>Burmese Not so senior Politician – Down with the Regime’s Parliment

>

လေးဘက်ထောက်၊ စောရနဲ့ အဓမ္မလွှတ်တော်ကို ဆက်လက်ရှုတ်ချကြပါ
ဝါလတ်နိုင်ငံရေးသမားတဦး
ဇန်န၀ါရီ ၃၊ ၂၀၁၁
မိုးမခဆရာများခင်ဗျား
မြန်မာနိုင်ငံမှာ ၂၀၁၀မှာ စစ်အစိုးရက ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲမှာ  ကြံ့ဖွတ်ပါတီနဲ့ လက်ဝေခံ မဲရုံအဖွဲ့တွေ၊ ရွေးကောက်ပွဲ ကော်မရှင်တွေပါ  ပက်ပက်စက်စက် ပူးပေါင်းပြီး မဲလိမ် မဲခိုး ညစ်ပတ်စုတ်ပဲ့ခဲ့တာကို တစ်လလောက်ကြာသွားရင်ပဲ ကျူးလွန်ခဲ့သူတွေရော ခံခဲ့ရသူတွေကပါ မေ့ချင်နေကြပါပြီ။
အမှားကြာ အမှန်ဖြစ် ဆိုသလို ဖြစ်တော့မယ်ထင်ပါရဲ့။
တကယ်ကတော့ မဲလိမ်မဲခိုး ယုတ်မာတာဟာ ပြိုင်ဘက်တွေကို မတရား အနိုင်ယူတာတင် မကဘူး။  မဲဆန္ဒရှင် ပြည်သူတွေကိုပါ မတရားစော်ကားလိုက်ကြတာပါ။ နိုင်ငံတကာ မိသားစုတွေကိုလဲ ဘောင်းဘီကြယ်သီးတွေ ဖြုတ်ပြလိုက်တာပါ။
လွှတ်တော်ခေါ်ပြီး ပြောကြဆိုကြ ဆွေးနွေးကြတဲ့အခါ အဲဒီသတင်းတွေက လွှမ်းသွားပြီး သူတို့ ယုတ်မာခဲ့တာတွေကို ပိုပြီး မေ့သွားကြတော့မှာ မြင်ယောင်သေးတယ်။
အဲဒါကြောင့် အဲဒီကောင်တွေဟာ သူခိုးတွေ သူခိုးတွေ၊ သူတို့ ဒီလိုဒီလို ခိုးခဲ့တာ …
ကြိုတင်မဲဆိုတာတွေကို ပီနံအိတ်တွေနဲ့ ထည့်ပြီး ဗြောင်လိမ်ဗြောင်စားလုပ်ခဲ့တာ၊
ဒီလို ဒီလို ၁၀၀ ရာခိုင်နှုန်းကျော်နဲ့ နိုင်တယ်ဆိုပြီး ကြေငြာခဲ့တာ
ဒီလို ဒီလို ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့နေရာမှာတောင် ကြံ့ဖွတ် နိုင်တယ်ဆိုပြီး ကြေငြာခဲ့တာ
သက်သေမရှိ စိတ်ကြိုက် မဲလိမ် မဲခိုးလို့ရအောင် နိုင်ငံတကာရော ကုလသမဂ္ဂကိုပါ  ဘယ်သူမှ လာစရာ မလိုဘူး လို့ ပိတ်ပင်ခဲ့တာ  …
စသဖြင့် မသမာမှုမှန်သမျှကို နေ့စဉ် ဒို့တာဝန် အရေး ၃ ပါး နေရာကနေ ထည့်ပေးစေချင်ပါတယ်။
ကမ္ဘာပေါ်မှာကို ဘယ်မှမှ မရှိဖူးတဲ့ မဲလိမ်မဲခိုးမှုကြီးတွေ ဖြစ်ပေမယ့်
မြန်မာလူမျိုးတွေရဲ့ မေ့လွယ်ပျောက်လွယ် ခွင့်လွှတ်လွယ် အမှတ်သည်းခြေ မရှိတတ်တာကို သိလွန်းလို့ ခုလို နှိုးဆော်ရတာပါ မိုးမခမင်းများခင်ဗျား။
ခုလို ဖော်ထုတ်ရှုတ်ချတော့ ဘာဖြစ်လာမှာမို့လို့လဲ လို့ မေးချင်သလား။
(၁) လူယုတ်မာ ကြံ့ဖွတ်တွေနဲ့ မဲရုံတာဝန်ခံတွေ ရွေးကောက်ပွဲ ကော်မရှင်တွေကို သူတို့ ကျူးလွန်ခဲ့တဲ့ အမှုတွေကို ငါတို့သိတယ်လို့ အသံချဲ့စက်နဲ့ ရွာထိပ်က အော်ပြောနေသလို ဖြစ်မယ်။ သူတို့ မရှက်တတ်ရင်တောင် သူတို့ မိသားစုထဲက လူစိတ်ရှိတဲ့ တစ်ယောက်တလေကတော့ ရှက်မှာပဲ။
(၂) ချီးမွမ်းခုနစ်ရက်  ကဲ့ရဲ့ ခုနစ်ရက်ပါကွာ၊ နောက်တော့လဲ မေ့သွားကြမှာလို့ ထင်နေသူတွေ သူတို့နောက်က အကုသိုလ်ကြီး အရိပ်လို လိုက်နေတယ်လို့ ထင်နေစေရမယ်။
(၃) ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပါတယ်လို့ အရှက်မရှိ ကမ္ဘာကို ပြောရဲနေသူတွေကို  လူလိမ်တွေပါလို့ သက်သေထူရာရောက်မယ်။
ဒါပါပဲ ခင်ဗျား။ ဒီစာကို ဖတ်မိသူသည် ၁၀ မေးလ် အထက် ဆက်ပြီး ဝေငှရမည်။ မဝေငှရင် သင်သည် ဘာမှ မဖြစ်။ သို့သော် တရားမျှတမှုကို လိုလားသူ မဟုတ်ရာ ရောက်မည်။ သင့်ကိုယ်စောင့်နတ်က သင့်ငယ်ထိပ်ကို ခေါက်လိမ့်မည်။
တောင်းဆိုသူ – ၀ါလတ် နိုင်ငံရေးသမားတစ်ဦး။ (၀ါရင့် ၀ါနုမဟုတ်တဲ့ ၀ါလတ်)
မိုးမခရဲ့ သဘောထားကိုပါ ဖော်ပြပေးပါ။ အဖြေမတတ်ရင် သင်တို့ပါ ကြံရာပါ ဖြစ်မည်။
(မိုးမခ စာတည်းမှတ်ချက် – စစ်အစိုးရနဲ့ အပေါင်းအပါများသည် ယခု ရွေးကောက်ပွဲမှာမှ မတရားမှုများဖြင့် တဖက်သတ်လုပ်ခဲ့တာတင် မဟုတ်ပါ၊ ယခင် လွန်ခဲ့တဲ့ အနှစ် ၂၀ – ၁၉ ၉ ၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲကိုလည်း ကျင်းပရုံ ကျင်းပခဲ့ပြီး သူတို့စိတ်တိုင်းကျ အာဏာကို မချယ်လှယ်နိုင်ခဲ့လို့ ပြည်သူ့လက်ထဲ အာဏာကို မလွှဲနိုင်လို့ ကောက်ကျစ်ယုတ်မာခြင်း၊ မတရားမှုများ ကျုးလွန်ခြင်း၊ လူ့အခွင့်အရေးများ ချိုးဖောက်ခြင်းနှင့် တိုင်းပြည်ကြီး တခုလုံး ကာလနာတိုက်အောင် လူ့ရာဇ၀တ်မှုကြီး ကျူးလွန်ခဲ့ပြီး ဖြစ်ပါသည်။ ကြားထဲမှာလည်း သူတို့အာဏာသက်ဇိုး ရှည်အောင်လို့ ၂၀၀၈ အခြေခံဥပဒေကိုလည်း မတရား တဖက်သတ် အတည်ပြုထားခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခု ပေါ်ပေါက်လာတဲ့ အတုအယောင်လွှတ်တော်တင်သာမက စစ်အာဏာရှင်နဲ့ စစ်အုပ်စု တခုလုံး၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မတရားမှုများ အားလုံး အားလုံးကို အဆက်မပြတ် ဖော်ထုတ် ရှုတ်ချ မှတ်တမ်းတင် ဖြန့်ချိနေဖို့လည်း ကျနော်တို့ တာဝန်ဖြစ်တယ်လို့ ဆိုချင်ပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts