ဟံသာဝတီ ဦးဝင်းတင်

MoeMaKa with U Win Tin – Is he blocking between Suu & People?

>

ဒေါ်စုနဲ့ လူထုကြားမှာ ကာဆီးနေတာ ဦးဝင်းတင်နဲ့ လူတစုတဲ့လား
ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ
ဇန်န၀ါရီ ၁၃၊ ၂၀၁၁
ဒီတပတ်မှာ ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာ ဆက်လက်မေးမြန်းဖြစ်တာထဲမှာ အဓိကတခုကတော့ ဒေါ်စုနဲ့ အင်န်အယ်ဒီပါတီဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မီးစင်ကြည့်ပြီး ကနေကြသလား ဆိုတာ ဖြစ်ပါတယ်။ လူထုနဲ့ နိုင်ငံရေးအင်အားစုများရဲ့ အသံတွေ သဘောထားတွေကို နားထောင်မယ်။ အဲသည်အချက်တွေကိုလည်း အလေးအနက်ထား စဉ်းစားမယ်လို့ ပြောတယ်။ အဲသည်အတွက် ရှုထောင့်မျိုးစုံရှိတဲ့ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတယ်။ နားစွင့်နေတာကို တွေ့ရပါတယ်။ တဖက်ကတော့ စစ်အစိုးရနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်ခြင်း မရှိသော်လည်း စစ်အစိုးရရဲ့ အခြေခံဥပဒေ၊ ကြံ့ဖွံ့လွှတ်တော် နဲ့ လမ်းညွှန်မြေပုံများကို လက်ခံ အားပေးသူ၊ ထောက်ခံသူတွေရဲ့ အာဘော်တွေကို အချိန်ပေးပြီး ဧည့်ခံနေရဆဲ ဖြစ်နေပါတယ်။
အဲသည်အတွက် ပထမဦးဆုံးမေးခွန်းက အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်တွေဟာ လက်ရှိနိုင်ငံရေးလှုပ်ရှားမှုမှာ ဘယ်လိုမျိုး ရပ်တည်နေသလဲ။ မီးစင်ကြည့်ကနေတာလား၊ ကိုယ်ယုံကြည်တဲ့လမ်းကို ဦးဆောင်မှုပေး လျောက်လှမ်းနေပြီလား။ ဘယ်လိုလဲ ဆိုတာ ဖြစ်ပါတယ်။
“ကျနော်တို့ဖက်က လုပ်စရာရှိတာတွေကိုတော့ လုပ်နေရမှာပဲ။ ဘာမှ မလုပ်ဘဲ နေရင်တော့ ကျနော်တို့က ဘာမှ ဖြစ်လာမှာမဟုတ်ဘူးလေ။ သူတို့ဖက်က အရေးယူတာတွေကို ကြောက်နေလို့ ဘာမှ မလုပ်ပဲ နေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလေ။ ကျနော်တို့တွေမှာက အချိန်သိပ်ရှိတော့တာ မဟုတ်ဘူး။ ကျနော်တို့မှာ လုပ်စရာရှိတာ လုပ်မှပဲ လို့ သဘောရှိတယ်။
ကျနော်တို့ဖက်က သူတို့ဖက်က ရေဒီယိုတွေ၊ သတင်းစာတွေ၊ ပြောနေ ဆိုနေတာတွေကို နားထောင်တယ်။ သူတို့တွေရဲ့ သဘောထားတွေ၊ ခြေလှမ်းတွေကို သုံးသပ်တယ်။ ဒါတွေ လုပ်နေရမှာပဲ။ သို့သော် သူတို့ စွပ်စွဲတာတွေ၊ လက်ညိုးထိုးတာတွေကို စိုးရိမ်ပြီး လိုက်ကာနေ လိုက်ဖြေရှင်းနေသာဆိုရင် ကျနော်တို့ အလုပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့ မြင်တယ်။
ကျနော်တို့ ယခုလက်ရှိ လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည်ကြည့်ရှုပြီး သုံးသပ်မယ် ဆိုရင်၊ ၂၀၁၀ မတ်လ ၂၉  ရက်နေ့မှာ ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲမှာ မှတ်ပုံမတင်ဘူးလို့ အများသဘောတူ၊ ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်။ ဘာကြောင့် သည်လို ဆုံးဖြတ်ခဲ့သလဲ ဆိုတာ ပါတီကိုယ်တိုင်က ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်တယ်။ မိမိတို့ နိုင်ငံရေး ရပ်တည်ချက်နဲ့ ကိုယ်ကျင့်သိက္ခာကို မစွန့်လွှတ်ခဲ့ဘူး။ ပြည်သူလူထု ပေးအပ်ထားတဲ့ ယုံကြည်မှုကို မစွန့်လွှတ်ခဲ့ဘူး။ ကျနော်တို့တတွေဟာ အရေးတော်ပုံကြီးကနေ ပေါက်ထွန်းလာခဲ့တယ်။ အနှစ် ၂၀ ကျော် နိုင်ငံရေးဖြတ်သန်းမှုလည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်အတွက် အချို့တွေက ထင်မြင်ချက်ပေးခဲ့သလို အင်န်အယ်ဒီဟာ ကွဲကြ၊ ပြဲကြမှာပဲ ဆိုတာမျိုး မဖြစ်ခဲ့ဘဲနဲ့ အင်န်အယ်ဒီဟာ နိုင်ငံရေးပါတီတခုအဖြစ် တစုတစည်းတည်းပဲ နိုင်ငံရေးရပ်တည်မှု ရှိနေဆဲဖြစ်တယ်။ ဒါဟာ တဖက်က ဖျက်သိမ်းထားပြီးဖြစ်တဲ့ ပါတီလို့ ဘယ်လိုပဲ နံမယ်တပ်တပ်၊ ဘယ်လိုပဲ ပြောပြော ကျနော်တို့ရဲ့ လက်ရှိ အခြေအနေပဲ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွတ်မြောက်လာတဲ့ အခါမှာလည်း ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့ တသားတည်း ရပ်တည်တယ်။ ကျမတို့ကို နက်ဖြန်ဖမ်းမလား၊ သဘက်ခါဖမ်းမလား ဆိုတာတွေကို ကြိုကြောက်ပြီးတော့ ဘာမှ မလုပ်ဘဲနဲ့တော့ မနေဘူး။ ဖမ်းချင်လည်း ဖမ်း။ ကျမတို့တတွေက ဒီနေ့လုပ်စရာရှိတာ ဒီနေ့လုပ်မယ်၊ နက်ဖြန်ခါ လုပ်စရာအချိန်ရှိရင် နက်ဖြန် ဆက်လုပ်မယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ ထွက်လာတယ်။ နောက်ပြီးတော့လည်း ပြည်သူနဲ့အတူ ရပ်တည်ပြီးသာလျင် နိုင်ငံရေး လုပ်မယ် လို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ် ဆိုတာကို ထပ်ပြောချင်တယ်။
နောက်ပြီးတော့လည်း ကျမတို့မှာ နိုင်ငံရေးပါတီရယ်လို့ တရားဝင်ရပ်တည်တာတွေ မရှိဘူးဆိုရင်လည်း ကိစ္စမရှိဘူး၊ ပြည်သူတွေနဲ့အတူ ဒီမိုကရေစီကွန်ယက်ကြီးအဖြစ် အချင်းချင်း ချိတ်တွဲပြီး လက်တွဲပြီး အားလုံးရဲ့ အင်အားတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေ၊ လယ်သမားတွေ၊ အလုပ်သမားတွေ၊ ပညာရှင်တွေ၊ မိဘပြည်သူတွေ အားလုံးရဲ့ ကွန်ယက်တွေနဲ့ ပေါင်းစည်းပြီး ပြည်သူကွန်ယက်၊ ဒီမိုကရေစီကွန်ယက်ကြီးအဖြစ် ဆက်လက်ချီတက်သွားမယ်လို့လည်း ထုတ်ဖော်ပြောဆိုပြီး ခုချိန်မှာ အကောင်အထည်ဖော်ဆောင်နေတာ ဖြစ်တယ်။ အဲသလိုမျိုး ပြောချင်တယ်။”
နောက်မေးခွန်းတခုကတော့ အင်န်အယ်ဒီပါတီဟာ ယခုအချိန်မှာ ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေ အတူတကွ တသားတည်း၊ တသံတည်း ရပ်တည်ပြီး တက်ကြွစွာ လှုပ်ရှားနေကြတာကို တွေ့နေရတယ်။ အဲသည်အချိန်မှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်တွေက အမျိုးမျိုးသော ကောလဟလတွေ၊ သွေးထိုးစကားတွေ၊ သံသယစကားတွေကို ဖြန့်ချိလာတယ်။ အင်န်အယ်ဒီက ပဲ့စင်ထွက်သွားတဲ့ အင်န်ဒီအက်ဖ်လို ပါတီကသူတွေကိုယ်တိုင်ကလည်း ပြောဆိုရာမှာ  ဒေါ်စုနဲ့ ပြည်သူတွေကြားမှာ ဦးဝင်းတင်နဲ့ လူအချို့ ပိတ်ဆီးနေတာကြောင့် အမျိုးသားစည်းလုံးရေးမှာ အတားအဆီးဖြစ်နေရတယ်။ သူတို့တွေမရှိရင် ပြည်သူနဲ့ ဒေါ်စုတို့ အမျိုးသားစည်းလုံးရေး အလုပ်ဖြစ်မယ် ဆိုပြီး ပြောဆိုကြောင်း တလောက ထုတ်တဲ့ ရွှေပြည်တော်စာစောင်က အသားပေးပြီးတော့ ရေးသားလာတာတွေ လုပ်လာတယ်။ အဲသည်တော့ လက်ရှိမှာ အင်န်အယ်ဒီခေါင်းဆောင်ပိုင်းက “အချို့” တွေ၊ ဆရာဦးဝင်းတင်အပါအ၀င်က ဒေါ်စုကို လူထုနဲ့ မသင့်မြတ်အောင် သွေးခွဲနေသလား။ ဒါမှမဟုတ် အခြားသော အစုအဖွဲ့တွေက အင်န်အယ်ဒီပါတီခေါင်းဆောင်ပိုင်းတွေနဲ့ လူထုကြားမှာ  အမြင်ရှုပ်ထွေးအောင် သွေးခွဲနေကြတာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“ဒါတွေကတော့ မဆန်းတော့ဘူးလို့ ပြောချင်ပါတယ်။ အင်န်အယ်ဒီပါတီကို သွေးကွဲအောင်၊ လူထုနဲ့ မနီးစပ်အောင်၊ သံသယတွေ ဖြစ်နေ၊ ၀င်နေအောင် တဖက်ကနေပြီးတော့ နှစ်ပေါင်းများစွာ အနှစ် ၂၀ လုံးလုံး လုပ်နေခဲ့တာပါ။ ကျနော်တို့ နိုင်ငံရေးဆိုတာ ကိုယ်ကျိုးစီးပွားမပါတဲ့ နိုင်ငံရေး၊ ပြည်သူ့အကျိုးကို ဦးထိပ်ထားတဲ့ နိုင်ငံရေး၊ ပြည်သူလူထုဖက်ကို မျက်နှာမူတဲ့ နိုင်ငံရေး ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒေါ်စုကိုယ်တိုင်ကလည်း သညိလို ပြောတယ်။ သည်လိုပဲ ခံယူတယ်။ 
        အဲသည်လို ရပ်တည်ချက်၊ ခံယူချက် မှန်ကန်တဲ့အတွက် ကျနော်တို့တတွေ အားလုံးဟာ ယခုအချိန်မှာ သမိုင်းမှာ မကွဲ မပြဲဘဲ ရပ်တည်နိုင်တာ ဖြစ်တယ်။ အများက ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ပြိုကွဲတော့မယ်လို့ ထင်မြင်နေချိန်မှာ ညီညီညွတ်ညွတ်နဲ့ ကျနော်တို့ ဖြတ်သန်းနိုင်ခဲ့တယ်။ ကျနော်တို့အားလုံးရဲ့ နိုင်ငံရေးသိက္ခာ၊ ကိုယ်ကျင့်တရားကို မှတ်ကျောက်တင်နိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဒီလို ပဏာမ ပြောချင်တယ်။
နောက်တခုကတော့ ကျနော်နဲ့ ပတ်သက်ပြီး ပုတ်ခတ်ပြီး ပြောကြတာကို ပြောပါ့မယ်။ ဒီနေရာမှာ ကျနော့်ထက် ကြီးကျယ်မြင့်မြတ်တဲ့ နိုင်ငံရေးသမားတွေ အများကြီးရှိပါတယ်။ ကျနော်ဟာ သာမန် စာရေးဆရာတဦး၊ သတင်းစာဆရာတဦးဘ၀ကနေ ရောက်ရှိလာတဲ့ နိုင်ငံရေးသမားမျှသာ ဖြစ်ပါတယ်။ ကျနော်ရဲ့ တလျောက်လုံးမှာ ရှိတဲ့ ရပ်တည်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်သည်သာလျင် မြန်မာပြည်ရဲ့ နိုင်ငံရေးကို ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်၊ ရှင်းလင်းနိုင်တဲ့ ပုဂ္ဂိုလ်၊ တရားမျှတမှုကို ဆောင်ကျဉ်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် လို့ တွေ့ရှိတယ်။ ဗိုလ်ချူပ်အောင်ဆန်းလိုမျိုး တခေတ်မှာ တယောက် ပြည်သူလူထုရဲ့ အားကိုးမှုကို ရရှိတဲ့သူဟာ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ်လို့ ယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျော်အမြင်၊ အယူအဆ၊ ကိုယ်ကျင့်သိက္ခာ အစစ ပြည့်စုံတဲ့ သူဖြစ်တယ်လို့ ကျနော်က မှတ်ယူတယ်။
အဲသည်လိုမျိုး ကျနော်က ခံယူပြီး နိုင်ငံရေးစလုပ်တဲ့ အချိန်မှာ ကျနော့်အသက် ၆၀ ရှိနေပြီ။ ပြီးတော့ ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရတယ်။ ဒုက္ခမျိုးစုံနဲ့ ကြုံခဲ့ရတယ်။ အသက် ၈၀ နီးတော့မှာမှ ထောင်ထဲက ပြန်ထွက်လာတဲ့ အချိန်မှာ ကျနော့်ရဲ့ နိုင်ငံရေးအတွက် အသုံးဝင်မှု၊ အသုံးကျမှု၊ လုပ်နိုင်ကိုင်နိုင်မှု စွမ်းရည်တွေကလည်း ကျဆင်းနေပါပြီ။ အိုမင်းနေပါပြီ။ ကျနော် ရိပ်မိပါတယ်။ သို့သော် ကျနော်ရဲ့ သဘောထားတွေ၊ ရပ်တည်ချက်တွေ၊ ယုံကြည်မှုတွေကတော့ ဘာမှ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ကျနော်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ခေါင်းဆောင်တဦးအဖြစ် ယုံကြည်မှတ်ယူထားမှုတွေဟာ ပြောင်းလဲသွားခြင်း မရှိဘူး။ ကျနော်ဟာ နိုင်ငံအတွက်၊ ပါတီအတွက်၊ တိုင်းပြည်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်လိုက်တယောက်မျှသာ ဖြစ်တယ်ဆိုတာကို မယိမ်းမယိုင်ဘဲနဲ့ ဆက်လက်ရပ်တည်ပြီး လိုက်ပါ ဆောင်ရွက်နေခြင်းမျှသာ ဖြစ်ပါတယ်။
ကျနော်ရဲ့ ကိုယ်ကျိုးအတွက် လုပ်နေ၊ ကိုင်နေ၊ မျှော်ကိုးနေတာတွေ ဒီအချိန်၊ ဒီအရွယ်မှာ ဘာမှ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျနော်ကနေပြီးတော့ ကာဆီးနေတာ၊ ပိတ်ပင်နေတာတွေ ဘာမှ မရှိပါဘူး ဆိုတာကို ပြောချင်ပါတယ်။
အဲသည်လိုမျိုး ပြောနေ ဆိုနေ၊ စွပ်စွဲနေကြတဲ့သူတွေကိုယ်တိုင်ဟာ တော်တော်ကို ရိုးသားမှု မရှိပါလား၊ အသိဥာဏ်ပညာ နည်းပါလားလို့ပဲ ကျနော်က ပြောချင်တယ်။ အမှန်ကို အမှန်အတိုင်း မမြင်နိုင်ပါလားလို့ ပြောချင်တယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံရေးနယ်ပယ်ထဲကို ၀င်ရောက်လာကတည်းက သူ့ကို ဘယ်သူမှ လွှမ်းမိုးနိုင်ခြင်း မရှိဘူးလို့ ပြောချင်ပါတယ်။ အဲသည်တုန်းက နိုင်ငံရေးသြဇာကြီးမားတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ထင်မြင်နေတဲ့ ဗိုလ်အောင်ကြီးကိုယ်တိုင်လည်း မလွှမ်းမိုးနိုင်ခဲ့ဘူး ဆိုတာကို သတိရစေချင်တယ်။
ကျနော်တို့လိုမျိုး နောက်လိုက်တွေဟာ အခုအချိန်မှာ အများကြီး ရှိနေတဲ့အကြောင်းလည်း ထောက်ပြချင်တယ်။ ဥပမာ အခု ကျနော်တို့ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးတင်ဦး ဖြစ်ပါတယ်။ ဦးတင်ဦးကိုယ်တိုင်ကလည်း နိုင်ငံမှာ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်။ အလွန်ထူးချွန်တဲ့ ပုဂ္ဂိုလ်ကြီး ရိုးသား ဖြောင့်မတ် ရဲရင့်တဲ့ စည်းရုံးရေးစွမ်းရည် ထက်မြက်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူလိုလူ ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တဦး အဖြစ် သဘောထားတယ်။ သူလည်းပဲ နောက်လိုက်တဦးလို့ ခံယူထားတယ်။ ကြိုက်တဲ့သူ ကြိုက်တဲ့ အချိန်မှာ သွားမေးနိုင်ပါတယ်။ ဦးတင်ဦးကိုယ်တိုင်က သည်လို ခံယူတယ်၊ သဘောထားတယ် ဆိုတာ သူအကျယ်ချုပ်က လွတ်မြောက်လာတဲ့ အချိန်မှာ ထုတ်ဖော်ပြောဆိုခဲ့တာ တွေ့နိုင်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှမ်းမိုးဖို့ ကြိုးစားခဲ့တဲ့ ဗိုလ်အောင်ကြီး နောက်တော့ ဘယ်လိုဖြစ်သွားသလဲဆိုတာကို ပြန်ပြောင်းကြည့်ပြီး သင်ခန်းစာယူနိုင်တယ် လို့ ပြောချင်တယ်။ အပြင်ကလူတွေကိုယ်တိုင်က မြင်နိုင်ပါတယ်။ မြင်ကြပါတယ်။ ပြည်သူတွေကိုယ်တိုင်ကလည်း သည်လိုမျိုးလူတွေကို ဘယ်လို သဘောထားသလဲ၊ တုန့်ပြန်သလဲဆိုတာ သမိုင်းသက်သေဖြစ်တယ်။ ပြည်သူက သူတို့ဖက်က ၀န်းယံပေးခြင်း မရှိတော့ဘူး။ အထင်အမြင်သေးခြင်း ခံကြရတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာလည်း ၀င်ဆန့်ခြင်း မရှိတော့တာကို တွေ့နိုင်တယ်။
တကယ်တမ်းပြောကြရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှမ်းမိုးဖို့ ကြိုးစားလို့ မရတဲ့အခါကြတော့ ဒေါ်စုရဲ့ အခမ်းကဏ္ဍကို သေးသိမ်အောင်၊ နိမ့်ကျအောင်၊ သိက္ခာကျအောင် လုပ်လာကြတယ်။ အဲသည်လိုမျိုး ဒေါ်စုရဲ့ မဏ္ဍိုင်ကို မှေးမှိန်အောင်၊ သေးသိမ်အောင် လုပ်ဖို့အတွက် တရားခံရှာတဲ့အနေနဲ့ ဦးတင်ဦးတို့ ဦးဝင်းတင်တို့ကို လက်ညိုးထိုးတယ်။ သွေးထိုးတာတွေ၊ မဟုတ်တမ်းတရားတွေ စွပ်စွဲတာတွေ လုပ်လာကြတာလို့ ပြောချင်တယ်။ ကျနော်တဦးတည်း အနေနဲ့ ပြောရရင်တော့ ကျနော်က ဒေါ်စုကို ပိတ်ဆို့နေတာ၊ တားဆီးနေတာ၊ လွှမ်းမိုးနေတာတွေ မရှိဘူး။ ကျနော်ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ပြီးတော့ နောက်လိုက်တဦးလို ရပ်တည်နေတာ ဖြစ်ပါတယ်။ အများပြည်သူတွေအားလုံးကလည်း သိကြပါတယ်၊ မြင်ကြပါတယ်လို့ ပြောချင်ပါတယ်။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က စစ်အုပ်စုနဲ့ အလိုတော်ရိတွေရဲ့ ဓာတ်ပြားဟောင်းကြီးကို ပြန်ဖွင့်နေတာပဲ။
ကျနော့်ရဲ့ ထောင်အတွေ့အကြုံစာအုပ်ထဲမှာ အခန်းတခန်းအနေနဲ့ ရေးခဲ့ပါတယ်။ ရုပ်မသေး ကြိုးမကိုင်ဆိုပြီးတော့ … အဲသည်တုန်းက ထောက်လှမ်းရေးနဲ့ စစ်အုပ်စုက စွပ်စွဲခဲ့သလို ဒေါ်စုဟာ ရုပ်သေးမဟုတ်ဘူး၊ ဦးဝင်းတင်ဟာလည်း နောက်ကနေ ကြိုးကိုင်နေသူ မဟုတ်ဘူး ဆိုတာ ရေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် ကျနော်တို့တတွေဟာ နောက်လိုက်တွေပါ။ တခြားဘာမှ မဟုတ်ဘူး။ ကျနော်တို့ပါတီက ၂၀၀၉  ဧပြီ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ ပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်နဲ့ ပြည်သူလူထုတွေအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ကျနော်တို့ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာလျင် တိုင်းပြည်ကောင်းကျိုးအတွက် အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်လို့ သူနဲ့သာလျင် အဖြေရှာကြပါလို့ တိုက်တွန်းတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလောက် ရှင်းလင်း နားလည်နေတဲ့ အချိန်ရောက်နေပါပြီ။ အခြေအနေ ရောက်နေပါပြီ။ မြန်မာပြည်သူတွေသာမက နိုင်ငံတကာကပါ လက်ခံထားတဲ့ ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ သူရဲ့ သြဇာနဲ့ ခေါင်းဆောင်မှုကို ဘယ်သူကမှ လွှမ်းမိုးလို့ ပိတ်ဆို့ ကာဆီးလို့ မရပါဘူး။ ဒါကို လုပ်ကြံ သွေးထိုးနေကြသူတွေဟာ မရိုးသားတဲ့သူတွေ၊ အသိဥာဏ်နည်းတဲ့သူတွေလို့ ပြောချင်ပါတယ်။ အမှန်တရားကို မမြင်နိုင်ကြတဲ့သူတွေလို့ ပြောချင်ပါတယ်။ မြန်မာပြည်နိုင်ငံရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မလိုလားတဲ့သူတွေ၊ အမျိုသားစည်းလုံးညီညွတ်မှုကို ဖျက်လို ဖျက်ဆီးလုပ်ချင်တဲ့သူတွေ ဖြစ်တယ် လို့ ပြောချင်ပါတယ်။
ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။ ။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts