>
မိုးမခ အထောက်တော်၊ ရန်ကုန်
မွန်းလွဲ ၂နာရီ ၊ ဖေဖေါ်ဝါရီ ၃၊ ၂၀၁၁
ပြည်သူ့လွှတ်တော်က ဦးသိန်းစိန်ကို ဒုသမ္မတအဖြစ် ရွေးလိုက်ပါပြီ။(photo: Reuters/2010 June)
နေပြည်တော်မှာ နေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဒုသမ္မတ နှစ်ဦးကို မဲခွဲ ဆုံးဖြတ်ပြီးပြီလို့ ယခုနောက်ဆုံး ၀င်ရောက်လာတဲ့ သတင်းများအရ သိရပြီး တပ်မတော်ကိုယ်စားပြုတဲ့ ဒုသမ္မတကိုမှု မဲခွဲ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ မနက်ဖြန် မဲခွဲဆုံးဖြတ်မှာ ဖြစ်ပြီး သမ္မတကိုလည်း နက်ဖြန်မှာပဲ ဆုံးဖြတ်မယ်လို့ နေပြည်တော်မှ လာတဲ့သတင်းအရ သိရပါတယ်။
ပြည်သူ့လွှတ်တော်က လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် (၂၀၁၀ ဧပြီလမှာ တပ်က အငြိမ်းစားယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်) ကို မဲ ၂၇၆ မဲနဲ့ ဒုသမ္မတ အဖြစ်ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသားလွှတ်တော်က စိုင်းမောက်ခမ်း ( အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ် ) ကို မဲ ၁၄၀ နဲ့ ဒုသမ္မ အဖြစ်ရွေး ယနေ့ရွေးချယ်ခဲ့တယ်လို့ နေပြည်တော်မှ လာတဲ့သတင်းအရ သိရပါတယ်။
တပ်မတော်ကိုယ်စားပြုတင်သွင်းမယ့် ဒုသမ္မတဟာ အငြိမ်းစား ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး ဖြစ်လိမ့်မယ်လို့ အများက ယူဆထားကြပါတယ်။
နက်ဖြန်ခါ ကျင်းပမယ့် လွှတ်တော်မှာ ဒုသမ္မတ ၃ ဦးထဲက တယောက်ဟာ သမ္မတ အဖြစ် ရွေးချယ်ခံရမှာပါ။
သမ္မတအဖြစ် ဦးသိန်းစိန်ကို ရွေးလိမ့်မယ်လို့လည်း နိုင်ငံရေး စောင့်ကြည့်သူတွေကခန့်မှန်းထားကြပါတယ်။
ယခုကျင်းပတဲ့ လွှတ်တော်မှာ စစ်တပ် အစိုးရကဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီက အများစု လွှမ်းမိုးထားပြီး ဘယ်သူကို ဘယ်ရာထူး ခန့်မယ် ဆိုတာတွေကို စစ်အာဏာရှင်အဖြစ် သိရှိနေကြတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပဲ စီမံခန့်ခွဲလျက်ရှိတယ်လို့လည်း ယုံကြည်ထားကြပါတယ်။