်သည်။ ထိုဟိုတယ်ရုံးများကို မည်သည့်ပမာဏနှင့် မည်သည့်အချိန်ကလွှဲပြောင်းပေးခဲ့သည်ကို ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပဲ အကြီးစား စတင်ပြင်ဆင်သည့်အခါမျိုးမှသာ သိရှိကြရခြင်းဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts