>Burmese protest infront of Regime’s Embassy in DC on their independence day

>

မလွတ်လပ်သေး လွတ်လပ်ရေးအတွက် ၀ါရှင်တန်မြန်မာသံရုံးရှေ့ မြန်မာတို့ ဆန္ဒပြ
မိုးမခအထောက်တော် ၀၀၂
ဇန်န၀ါရီ ၄၊ ၂၀၁၁
          ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သော မြန်မာပြည်၏ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ  အမေရိကန်ပြည်၊ ၀ါရှင်တန်ဒီစီ၊ မြန်မာသံရုံးရှေ့ မြန်မာ ကျောင်းသားများ၊ ရဟန်းသံဃာများ သွားရောက်ပြီး ဆန္ဒပြကြသည်ဟု သတင်းရရှိသည်။ 
          နယူးယောက်ပြည်နယ် အထက်ပိုင်းက အယ်ဘနီ၊ ယူတီကာ၊ အယ်သီကာနှင့် ရစ္စလီယာ စသည့် မြို့များက သံဃာတော်များ၊ မြန်မာများ၊ မီချီဂန်ပြည် ဥက္ကလံဒေသကောလိပ်က မြန်မာကျောင်းသားများ စုဝေးကြပြီး ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့သော်လည်း စစ်အာဏာရှင်၏ ဖိနှိပ်အုပ်ချူပ်မှုအောက်တွင် တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးနေရသည့်အတွက် မလွတ်လပ်သေးသည့် လွတ်လပ်ရေးနေ့အတွက် စစ်အုပ်စုကို ကန့်ကွက်ဆန္ဒပြခြင်းဖြစ်သည်ဟု အယ်ဘနီ၊ ရစ္စလီယာနယ်၊ ဓမ္မ၀ါဒီအောင်မြေ မင်္ဂလာကျောင်းတိုက် မိုးကုတ်ဆရာတော် ဦးဣသရိယ က မိုးမခသို့ ပြောကြားသည်။
          မြန်မာ ကျောင်းသူ ကျောင်းသား ၁၀ ဦးခန့်ပါဝင်ပြီး ရဟန်းသံဃာ ၂ ပါး တက်ရောက်သည့် မြန်မာမိသားစုများ တက်ရောက်သည့် ဆန္ဒပြပွဲတွင် စစ်အာဏာရှင်နှင့် အပေါင်းအပါများအား ရှုတ်ချခြင်း၊ နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီရေး အင်အားစုများ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများ အားလုံးကို ထောက်ခံခြင်း စသည့် ကြွေးကြော်သံများ၊ တောင်းဆိုမှုများဖြင့် ဆင်နွှဲခဲ့ကြသည်ကို တွေ့ရသည်။
          မြန်မာပြည်၏ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့ရှိ အင်န်အယ်ဒီပါတီရုံးချူပ်မှာ အခမ်းအနားကျင်းပရန် စီစဉ်ထားပြီး လွတ်လပ်ရေးနေ့အကြို ဈေးရောင်းပွဲများ ကျင်းပ၍ မလွတ်မြောက်သေးသော နိုင်ငံရေးအကျဉ်းသားများအား ကူညီစောင့်ရှောက်ရန် ရန်ပုံငွေ အလှူကို မတည် စုဆောင်းခဲ့ကြသည်။ အနောက်နိုင်ငံအသီးသီးရှိ မြန်မာသံရုံးများရှေ့တွင် ဒေသခံ မြန်မာတို့က စုဝေးပြီး စစ်အစိုးရကို ကန့်ကွက်ရှုတ်ချခဲ့ကြသည်ဟု သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts