>ORatha – Remarkable News of 2010 on MoeMaKa and Beyond

>

၂၀၁၀ အမှတ်တရ လှုပ်ရှားမှုများ မိုးမခတင်ဆက်ခဲ့သမျှ
သြရသ
ဇန်န၀ါရီ ၂၊ ၂၀၁၁
၂၀၁၀ ခုနှစ်အတွင်းမှာ မိုးမခက ပြည်တွင်း ပြည်ပသတင်းတင်ဆက်မှုများအပြင် မြန်မာကွန်မြူနီတီအတွင်း လှုပ်ရှားမှုများကို လက်လှမ်းမီသမျှ အစီရင်ခံတက်ဆက်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း ကျနော်တို့ မှတ်မိသမျှ ကွန်မြူနီတီလှုပ်ရှားမှုတွေကတော့ –
 
ပြည်သူ့ဂုဏ်ရည် ၂၀၁၀ ဂုဏ်ပြုချီးမြှင့်ခြင်း လှုပ်ရှားမှု
၂၀၀၉ ဒီဇင်ဘာလမှာ အမေရိကန်ရောက် မြန်မာမိသားစုတွေနေထိုင်ရာ မြို့နယ်များ စုဝေးကြပြီးတော့ မြန်မာပြည်တွင်းက ကိုယ်ထူကိုယ် လူမှုလုပ်ငန်းစွမ်းဆောင်သူတွေ၊ အဖွဲ့အစည်းတွေကို စာရင်းပြုစုကြတယ်။ လက်လှမ်းမီရာ မြန်မာကွန်မြူနီတီအတွင်းမှာ စာရင်းတောင်းခံကြပါတယ်။
မြို့နယ်အလိုက် လုပ်အားပေးများ၊ စေတနာရှင်များရဲ့ ဆန္ဒမဲများ၊ အင်တာနက်ပရိသတ်များရဲ့ မဲဆန္ဒများနဲ့ နောက်ဆုံး ဆန်ခါတင်သူ – ကိုကျော်သူ၊ ကိုဇာဂနာ၊ မဖြူဖြူသင်း၊ ဦးအေးမြင့်နဲ့ ဆရာတော်ဘုရားကြီး ဦးဉာဏိသရတို့ အထဲက မဲအများဆုံး ရရှိသူ နာရေးကူညီမှုအသင်းက ကိုကျော်သူကို ပထမဦးဆုံး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုဆုချီးမြှင့်နိုင်ခဲ့ပါတယ်။ ၂၀၁၀ ဧပြီလမှာ လော့စ်အိန်ဂျလိစ်မှာ မြို့နယ်ပေါင်း ၁၅ မြို့နယ်ပူးပေါင်းပြီး ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ရဲ့ နောက်ဆုံးဆန်ခါတင်သူတွေအားလုံးကို ဂုဏ်ထူးဆောင်မြန်မာများအဖြစ် မှတ်တမ်းတင်ခဲ့တာကို တွေ့ရပါတယ်။
၂၀၁၁ အတွက် ပြည်သူ့ဂုဏ်ရည် ဒုတိယအကြိမ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၁ ခုနှစ် မေလမှာ ဆန်ဖရန်စစ္စကိုမှ ကျင်းပမယ်လို့ သိရပါတယ်။ အဲသည်အတွက် ဂုဏ်ယူဖွယ်ရာ မြန်မာများ၊ အသင်းအဖွဲ့များ စာရင်းပြုစုခြင်းတို့ စတင်နေပြီး၊ မြို့နယ်များအလိုက် ရန်ပုံငွေ ရှာဖွေပွဲများ ပြုလုပ်လျက် ရှိပါတယ်။
၂၀၁၁ စစ်အစိုးရ၏ ရွေးကောက်ပွဲ သပိတ်မှောက် ကန့်ကွက်သည့် လှုပ်ရှားမှု
          ပြည်တွင်းမှာ ၂၀၁၀ မတ်လက စတင်ပြီးတော့၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံတင်ရန်၊ ရွေးကောက်ပွဲဝင်ကြရန် စစ်အစိုးရက စတင်လှုပ်ရှားလာခဲ့ပါတယ်။ စစ်အစိုးရထောက်ခံသူများနဲ့ အခြားနိုင်ငံရေးလှုပ်ရှားသူများက ရွေးကောက်ပွဲကို ၀င်ရန်ပြင်ဆင်ခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ  ဒီမိုကရေစီရေး အတိုက်အခံပါတီ အင်န်အယ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ကြေညာခဲ့ပါတယ်။
အဲသည်အချိန်ကစပြီးတော့ မြန်မာပြည်တွင်းမှာ ရွေးကောက်ပွဲဝင်ရောက်ရေး၊ ရွေးကောက်ပွဲအနိုင်ရရှိရေး လှုပ်ရှားမှုများ ပေါ်ထွန်းလာခဲ့ပြီး အင်န်အယ်ဒီနဲ့ မဟာမိတ် နိုင်ငံရေးအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့များကလည်း တဖက်က သပိတ်မှောက်ရေး လှုံဆော်ခဲ့ကြတာကို တွေ့ရပါတယ်။ ပြည်ပက မြန်မာမိသားစုအများစုကတော့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို လက်ခံခြင်း မရှိဘူး၊ ဆန့်ကျင် သပိတ်မှောက်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ဥရောပ၊ ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ သြစတြေးလျ၊ မလေးရှား၊ တောင်ကိုရီးယား၊ တောင်အာဖရိက စတဲ့ မြန်မာအများ စုဝေးနေထိုင်ရာ နိုင်ငံများမှာ စစ်အစိုးရနဲ့ စစ်အစိုးရရွေးကောက်ပွဲ ကို ကန့်ကွက်ဆန္ဒပြပွဲများနဲ့ တုန့်ပြန်ခဲ့ကြပါတယ်။
ရွေးကောက်ပွဲ ကျင်းပအပြီး ရက်သတ္တပတ်အတွင်းမှာပဲ စစ်အစိုးရရွေးကောက်ပွဲဟာ မတရားမှုများနဲ့ လိမ်ညာကျင်းပခြင်းကြောင့် နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေ ရှေ့မှောက်မှာ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။
အရုဏ်ဦးမှာ ဖူးသည့်ကြာ သရုပ်ဆောင်များ ပြည်ပတွင် ကန့်ကွက်ခံရခြင်း
          ၂၀၁၀ ဇူလိုင်လကုန်က စတင်ပြီး အမေရိကန်၊ ဗြိတိန်က မြန်မာမိသားစုတွေက စစ်အစိုးရရဲ့ ၀ါဒဖြန့်ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေ ပြည်ပဖျော်ဖြေရေးခရီး ထွက်လာစဉ်မှာ သူတို့ရဲ့ ရပ်တည်ချက်တွေကို ကန့်ကွက်ဆန္ဒပြခြင်း၊ ရှုတ်ချခြင်းတို့ စတင်ပြုလုပ်ခဲ့ကြပါတယ်။
ယခင်ကတည်းက မြန်မာသရုပ်ဆောင်တွေ အနုပညာရှင်တွေက စစ်အစိုးရ၀ါဒဖြန့်ကားတွေ၊ ရုပ်သံတွေမှာ သရုပ်ဆောင်ခဲ့ကြပေမယ့် ဒီတခါမှာတော့ ပြည်ပမှာ မြန်မာအများအပြားရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပြည်တွင်းမှာလို နှုတ်ဆိတ်နေမှုမျိုး မကြုံကြရဘဲနဲ့ သူတို့ကို ဝေဖန်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ကြရတာဖြစ်ပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေ၊ စီးပွားရေးတွေ၊ စစ်အုပ်စု မိသားစုဝင်တွေကို ပြည်ပမှာ ကန့်ကွက်ဆန္ဒပြနေကြဖြစ်နေရာကနေ စစ်အစိုးရရဲ့ ၀ါဒဖြန့်လုပ်ငန်းတွေ၊ သရုပ်ဆောင်တွေကိုပါ ပြည်ပရောက် မြန်မာမိသားစုတွေက လက်မခံဘူးဆိုတာကို ထုတ်ဖော်ပြသခဲ့တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။
အမေရိကန်၊ ဗြိတိန်က မြန်မာတွေ စလိုက်တဲ့ လှုပ်ရှားမှုဟာ သြစတြေးလျကိုပါ ကူးစက်သွားခဲ့ပြီးတော့ ၀ါဒဖြန့်သရုပ်ဆောင်တွေကို ဖိတ်ခေါ်ကြိုဆိုခြင်း မပြုနိုင်ဘူးဆိုတဲ့ တုန့်ပြန်မှုတွေ ပေါ်ထွက်ခဲ့သလို၊ ပြည်တွင်းက ဖျော်ဖြေသူတွေမှာ  စစ်အစိုးရ ကို မလွန်ဆန်နိုင်လို့ အလိုကျ လိုက်လျောနေရတာပါဆိုတဲ့ ကာကွယ်ပြောဆိုပေးမှုတွေကိုလည်း တွေ့ခဲ့ရပါတယ်။
၂၀၁၀ အောက်တိုဘာ လဆန်းမှာ အမေရိကန်အစိုးရက အဆိုပါ သရုပ်ဆောင်တွေပါတဲ့ ဖျော်ဖြေရေးအဖွဲ့တခုလုံးကို ဗီဇာရုတ်သိမ်းပြီး ပြည်တော်ပြန်စေခဲ့ခြင်းနဲ့ အဆုံးသတ်ခဲ့တာကို တွေ့ရပါတယ်။
မြန်မာမိသားစုများရဲ့ မြန်မာပြည်သဘာဝဘေးဒဏ်သင့်သူများထံ ကူညီရေးလှုပ်ရှားမှု
          ၂၀၀၈ နာဂစ်မှာ မြန်မာစစ်အစိုးရက ပြည်တွင်းနဲ့ ပြည်ပက မြန်မာစေတနာရှင်တွေ၊ အလှူရှင်တွေနဲ့ လုပ်အားပေးတွေကို ကန့်သတ် ချုပ်ချယ်ခြင်း၊ ဖိနှိပ် တားမြစ်ခြင်း၊ မတရားသဖြင့် အရေးယူခြင်း၊ မဟုတ်တန်းတရား စွပ်စွဲပြစ်တင်ခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် နိုင်ငံတကာမှာ မြန်မာစစ်အစိုးရနဲ့ စစ်အုပ်စု အပေါင်းအပါတွေအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ အခမ်းကဏ္ဍဟာ အလွန်နိမ့်ကျပြီး အယုံအကြည်လုံးဝမရှိမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖြစ်ပါတယ်။
          ၂၀၁၀ ခုနှစ် နွေရာသီကာလမှာ မြန်မာပြည်အနှံ့ အပူချိန်မြင့်မားပြီး ရေရှားပါးခြင်း၊ အပူဒဏ်ခံရခြင်းတို့နဲ့ မြန်မာပြည်သူအများအပြား သေကျေခြင်း၊ ဖျားနာခြင်း ရင်ဆိုင်ကြရပြန်တဲ့အခါမှာလည်း ပြည်တွင်းပြည်ပက မြန်မာမိသားစုတွေက တခဲနက်တည်း ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ကူညီခြင်း၊ အားပေးစောင့်ရှောက်ခြင်း၊ လှူဒါန်း စောင့်ရှောက်မှုများ ပြုလုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။ စစ်အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ပြင်ဆင်လုပ်ကိုင်နေချိန်ဖြစ်နေလို့ အရင်တုန်းကလို ဖိနှိပ်ချုပ်ချယ် တားမြစ်မှုများ အကြီးအကျယ်လုပ်ခဲ့တာ မတွေ့ရပါဘူး။
ထိုအတူ ကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း၊ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့် ဦးဆောင်တဲ့ စေတနာ့ဝန်ထမ်းများ၊ အင်န်အယ်ဒီ လူမှုထောက်ကူအဖွဲ့က ပါတီခေါင်းဆောင်များ၊ လူငယ်များရဲ့ လှုပ်ရှားမှုတွေက စနစ်တကျနဲ့ သတိကြီးစွာထားပြီး လှုမှုရေးလုပ်ငန်းများကို ကျယ်ပြန့်စွာ အောင်မြင်အောင် လုပ်ဆောင် ကူညီပေးခဲ့တာကို တွေ့ရပါတယ်။
အထူးသဖြင့် အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ စင်္ကာပူ၊ ထိုင်းတို့မှာ ဈေးရောင်းပွဲတွေ၊ အလှူခံပွဲတော်တွေနဲ့ မြန်မာပြည်တွင်းက သဘာဝဘေးဒဏ်သင့်သူတွေကို ကူညီ စောင့်ရှောက်ဖို့ အလှူဒါနလုပ်ငန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။
မြန်မာပြည် မိုးရာသီမှာ ရခိုင်ကမ်းရိုးတန်းဒေသကို ဂီရိမုန်တိုင်း ၀င်ရောက်တိုက်ခိုက်ပြီးနောက်မှာလည်း ပြည်တွင်းပြည်ပက မြန်မာတွေ တိုင်းရင်းသားတွေက ကိုယ်ထူကိုယ်ထ ကူညီစောင့်ရှောက်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားကြတဲ့ ရခိုင်အမျိုးသားအသင်းတွေ၊(ရခိုင်သဟာယအသင်း၊ ကျောက်ဖြူအသင်း စတဲ့ …) က အလှူရှင်တွေနဲ့ လက်တွဲပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြသလို အင်န်အယ်ဒီပါတီက ပါတီဝင်များ၊ ခေါင်းဆောင်များကလည်း ကူညီစောင့်ရှောက်ရေး လုပ်ငန်းများကို ပြုလုပ်ခဲ့ကြတာကို တွေ့ရပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်းနဲ့ အလားအလာများ
          ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲက ရတဲ့ သင်ခန်းစာတွေနဲ့ ကျင်းပခဲ့တယ်လို့ ဆိုကြပါတယ်။ အစကတည်းက အရှုံးမပေးလိုတဲ့အတွက် သည်တခါရွေးကောက်ပွဲမှာတော့ ဖြစ်တဲ့နည်းနဲ့ အနိုင်ယူလိုက်တာ ဖြစ်ပါတယ်။
သူတို့စိတ်တိုင်းကျ အနိုင်ယူလိုက်တဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ လွှတ်တော်ခေါ်ယူတာတွေ၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ကြံ့ဖွံ့ကြီးစိုးတဲ့ အရပ်သားတပိုင်း၊ စစ်အာဏာရှင်ဇက်ချုပ်တဲ့ စစ်သားတပိုင်း နဲ့ မြန်မာပြည်အုပ်ချူပ်ရေးယန္တရားကို အသက်သွင်းဖို့ စစ်အုပ်စုက ဆက်လက် ခြေလှမ်းတော့မယ်လို့ ဆိုနိုင်ပါတယ်။ စစ်အစိုးရကိုယ်ပိုင် စီးပွားရေးယန္တရားကြီးတခုလုံးကို ၂၀၁၀ မှာ ရွေးကောက်ပွဲနဲ့ အပြိုင် တည်ဆောက်ခဲ့ပြီး ဖြစ်တာကြောင့် ဂျိုကာဖဲတွေအားလုံး သူတို့လက်ထဲလို့ ဆိုရမလိုပါ။
စာနယ်ဇင်းသမားတွေက (ပြည်တွင်း ပြည်ပက) စစ်အစိုးရရဲ့ စည်းကမ်းရှိသော အချုပ်အချယ်မကင်းတဲ့ ကန့်သတ်လွတ်လပ်မှုလောင်းရိပ်ကနေတဆင့် သတင်းပေး၊ သတင်းယူ တင်ဆက်ပေးနိုင်ခဲ့တာကို အလွန်ဂုဏ်ယူနေပုံရပြီး၊ လွှတ်တော်ကို ၀န်းယံမယ့် အခြားနိုင်ငံရေးသမားများကလည်း စစ်အစိုးရနဲ့ သွေးတိုးစမ်းနိုင်ငံရေး ကစားပွဲ ဆင်နွှဲရမှာကို အလွန် တက်ကြွနေပုံ ရနေပါတယ်။
          အဲသည်အခြေအနေတွေကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့အခါ ဦးဝင်းတင်ပြောသလို သတ္တလောကကြီးတခုလုံးက ခြောက်သွေ့ နွမ်းလျနေရာက မိုးကြီး ရွာချလိုက်လို့  အကုန်လုံး ပေါင်းတွေ မြက်တွေ ကအစ သစ်ပင် ပန်းမန်တွေ အဆုံး တခဲနက်ကြီး တက်ကြွ လန်းဆန်းမှုတွေကို တွေ့လိုက်ကြရပါတယ်။
          ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်ဘက်တော်သားများ နှစ်ဖက်စလုံးက သတိကြီးစွာနဲ့ နိုင်ငံရေးစာမျက်နှာသစ်တွေ ဖွင့်လှစ်ပြီး ရင်ဆိုင်ကြတော့မှာဖြစ်တယ်လို့ ကာယကံရှင်တွေကော၊ နိုင်ငံတကာမိသားစုများကပါ မျှော်လင့်စောင့်စားကြမယ့် နှစ်သစ်ဟာ ၂၀၁၁ ဖြစ်တယ်လို့ ထင်ပါတယ်။
          စစ်အစိုးရ သူတို့ စေတနာမှန်တယ်ဆိုတာ ပြချင်ရင်၊ သို့မဟုတ် သူတို့တိုင်းပြည်ကြီးတခုလုံးကို ခါးပိုက်ထဲ ဆောင်ထားလိုက်ပြီ ဆိုတာပြချင်တယ် ဆိုရင်ဖြင့် နယ်စပ်အနှံ့က ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်တွေမှာ သူတို့ဖက်က တဖက်သတ် အပစ်အခတ်ရပ်လိုက်ဖို့ လိုပါတယ်။ ပြီးတော့ နိုင်ငံအနှံ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေသာမက တိုင်းပြည်ရဲ့ အထွေထွေအကြပ်အတည်းကြီးတွေရဲ့ သားကောင်ဖြစ်ရသူ အကျဉ်းသားတွေ အကျဉ်းသူတွေ အားလုံးကို ချွင်းချက်မရှိ လွတ်ပေးဖို့ လိုနေပါတယ်။
          တိုင်းပြည်ကြီးကို ဒီမိုကရေစီပြည်ထောင်စုကြီးအဖြစ် ထူထောင်ဖို့ အားလုံးရဲ့ အင်အားတွေ စိတ်ဓာတ်တွေ စည်းလုံးချစ်ခင်မှုတွေ လိုပါတယ်။ စစ်အာဏာရှင်တွေဖက်မှာကတော့ နိုင်ငံရဲ့ သယံဇာတများ၊ စီးပွားရေးလုပ်ငန်းများ၊ အုပ်ချုပ်ရေး ယန္တရားများ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တပ်မတော်နဲ့ လက်ဝေခံလူတန်းစားများ ရှိနေပြီး ဖြစ်ပါတယ်။ အဲသည်ကြားထဲက နိုင်ငံရေးအကျဉ်းသားတွေ၊ နယ်စပ်ဒေသက တိုင်းရင်းသားပြည်သူတွေ၊ ပြည်တွင်းစစ်တွေကို နိုင်ငံရေး ဓားစာခံအဖြစ် ဆက်လက် ဆုပ်ကိုင်ပြီး စစ်အာဏာရှင်တို့ ဆက်သွားနေဦးမှာလား။ တဖက်သတ်အကြမ်းဖက်မှုတွေ၊ လုပ်ကြံဖန်တီးမှုတွေနဲ့ ဆက်စခန်းသွားဦးမှာလား။
          မျှော် …။        

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts