>Than Soe Hlaing – The Good and The Bad News in 2010

>

၂၀၁၀ နှစ်ရဲ့ ကောင်းသတင်း၊ ဆိုးသတင်းများ
သန်းစိုးလှိုင်၊ ရန်ကုန်
ဒီဇင်ဘာ ၂၉ ၊ ၂၀၁၀

၂၀၁၀ ခုနှစ်ဟာ အခြားသောနှစ်တွေလိုပဲ မြန်မာပြည်အတွက် ကောင်းတဲ့ အဖြစ်အပျက်တွေရော ဆိုးတဲ့အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပါတယ်။ သို့ပေမယ့် ပုံမှန်နှစ်တနှစ်ထက် ကိုအတက်အကျများတဲ့ နှစ်တနှစ် ထူးခြားတဲ့ အဖြစ်အပျက်တွေဖြစ်ခဲ့တဲ့ နှစ်လို့ဆိုနိုင်ပါတယ်။

မြန်မာစစ်အစိုးရက သူ့ရဲ့ကြံ့ဖွံ့အဖွဲ့ကို ပါတီအဖြစ်ပြောင်းပြီး နှစ်ပေါင်း ၂၀ ကြာ မကျင်းပဘဲ ထားခဲ့တဲ့ ဟန်ပြရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ နိုင်ငံရေး ပါတီတွေ ပေါ်ထွက်လာခဲ့တယ်။ စစ်အာဏာရှင်များရဲ့ ကိုယ်စားပြု ကြံ့ဖွံ့ပါတီ အနိုင်ရအောင် နည်းမျိုးစုံသုံး လုပ်ဆောင်ခဲ့တယ်။ အဲဒီလို ရွေးကောက်ပွဲတွေ မကျင်းပခင်မှာ ပြည်တွင်းမှာ ရှိတဲ့ သယံဇာတ၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ရတဲ့ဈေးနဲ့ လက်သိပ်ထိုး တမျိုး အိတ်ပိတ်တင်ဒါ တသွယ် ရောင်းချခဲ့တယ်။ ရသမျှအကျိုးအမြတ်တွေကို ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်ငယ်တွေ အိတ်ထဲ အလုအယက်ထည့်ခဲ့ကြတယ်။ ရန်ကုန်မြို့သာမကပဲ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေက မြေကွက်၊ စက်ရုံ လုပ်ပိုင်ခွင့်တွေကို ငွေနဲ့လဲလှယ်ရောင်းချခဲ့ကြတယ်။

ဒါတွေက ဆိုးဝါးတဲ့ အဖြစ်တွေပါ။

နှစ်ကုန်ခါနီး နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ မဲမှောင်တဲ့ တိမ်စိုင်ကိုငွေနားသတ်တဲ့ အဖြစ်အပျက်ကြီး အနေနဲ့ မြန်မာ လူထုအများ ယုံကြည်ထောက်ခံကြတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့တဲ့ အဖြစ်ပါ။ တနှစ်လုံး စိတ်ညစ်ညူးစရာ၊ စိတ်ပျက်စရာ အဖြစ်တွေဖြစ်ခဲ့ရာက ဒေါ်စု လွတ်မြောက်လာတဲ့ အဖြစ်ကမိုးတိမ်အုံ့ဆိုင်းနေရာက နေသာလာတဲ့ အဖြစ်လိုပါပဲ။ လူထုရဲ့ မျှော်လင့်ချက်၊ ကိုးစားမှု၊ အားပေးမှု ထောက်ခံမှုတွေ ၊ သူ့ရဲ့ နှုတ်ခွန်းဆက်စကားများနဲ့ ၂၀၁၀ ကိုပိတ်လိုက်တာဟာ ကောင်းတဲ့လက္ခဏာ တစ်ရပ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။

နောက်ပိတ်ဆုံး အိတ်နဲ့ကျုံးကြမယ့် သူတွေ
၂၀၀၉ ခုနှစ်က သယ်ဆောင်လာတဲ့ ကောင်းတဲ့ အကျိုးဆက်တွေရော ဆိုးတဲ့အကျိုးဆက်တွေကို ပထမဆုံး လက်ခံရယူရတာက ဇန်န၀ါရီလပါပဲ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုပြီးကတည်းက ရွေးကောက်ပွဲကြီး လုပ်မယ်လို့ စစ်အစိုးရက အသိပေးထားပြီးသားဖြစ်ကာ၊ အရပ်ဖက် ၀န်ကြီးဌာန အဖွဲ့အစည်းတွေ ကြားမှာလည်း အစိုးရအဖွဲ့လူမပြောင်းမီ လုပ်လို့ရသလောက် လုပ်ထား၊ စားထားကြလို့ ပြောတဲ့ သဘောမျိုးနဲ့ လျစ်လျူရှုထားတာတွေ့မြင်ခဲ့ရပါတယ်။

၂၀၁၀ နှစ်စမှာ ပထမဆုံး မနှစ်မျို့ဖွယ် သတင်းကတော့ တရားစီရင်ရေး စနစ် ပိုပြီးပျက်စီးနေတဲ့ သတင်းပဲ ဖြစ်ပါတယ်။ နကိုကတည်းက တရားစီရင်ရေးမဏ္ဍိုင်က အုပ်ချုပ်သူ စစ်တပ်နဲ့ ဗိုလ်ချုပ်တွေကို ကြောက်နေရပြီး၊ သူတို့ရဲ့ အာဏာကို ကာကွယ်ဖို့ ကိရိယာဖြစ်နေတာပါ။ ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ အဲဒီလို အုပ်ချုပ်သူ လိုရာသုံးတဲ့ ကိရိယာလည်း ဖြစ်နေတဲ့အပြင် အရပ်ဘက်ဆိုင်ရာ အမှုအခင်းတွေ၊ ရာဇ၀တ်မှုတွေမှာ လာဘ်စားချင်တိုင်း စားပြီး နာမည်သစ်နဲ့ အစိုးရမပြောင်းခင် လက်ရှိရာထူးရှိသူတွေ စုမိဆောင်းမိအောင် ပျက်စီးနေတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။

လာဘ်စားမှုဟာ မြို့နယ်၊ ခရိုင်ကနေ အခုတော့ တိုင်းတရားသူကြီးတွေ အဆင့်အထိ ရောက်လာပြီး ငွေပိုပေးတဲ့ ဘက်ကို အနိုင်ပေးရအောင် စီရင်ချက်အမိန့်စာကို ၂ မျိုးရေးတဲ့ တရားသူကြီးတွေရှိနေပြီလို့ ရှေ့နေတွေက ပြောပြကြရတဲ့ အဖြစ်ပါ။ တရားစီရင်ရေး မဏ္ဍိုင်ကို အာဏာရှိသူကာကွယ်ဖို့ ဖျက်ဆီးခဲ့ရာကနေ အခုတော့ ငွေများ အမှုနိုင် အဖြစ် ပိုပြီး ပီပြင်လာတဲ့အထိ ဆိုးဝါးလာခဲ့တာဟာ ၂၀၁၀ ခုနှစ်ထဲမှာပဲ ဖြစ်ပါတယ်။

ခိုးကူးခွေနဲ့ စည်ပင်သာယာ
မြန်မာ့ တေးသီချင်းလောကခမျာလည်း ခိုးကူးခွေတွေကြောင့် ကြာလေ နာလံမထူနိုင်လေ ဖြစ်လာပါပြီ။ အဆိုတော်တွေလည်း ခွေထုတ်ပြီး ရပ်တည်တာထက်ကို ရှိုးပွဲတွေ၊ စားသောက်ဆိုင်တွေ၊ အခြားသော အခမ်းအနားတွေကို ပိုအားပြုလာကြရပါပြီ။ ဘာကြောင့် ခိုးကူးခွေကို မနှိမ်နှင်းနိုင်တာပါလဲ။ အဖြေက ရှင်းပါတယ်။ ရဲ တွေနယ်ထိန်းတွေက လာဘ်စားထားတဲ့ အဖြစ်၊ မူပိုင်ခွင့်ဥပဒေလည်း လိုက်နာအောင် မလုပ်ဆောင်ကြတာကြောင့် ၊ သီချင်းခွေ၊ အမ်တီဗီခွေ ဒီနေ့ထွက်ရင်ကူးခွေကိုလည်း အဲဒီနေ့ပဲ လမ်းဘေးမှာ ၀ယ်လို့ရတဲ့ အဖြစ်၊ တခါတရံကြိုတောင် ထုတ်ရောင်းကြတဲ့ အဖြစ်မျိုးတွေ ဖြစ်နေတာပါ။

ဒီနှစ် အစ ဇန်န၀ါရီလထဲမှာ ရန်ကုန်စည်ပင်သာယာရေးကော်မီတီအနေနဲ့ လမ်းဘေးခွေရောင်းဆိုင်တွေကို လိုင်စင်ထုတ်ပေးပြီး ခိုးကူးခွေရောင်းရင် ဖမ်းဆီးအရေးယူမယ်လို့ ဆိုခဲ့ပါတယ်။ သို့ပေမယ့် ခိုးကူးခွေကိစ္စဟာ ဥပဒေကြောင်းအရ ရဲကသာ အရေးယူဖမ်းဆီးခွင့်ရှိတာကြောင့် အထက်ကလို အရေးယူမယ့် စီမံချက်ဟာ အခုချိန်ထိ အကောင်အထည်ပေါ်လာတာ မတွေ့ရပါဘူး။

ပြည်ပသတင်းဌာနအတွက် လုပ်ပေးနေတဲ့ သတင်းထောက် လှလှဝင်း အဖမ်းခံရ
နော်ဝေ အခြေစိုက် ဒီဗွီဘီလို့ ခေါ်တဲ့ ဒီမိုကရက်မြန်မာ့အသံ အတွက်အလုပ်လုပ်ပေးနေတယ် ဆိုပြီးအလွတ်သတင်းထောက် တဦးဖြစ်တဲ့ မလှလှဝင်းနဲ့ သူ့အား လိုက်လံကူညီပေးသူ တို့ကို ဇန်န၀ါရီလထဲမှာ မြန်မာစစ်အစိုးရ ပခုက္ကူမြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ ပခုက္ကူမြို့က သံဃာတချို့ကို ဗီဒီယိုအင်တာဗျူးလုပ်ဖို့ ကြိုးစားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇန်န၀ါရီလထဲမှာ ဖမ်းဆီးပြီးနောက် လပိုင်းအကြာမှာ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခဲ့ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ပြည်တွင်း မီဒီယာတွေကို တင်းကြပ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ထိန်းချုပ်ထားလို့ ပြည်တွင်း သတင်းထောက်တွေအနေနဲ့ အထဲမှာရေးခွင့်မရှိတဲ့ ကိစ္စတွေကို ပြည်ပမီဒီယာတွေဆီ ပို့ပေးနေကြခြင်း ဖြစ်တယ်လို့ ပြည်တွင်း သတင်းအယ်ဒီတာတဦးက ထောက်ပြပါတယ်။

တကယ်လို့သာ ပြည်တွင်းမှာ လာဘ်စားမှုသတင်းမျိုး၊မျြိ့နယ်၊ ပြည်နယ် အာဏာပိုင်အဆင့်က မမှန်မကန် လုပ်ကိုင်တာတွေကို မီဒီယာက ရေးသားခွင့်ရှိနေခဲ့ရင် ပြည်ပမီဒီယာကို တကူးတက ရေးသားပြီး ပို့စရာတောင် မလိုဘူးလို့ အဆိုပါအယ်ဒီတာကပဲ ပြောပါတယ်။ ပြည်တွင်းမှာ ဖိနှိပ်တာများလေလေ ပြည်ပမီဒီယာတွေက အဲဒီလို သတင်းမျိုးတွေကို ဖေါ်ပြဖို့ပိုလိုအပ်နေဦးမှာလည်း ဖြစ်ပါတယ်။

အစိုးရ၀န်ထမ်းတွေအတွက် ပေါကြွယ်စရိတ် ၂သောင်းထပ်ဆောင်းပေး၊ လှိုင်သာယာစက်မှုဇုန်အလုပ်သမား ဆန္ဒပြမှု
၂၀၁၀ဇန်န၀ါရီလကုန်မှာ အစိုးရ၀န်ထမ်းတွေကို ပေါကြွယ် စရိတ်လို့ နာမည်ပေးထားတဲ့ အပိုဆောင်းထောက်ပံ့ငွေ ကျပ် ၂သောင်း ပေးခဲ့ပါတယ်။ အဲဒီသတင်းထွက်ပေါ်ပြီးနောက်မကြာခင်ပဲ ကြက်သွန်၊ ဆီ၊ ဆန်လို အခြေခံစားသောက်ကုန်ဈေးနှုန်း ၅ ရာနှုန်းမှ ၁၀ ရာနှုန်းအထိ ရုတ်တရက်မြင့်တက် ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ပုံမှန်ဈေးဆီ ပြန်ရောက်သွားတာတွေ့ရပါတယ်။

အခုလို အရေအတွက် သန်းဂဏန်းအထိရှိတဲ့ အစိုးရ၀န်ထမ်း တွေကို လစာ ၂သောင်းတိုးပေးလိုက်ပြီးနောက်မှာ ပုဂ္ဂလိက ကဏ္ဍကစက်ရုံနေ့စား၊ လခစားအလုပ်သမားတွေလည်း သူတို့လစာ တိုးမြှင့်ပေးဖို့ရာ တောင်းဆို ဆန္ဒပြတာတွေ သီတင်းပတ် အနည်းငယ်အကြာ ဖေဖေါ်ဝါရီလအတွင်း ဖြစ်ပွားခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှာ လှိုင်သာယာ စက်မှုဇုန် ၃ မှာရှိတဲ့ အိုပယ် ၂ စက်ရုံမှ အလုပ်သမားတွေ လုပ်ခတိုးတောင်းပြီး လုပ်ခွင်အခြေအနေတိုးတက်အောင် လုပ်ဆောင်ပေးဖို့ ဆန္ဒပြခဲ့ပါတယ်။ စစ်အစိုးရအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်နဲ့ အလုပ်သမားအကြား ဖြစ်တဲ့ကိစ္စမှာ သိသိသာသာကြားဝင်တာ မတွေ့ရပေမယ့် အခုလိုဆန္ဒပြမှုက တစ်ရုံနဲ့ တစ်ရုံကူးစက်သွားမှာ၊ တောင်းဆိုပေးမယ့် အဖွဲ့အစည်းတွေပေါ်လာမှာ၊ အလုပ်သမားအဖွဲ့အစည်း တရားဝင်ပေါ်ထွန်းလာမှာကို စိုးရိမ်နေတာကြောင့် လုံထိန်းကား အစီး၃၀၊ မီးသတ်ကား၊ ရဲအချုပ်ကားတွေ စက်ရုံတ၀ိုက်တန်းစီရပ်ထားပြီး အင်အားပြခြိမ်းခြောက်ခဲ့တာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက နှစ်စဉ်မြင့်တက်လျက်ရှိနေတာလည်း ဖြစ်ပြီး စားသောက်ကုန်ဈေးနှုန်း၊ သွားလာစရိတ်၊ ဆေးကုသမှု စရိတ်တွေဟာ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာနေပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်က ဘတ်စကားခ ၂၀ ကျပ်ရှိခဲ့ရာမှ အခုဆို ၂၀၀ ကျပ်ဖြစ်နေတာကြောင့် ၁၀ ဆမြင့်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။

နေပြည်တော်နဲ့ ရတနာပုံ အင်တာနက် ဂိတ်ဝေး (gateway) နှစ်ခုခွဲထုတ်
၂၀၀၉ ခုနှစ်ကုန်ခါနီးမှာ မြန်မာနိုင်ငံအင်တာနက် ကျောရိုးရယူမှုကို ယခင်က ပင်လယ်ရေအောက်ကလာတဲ့ စနစ်ကို အဓိက အားကိုးရာ ကနေ ကုန်းတွင်းနိုင်ငံဖြတ်ကျော်တဲ့ စနစ်ကိုအဓိက အဖြစ် ရယူလာခဲ့ပါတယ်။ နကိုက မုတ္တမ ပင်လယ်ကွေ့မှ ဖြတ်လာပြီး ဖျာပုံမြို့နယ်ကဖြတ်လာတဲ့ ကျောရိုးလိုင်းကိုလည်း ဆက်သွယ်ထားသေးပေမယ့် ထိုင်း၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှ အလင်းဖန်မျှင်စနစ်ကြိုးလိုင်းများနဲ့ နယ်စပ်ဖြတ်ကျော် သွယ်ယူလာတဲ့ဟာကို အဓိကကျောရိုးအဖြစ် ပြောင်းလဲလိုက်ပါတယ်။

ဒါ့အပြင် ယခင် မြန်မာတယ်လီပို့တ် ကို ရတနာပုံ တယ်လီပို့အဖြစ်နာမည်ပြောင်းပြီး အများပြည်သူသုံးတဲ့ ဘက်ကို ရတနာပံဂိတ်ဝေး အဖြစ်ပြင်ဦးလွင်မှာ အခြေစိုက်ပြီးပေးဝေပါတယ်။ စစ်အစိုးရ ၀န်ကြီးဌာနနဲ့ စစ်ရုံးသုံးတဲ့အပိုင်းကို နေပြည်တော် ဂိတ်ဝေးဆိုပြီးနေပြည်တော်မှာ အခြေစိုက်ကာ ဖြန့်ဝေပေးတဲ့ စနစ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။

အဲဒီလိုပြောင်းလဲပြီးမကြာခင် ဖေဖေါ်ဝါရီလထဲမှာ အများပြည်သူသုံး အင်တာနက်တွေ ဆာဗာဒေါင်းတယ်၊ တိုက်ခိုက်ခံရတယ်ဆိုပြီး သီတင်းပတ်အတန်ကြာ ပြတ်တောက်ခဲ့တာတွေ့ရပါတယ်။ အခုလိုခွဲထုတ်လိုက်တဲ့ အတွက်ကြောင့် နိုင်ငံရေးအရ၊ လုံခြုံရေးအရ ဖြတ်တောက်လိုတဲ့ကာလတွေမှာ အစိုးရအဖွဲ့နဲ့ စစ်ရုံးတို့ရဲ့ အင်တာနက် ၀န်ဆောင်မှုကို မထိခိုက်စေပဲ နှေးအောင်လုပ်တာ၊ ဖြတ်တောက်တာတွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ နှစ်ကုန်ခါနီး ရွေးကောက်ပွဲ မကျင်းပမီရက်ပိုင်းအလိုကစပြီး အင်တာနက်တွေ မပြတ်တောက်ရုံ တမယ်ဖြစ်ခဲ့ပြီး အီးမေးလ် သုံးမရ၊ ဂျီမေးလ် ဖွင့်မရ၊ ၀က်ဆိုက်ဝင်မရ ဖြစ်အောင် စစ်အစိုးရက လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းမြန်မာ အထူးစီးပွားရေးဇုန်
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ ရေနက်ဆိပ်ကမ်းတည်ဆောက်ဖို့နဲ့ ကုန်သယ်ယူတဲ့ လမ်းကြောင်းဖောက်လုပ်ရေး စီမံကိန်းကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ပြီးခါစမှာ စတင်လက်မှတ်ရေးထိုးခဲ့ကြပြီး အမှန်တကယ် ဆောက်လုပ်ရေးလုပ်ငန်းတွေကိုတော့ ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလကုန်မှာ စတင်ခဲ့ပါတယ်။ ထိုင်းဘက်က လမ်းအူကြောင်းရှာတာ၊ စတင်ဖေါက်လုပ်ဖို့ ယန္တရားကြီးတွေ သယ်ယူလာတာ၊ ထားဝယ်မြို့အထက် ၇ မိုင်ဝန်းကျင်အကွာ နဘူးလယ်ရွာ အနီးရေနက်ဆိပ်ကမ်းဆောက်လုပ်မယ့် နေရာမှာ ရှင်းလင်းရေးလုပ်ငန်းတွေ စတင်လာခဲ့ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းကို အီတာလျံ-ထိုင်း ကုမဏီက ကန်ထရိုက်ယူဆောက်လုပ်မှာ ဖြစ်ပြီး ထိုင်းဘတ်ငွေ ဘီလျံများစွာ အကုန်ကျခံဆောက်လုပ်မယ့် စီမံကိန်းကြီးဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံတချို့အတွက် ကုန်သွယ်ရေးအရ မဟာဗျူဟာကျတဲ့ စီမံကိန်းကြီး တစ်ခုလည်းဖြစ်ပါတယ်။ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း ပွင့်လင်းလာမယ်လို့ မှန်းဆပြောဆိုတာတွေ၊ ရေးသားတာတွေ ပေါ်ထွက်လာနေပြီး အဆိုပါဒေသသို့ ရောက်ရှိခဲ့သူတဦးရဲ့ ပြောဆိုချက်အရဆို ထိုင်းကုမ္ပဏီတွေက မြန်မာဒေသခံ အလုပ်သမားတွေကို တရက် ထိုင်းဘတ် ၁ ရာကျပ် (ကျပ် ၃၀၀၀ နီးပါး) နဲ့ခေါ်ယူစေခိုင်းနေတာတွေ ကြားသိရတယ်လို့ဆိုပါတယ်။

ဒီစီမံကိန်းမှာ အထူးစီးပွားရေးဇုန် လုပ်ကိုင်မယ့် ကိစ္စရပ်တွေလည်း ပါဝင်တယ်လို့ ဖေါ်ပြထားပေမယ့် ဘယ်လောက်ထိ လက်တွေ့မှာ အကောင်အထည်ပေါ်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး တရုတ်နဲ့ လုပ်ကိုင်မယ့် သံလျင်အထူးစီးပွားရေးဇုန်လို မြန်မာစစ်အစိုးရက ကတိပေးပြီး ပျက်ကွက်တဲ့ ကိစ္စရပ်တွေလည်း အတိတ်မှာ ရှိခဲ့တယ်လို့ စီးပွားရေး သတင်းအယ်ဒီတာတဦးက မှတ်ချက်ချပါတယ်။

ရွေးကောက်ပွဲ ဥပဒေ၊ အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်နဲ့ မတ်လ
၂၀၁၀ ရဲ့ မတ်လ ၈ရက်နေ့မှာတော့ ၂၀၀၉ ခုနှစ်ကတည်းက ထုတ်ပြန်မယ်လို့မျှော်လင့်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေမှာ ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းတာ ၊ နိုင်ငံရေးပါတီ တည်ထောင်တာတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းသတ်မှတ်ချက်တွေပါရှိပါတယ်။ နိုင်ငံရေးပါတီ အဟောင်းတွေ အတွက်ပြန်လည်မှတ်ပုံတင်ရန် ရက်ကို ဥပဒေထုတ်ပြန်ပြီး ရက်ပေါင်း ၆၀ လို့သတ်မှတ်ခဲ့ပြီး ပါတီအသစ်တည်ထောင်ခြင်းကိုတော့ နောက်ဆုံးရက်သတ်မှတ်ထားခြင်း မရှိပါဘူး။

၂၀၀၈ အခြေခံဥပဒေက လက်မခံနိုင်တဲ့ အပိုဒ်တွေ၊ အစိတ်အပိုင်းတွေကို ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုထားတဲ့ အန်အယ်လ်ဒီပါတီကို ၂၀၀၈ အခြေခံဥပဒေကိုလက်ခံလား မခံဘူးလားဆိုတဲ့ လမ်းကြောင်းရွေးခိုင်းပြီး ပါတီရပ်တည်ခွင့်နဲ့ လဲ မလဲဆိုပြီး ရွေးခိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီက မတ်လ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး အဆုံးအဖြတ်ကို ပါတီဗဟိုကော်မီတီအနေနဲ့ စည်းဝေးဆုံးဖြတ်ခဲ့ပြီး တတိုင်းပြည်လုံးက စောင့်မျှော်နားထောင်ခဲ့ကြပါတယ်။ ညနေပိုင်းဆုံးဖြတ်ချက်ထွက်လာတဲ့ အခါမှာတော့ ရွေးကောက်ပွဲမ၀င် မှတ်ပုံလည်း ပြန်မတင်ဘူးဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။

ပါတီရဲ့ ဗဟိုကော်မီတီဝင်ထဲက ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ဦးသိန်းညွန့် (ကော့ကရိတ်) တို့ခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု ဆိုတဲ့အမည်နဲ့ ပါတီခွဲထောင်ခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီကို ထောက်ခံတဲ့အင်အားစုအနေနဲ့ သူတို့ကိုမဲပေးနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်လည်း ရှိနေတာကိုတွေ့ရပါတယ်။

စစ်အစိုးရ အနေနဲ့တော့ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မယ်လို့ မျှော်လင့်ထားခဲ့ပုံပေါ်ပြီး အဲဒီလို ဆုံးဖြတ်ချက်မချမီ မြို့နယ်ရုံးတွေဖွင့်ဖို့ အစိုးရက နှိုးဆော်ခဲ့တာလည်း မြင်တွေ့ခဲ့ရပါတယ်။ စစ်အစိုးရက ကြိုတင်ကြံစည်ထားတဲ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက တခန်းတကဏ္ဍက ပါဝင်ခဲ့ရင် နိုင်ငံတကာမှာ မျက်နှာပန်းလှမယ်လို့ မျှော်လင့်ခဲ့ပုံရပါတယ်။

အန်အယ်လ်ဒီ ရွေးကောက်ပွဲကိုသပိတ်မှောက်လိုက်တာကို ထိုအချိန်က လွဲမှားတယ်လို့ ယူဆခဲ့ကြသူတွေ ရွေးကောက်ပွဲ ကျင်းပပြီးချိန်မှာ သဘောပေါက်လာကြတာလည်းတွေ့ရပါတယ်။ စစ်အစိုးရဘာလုပ်လုပ် လိုက်လျောရမယ်၊ အဲဒီနည်းနဲ့သာ ဒီမိုကရေစီစနစ်ဆီသို့ပြောင်းနိုင်မယ်လို့ ထင်မြင်သူတွေသာ ယခုအချိန်ထိ အန်အယ်လ်ဒီမှားတယ်လို့ ထင်မြင်နေသေးသလို ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီက မဲအကြီးအကျယ်လိမ်တာကို အပြစ်မတင်ရက်ကြသေးတာကို တွေ့ရပါတယ်။

အဆိုးဝါးဆုံး လျှပ်စစ်ဓါတ်ပြတ်တောက်မှုနဲ့ ရန်ကုန်နွေ
၂၀၁၀ ခုနှစ် မြန်မာနိုင်ငံ ရာသီဥတုဟာ အပူဆုံးနှစ်တနှစ်ဖြစ်သလို ရန်ကုန်ရဲ့ လျှပ်စစ်မီး ရရှိမှုဟာလည်း အဆိုးဝါးဆုံး အခြေအနေဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြိ့နေထိုင်သူတွေ ပူပြင်းလွန်းတဲ့ ရာသီဥတုကို အံတုရင်ဆိုင်နေစဉ်မှာပဲ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုနဲ့လည်း တဘက်မှာ ရင်ဆိုင်နေရပါသေးတယ်။

လျှပ်စစ်မီးဟာ ရန်ကုန်မြို့မှာ မိနစ်ပိုင်းမျှ လာပြီးရင် နာရီနဲ့ချီပြတ်တောက်ခဲ့ပါတယ်။ မီစက်တတ်နိုင်သူတွေက မိးစက်တွေနှိုးပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြတာမို့လည်း မြို့နေသူတွေအနေနဲ့ ပူပြင်းတဲ့ဒဏ်အပြင် မီးစက်ကထွက်တဲ့ မီးခိုးငွေ့နဲ့ ဆူညံသံကို ပါနှစ်ထပ်ကွမ်းခံစားရပါတယ်။

လူထုဒုက္ခရောက်ပြီဆိုမှ ကယ်တင်ရှင်လုပ်ချင်တဲ့ ကြံ့ဖွံ့အသင်းက စက်ရေတွင်းတူးဖေါ်တာလုပ်၊ နကိုကတည်းက ပြင်ဆင်ထားတဲ့ အတိုင်း ကူညီရေး လုပ်ငန်းတွေကို ဟန်ပြလုပ်ဆောင်ပါတော့တယ်။ ယခင်ကတည်းက သွယ်တန်းရှိပြီးသား ရေပိုက်တွေပေါက်နေရင်လည်း မပြင်ဆင်ပဲ လမ်းတိုင်းလမ်းတိုင်းမှာ စက်ရေတွင်း လွယ်လွယ်တူးပြီး ရေပေးဝေတဲ့ ပိုက်လိုင်းထဲကိုမောင်းထည့်တာ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းရဲ့ စတိုင်လိုဖြစ်နေတာပါ။ အဲလို တူးတဲ့စက်ရေတွင်းတွေကို ကြံ့ဖွံ့အသင်းကလှူတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ တပ်ပြီး ကြံ့ဖွံ့ပါတီစည်းရုံးရေး တွေလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ စည်ပင်သာယာရေး ကော်မီတီကို ကြံ့ဖွံ့အသင်းက ဘယ်လိုငွေပေးချေတယ် ဆိုတာမျိုးလည်းဘယ်သူမှ စစ်ဆေးခွင့်မရှိသလို မြို့နေသူတွေရဲ့ အခွန်အခတွေနဲ့ ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်နေတာမျိုးဖြစ်နေပါတယ်။

ပူပြင်းလွန်းတဲ့ နွေရာသီကြောင့် မေလ ပထမပတ်နဲ့ ဒုတိယပတ်မှာ မြန်မာပြည် တ၀ှမ်းမှာ အသေအပျောက်နှုန်း သိသာစွာ မြင့်တက်ခဲ့ပါတယ်။ သုဿန်မှာ ကားတွေလူတွေ ကြပ်ပိတ်နေတဲ့အဖြစ် နေ့ခင်း မီးသဂြိုဟ်လို့ မပြီးစီးတာကြောင့် ညဖက်မှာပါ မီးသဂြိုဟ်ရတဲ့ အဖြစ်တွေလည်း မန္တလေးမြို့မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တာပါ။

ဧပြီလသင်္ကြန်နဲ့ အရုပ်ဆိုးအကျည်းတန်တဲ့ ဗုံးကွဲမှု
မြန်မာ့ရိုးရာ သင်္ကြန်အတက်နေ့မှာတော့ ရန်ကုန်မြို့ ကန်တော်ကြီးရှေ့က မဏ္ဍပ်တခုရှေ့မှာ လက်ပစ်ဗုံးနဲ့ ချိန်ကိုက်ဗုံးတွေ ပေါက်ကွဲခဲ့ပါတယ်။ အနည်းဆုံး လူ၉ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြပါတယ်။ အိတ်စ်တူးအို မဏ္ဍပ်ရှေ့ဖြစ်ပြီး ညနေ ၃ နာရီဝန်းကျင် လူစည်ကားဆုံးအချိန်မှာ ဖြစ်ပျက်ခဲ့လို့ သေဆုံးဒဏ်ရာရသူများပြားခဲ့တာပါ။ ဗိုလ်ကြီးအငြိမ်းစားတဦး အပါအ၀င် ရယက အဖွဲ့ဝင်တွေ ရေကစားသူတွေ သေဆုံးခဲ့ရသလို အမှတ် ၄ စစ်ဒေသမှူးဖြစ်တဲ့ ဗိုလ်မှူးကြီး အုန်းချိုလည်း ဗိုက်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပါတယ်။

မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးကွဲမှုတွေဟာ အဖြေပေါ်လေ့မရှိသလို ထင်မိထင်ရာကို စွပ်စွဲ ဖမ်းဆီးလေ့ရှိပါတယ်။ ယခုတခါလည်း စစ်အစိုးရက ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ကိုင်သူ ကိုဝေဖြိုးအောင်ကို ဖမ်းဆီးပြီးစွပ်စွဲ အရေးယူနေသလို အဆိုပါ ဗုံးကွဲမှုမှာ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးတဲ့ ကိုစည်သူဇေယျကို ထိုနေရာမှာပဲ ဖမ်းဆီးခဲ့ပြီး၊ သူ့ဖခင်ဖြစ်သူ သားကြီးဇေယျကိုပါ နောက်တရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ သားကြီးဇေယျဟာ ထင်ရှားတဲ့စာရေးဆရာ လင်းယုန်မောင်မောင်ရဲ့ သား တော်စပ်သူ ဖြစ်ပါတယ်။

အဲဒီဗုံးကွဲမှုနောက်မှာ ကချင်ပြည်နယ် မေခ၊ မေလိခမြစ်ဆုံရာမှာ ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်မှာ ဗုံးဆက်တိုက်ကွဲခဲ့သလို ၊ ကယားပြည်နယ်လွိုင်ကော်မြို့က ရဲစခန်းဗုံးကွဲမှုလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။

ကြံ့ဖွံ့ပါတီထောင်ဖို့ စစ်အရာရှိကြီးတွေ စစ်ဘက်မှ အနားယူ
ဧပြီလ ၂၃ ရက်မှာ စစ်အစိုးရရဲ့ ၀န်ကြီးအဖွဲ့ဝင်တွေဖြစ်တဲ့ ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး သိန်းစိန်အပါအ၀င် ၂၇ ဦးအရပ်ဝတ်လဲ ကြပါတယ်။ အဲလို လဲလှယ်ပြီး ၅ ရက်အကြာ ဧပြီ၂၉ရက်မှာတော့ ရွေးကောက်ပွဲ ကော်မရှင်မှာ ကြံ့ဖွံ့ပါတီတည်ထောင်ဖို့ လျှောက်လွှာသွားတင်ခဲ့ကြတယ်။

နိုင်ငံတော် ဘဏ္ဍာသုံးပြီး ၁၉၉၃ ခုနှစ်မှာတည်ထောင်ခဲ့ပြီး မြန်ဂုဏ်မြင့် ကုမ္ပဏီ အပြင်အခြားသော နာမည်ပေါင်းစုံနဲ့ တည်ထောင်ထားပြီး ကျောက်မျက်တူး၊ ရွှေထူး၊ သယံဇာတတူးဖေါ်တဲ့ လုပ်ငန်း၊ ပြည်ပကို သစ်တင်ပို့တဲ့လုပ်ငန်း၊ ဇိမ်ခံကားတွေ တင်သွင်းတဲ့ လုပ်ငန်းမျိုးတွေကို လုပ်ကိုင်ခဲ့ပါတယ်။ စီးပွားရေး ဦးပိုင်ပြီးရင် မြန်မာနိုင်ငံမှာ စီးပွားရေး အထူးလုပ်ပိုင်ခွင့်တွေကို ကြံ့ဖွံ့တွေကရရှိခဲ့ပါတယ်။ အဲဒီလိုလုပ်ကိုင်ခဲ့တဲ့ ငွေကြေးအကျိုးအမြတ်တွေကို ဘယ်လောက်ရှိတယ်။ ဘယ်လိုနည်းဥပဒေတွေနဲ့ ကြံ့ဖွံ့ပါတီဆီကို လွှဲပြောင်းယူတယ် ဆိုတာကို ဘယ်သူမှ မေးခွန်းထုတ်ခွင့်မရှိခဲ့သလို ထုတ်ပြန်ပြောဆိုခဲ့ခြင်းလည်း မရှိပါဘူး။ စစ်အစိုးရက အခြားပါတီတွေကိုသာ နည်းဥပဒေ အမျိုးမျိုးနဲ့ ချုပ်ချယ်ကန့်သတ်နေပေမယ့် စစ်အစိုးရ အရာရှိကြီးတွေ အရပ်ဝတ်လဲပြီး ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီကိုတော့ ဘာပဲလုပ်လုပ် မျက်နှာလွှဲထားခဲ့တာပါ။
ရွေးကောက်ပွဲ ဥပဒေ ထွက်ပေါ်လာပြီးနောက်မှာ နိုင်ငံရေးပါတီ ၃၀ ကျော်ဖွဲ့စည်းတည်ထောင်ဖို့ လျှောက်ထားခဲ့ကြပြီး အဲဒီအထဲက ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင် ပြည်နယ် ပြည်သူ့တိုးတက်ရေးပါတီ (KSPP) ကိုတော့ နောက်ဆုံး ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းချိန်ထိ တည်ထောင်ခွင့်မပေးပါဘူး။ အဲလိုနဲ့ ဒေါက်တာတူးဂျာတို့က တသီးပုဂ္ဂလ အဖြစ်အရွေးခံဖို့ လျှောက်ထားတဲ့အခါမှာလည်း ခွင့်မပြုခဲ့ပါဘူး။ အဆိုပါ အဖြစ်အပျက်တွေကတော့ ၂၀၁၀ ဧပြီလမှာ ဖြစ်ပျက်ခဲ့တာတွေဖြစ်ပါတယ်။

ရေရှားပါးမှုနဲ့ လူမှုအကူအညီပေးရေး လှုပ်ရှားမှုတွေ
ထူးခြားစွာ အပူရှိန်ပြင်းထန်ပြီး ရက်ပေါင်း ၄၀ကျော်ဆက်တိုက် မိုးမရွာခဲ့လို့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အချို့မှာ ရေတွင်းရေကန်တွေ ရေခန်းခြောက်ပြီး သောက်သုံးရေအရေးပေါ် လိုအပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းမှာ ဒလ၊ ကွမ်းခြံကုန်း၊ ပဲခူးတိုင်းမှာ သနပ်ပင်၊ ပဲခူး၊ ဝေါ၊ ဧရာဝတီတိုင်းက မြို့နယ်အချို့၊ မွန်ပြည်နယ်မှာ ချောင်းဆုံ၊ ကျိုက်မရော၊ ပေါင်မြို့နယ်တွေမှာ သောက်သုံးရေ ပြတ်လတ်ပြီး အနီးအနားမြို့ရွာက အရပ်သားတွေ၊ လူမှုရေး အသင်းအဖွဲ့တွေက တတ်နိုင်သရွေ့သယ်ပြီး သွားကူခဲ့ကြပါတယ်။

ကျော်သူဦးဆောင်တဲ့ နာရေးကူညီမှု အသင်းကလည်း ရန်ကုန်တ၀ိုက်က လက်လှမ်းမှီတဲ့ မြို့တွေကို သွားရောက်ကူညီခဲ့ပါတယ်။ နောက်ပိုင်းမှာမှ အစိုးရက ရေပေးဝေဖို့ လုပ်ဆောင်တာကိုတွေ့ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် သာမန် အရပ်သား လူမှုကယ်ဆယ်ရေး လှုပ်ရှားမှုလိုမျိုးတွေ လူထုလိုအပ်တဲ့အချိန်မှာ စုပေါင်းတိုင်ပင်လုပ်ကိုင်လာကြတာကို သတိထားမိလာပါတယ်။

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးနဲ့ ရွေးကောက်ပွဲ
၂၀၁၀ ခုနှစ်မတိုင်မီကတည်းက ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်နဲ့ တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်တပ်ပိုင် စီးပွားရေး ဦးပိုင်လက်ထဲ လွှဲပြောင်းပေးတာ၊ စစ်အစိုးရနဲ့အကျိုးတူ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတွေ လက်ထဲရောင်းချနေခဲ့ပြီး ၂၀၁၀ ခုနှစ်ထဲဝင်လာချိန်မှာတော့ ပိုပြီးအရင်စလို လုပ်ကိုင်လာပါတော့တယ်။ ရန်ကုန်မြို့နဲ့ နိုင်ငံအနှံ့အပြားက မြေတွေ၊ စက်ရုံတွေကို လုပ်ငန်းရှင်တွေလက်ထဲ ညှိနှိုင်းဈေးနဲ့ ရောင်းချပြီး ရနိုင်သမျှ လာဘ်ငွေကို အိတ်ထဲထည့်ကြတဲ့ ခေတ်တခေတ်လို့တောင် ပြောနိုင်ပါတယ်။

ရွေးကောက်ပွဲ မတိုင်မီ နယ်မြို့တွေမှာ လိုချင်တဲ့မြေကွက်တွေရှိရင် ယခုထဲက သွားရောက်ယူထားဖို့ နအဖ စစ်အာဏာပိုင်တွေက လုပ်ငန်းရှင်ကြီးတွေကို တိုက်တွန်းကြပါတယ်။ ရန်ကုန်မြို့မှာလည်း ရေလုပ်ငန်းဝန်ကြီးဋ္ဌာနပိုင် ရုံးကို သိန်းသောင်းဂဏန်းနဲ့ ရောင်းချခဲ့တာ၊ ကမ္ဘာအေး ဘုရားလမ်းအနီးက စက်မှု ၂ပိုင် ၄/၅ ဧကမြေကွက်ကို လုပ်ငန်းရှင်ကြီးတဦးက သိန်း ၄သောင်းနဲ့ ၀ယ်လိုက်တဲ့သတင်းတွေ ဘယ်ဂျာနယ် စာမျက်နှာပေါ်မှာမှ မပေါ်ထွက်ခဲ့ပါဘူး။ အဲဒီလိုရောင်းဖို့ အတွက် ၀န်ကြီးဋ္ဌာနပိုင် မြေတွေနဲ့ စက်ရုံတွေစာရင်းကို လက်သိပ်ထိုး ဖြန့်ဝေထားတဲ့ အဖြစ်အပျက်တွေဟာ စစ်အစိုးရရဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးရဲ့ သရုပ်မှန်တွေဖြစ်ပါတယ်။

လူအများနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်တဲ့ နောက်လုပ်ဆောင်ချက်တခုကတော့ ဓါတ်ဆီဆိုင်တွေ ရောင်းချခဲ့တဲ့ အဖြစ်အပျက်ပါ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆိုင် ၂၅၀ ကျော်အနက် ၂၄၆ ဆိုင်ကို ပုဂ္ဂလိကပိုင်ပြုလုပ်ခဲ့ပြီး ရရှိတဲ့သူတွေက ဘယ်သူတွေလည်းလို့ ကြည့်တဲ့အခါ ထူး၊ မက်စ်မြန်မာ၊ လွိုင်ဟိန်း၊ ကမ္ဘောဇ၊ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ အခြားသော ကုမ္ပဏီ အနည်းငယ် ဖြစ်ပါတယ်။ မြေနေရာနဲ့ အဆောက်အဦကိုပါ မှန်းဆထားတာထက် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးလိုက်တယ်လို့ သာသိရပြီး ဘယ်ဆိုင်ကို ဘယ်လောက်ဆိုတာ မထုတ်ပြန်ခဲ့ပါဘူး။

မေလ ၀န်းကျင်ကတည်းက ပုဂ္ဂလိက ကုမ္ပဏီတွေက လုပ်ကိုင်ဖို့ ပြင်ဆင်နေခဲ့ရာက လက်တွေ့မှာ ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့ ဇွန်လ ၁၀ ရက်နေ့မှာမှ စပြီးရောင်းခဲ့ပါတယ်။ ဓါတ်ဆီကို တဂါလံ ၂၅၀၀ကျပ် သတ်မှတ်ထားပြီး ဒီဇယ်ကိုတော့ ဈေးနှုန်းရှင်အဖြစ်ရောင်းခွင့်ပြုထားပါတယ်။ စရောင်းခါစမှာ ဓါတ်ဆီ လိုသလောက် ၀ယ်လို့ရခဲ့ပေမယ့် ၄လကျော်ပြီးနောက်မှာ အကန့်အသတ်နဲ့ ရောင်းချပေးတာကြောင့် ပြင်ပဈေးကွက် အရှိန်အဟုန်ပြန်ကောင်းလာပြီး ယခင်ကလိုပဲ ဓါတ်ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီးတွေ ပြန်မြင်တွေ့လာရပါတော့တယ်။

လိုင်စင်မဲ့ကားတွေ ဒဏ်ရိုက်ပြီး လိုင်စင်ချပေးတဲ့ အစီအစဉ်
ယခင်က တရားမ၀င်တင်သွင်းထားတဲ့ မော်တော်ယာဉ်လို့ ခေါ်ဝေါ်တဲ့ လိုင်စင်မဲ့ကား (အရပ်အခေါ် ၀စ်သောက်ကား) တွေကို ဇူလိုင်လ ၂၃ ရက်နေ့မှ စပြီး အခွန်ဦးစီးဋ္ဌာနက သတ်မှတ်ထားတဲ့ ရာဖြတ်နှုန်းရဲ့ ၈၅ရာခိုင်နှုန်း သွင်းစေပြီး လိုင်စင်ထုတ်ပေးတဲ့ အစီအစဉ်ကို ဘယ်မီဒီယာမှာမှ မကြေညာပဲ စတင်ခဲ့ပါတယ်။ စစ်အစိုးရအနေနဲ့ ငွေလိုချင်လို့ လုပ်တာလို့ အားလုံးက ကောက်ချက်ချကြပါတယ်။ အဆိုပါ အစီအစဉ်ထဲမှာ လူကြီးသားသမီးတွေရဲ့ အမည်နဲ့ လိုင်စင်ဝင်တဲ့ကားတွေဆိုရင် ၂၀၀၄ ခုနှစ်မိုဒယ်ဖြစ်ပေမယ့် ၉၆၊ ၉၇ ခုမိုဒယ်အဖြစ်နဲ့ အခွန်ပေးဆောင်ခွင့်ပြုတာမျိုးတွေ ရှိခဲ့သလို၊ ကားတင်သွင်းရာလမ်းကြောင်းတလျှောက်က လုံခြုံရေးဂိတ်တွေလည်း ကားတစ်စီးဖြတ်ရင် သောင်းနဲ့ သိန်းနဲ့လာဘ်ငွေရကြလို့ အစိုးရရော အစိုးရရဲ့ လုံခြုံရေးဝန်ထမ်းတွေငွေရကြတဲ့ အစီအစဉ်ဖြစ်ခဲ့ပါတယ်။

လိုင်စင်ထုတ်ပေးခဲ့တာကို တရားဝင် မကြေညာခဲ့သလို ဘယ်လောက်ကြာမယ်ဆိုတာလည်း တရားဝင် အသိမပေးခဲ့ပါဘူး။ ၂လတိတိကြာပြီးနောက် စက်တင်ဘာ ၂၂ ရက်နေ့မှာ ရုတ်တရက် ရပ်ဆိုင်းခဲ့တာကြောင့် ကားတွေကို တရားမ၀င်သွင်းလာနေဆဲ ကားဝယ်ရောင်းလုပ်သူတွေ တိုးလို့တန်းလန်းနဲ့ ကားပိုက်ပြီး ကျန်ရစ်ခဲ့တာလည်း တွေ့မြင်ခဲ့ရပါတယ်။

၂ လတာအတွင်း ကားအစီးရေ ဘယ်လောက် လိုင်စင်ထုတ်ပေးတယ် ဆိုတာလည်း မကြေညာခဲ့ပေမယ့် နံပါတ်နဲ့ အက္ခရာ ပြောင်းသွားတာကို ကြည့်ခြင်းအားဖြင့် အစီးရေ ၈ထောင်နဲ့ တသောင်းကြားမှာရှိတာတော့ အသေအချာသိနိုင်ပါတယ်။ ကားတစီးကို ကျပ်သိန်း ၃ ရာနဲ့ ပျှမ်းမျှတွက်မယ်ဆိုရင် စစ်အစိုးရအနေနဲ့ ကျပ်ငွေ ဘီလျံ ၂၄၀အနည်းဆုံး ၀င်ငွေရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကားတင်သွင်းခွင့်ပါမစ်ဟာ နအဖ စစ်အစိုးရလက်ထက်မှာ မဟာဗျူဟာမြောက် စည်းရုံးရေးလက်နက်တခု ဖြစ်ခဲ့ပြီး ယခုအချိန်ထိလည်း ဖြစ်နေဆဲပါ။ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ ၊ ရာထူးကြီး ဗိုလ်ချုပ်တွေအနေနဲ့ ကားတင်သွင်းခွင့်ပါမစ်ရရင် ငွေသိန်းထောင်ချီဝင်ငွေရတာကြောင့် အကျိုးရှိဆုံး လိုင်စင်တခုဖြစ်နေဆဲပါ။

ပဲခူးမှ အရပ်သား လူငယ် ၂ ဦးပစ်သတ်ခံရမှု
စက်တင်ဘာလ ၄ ရက်နေ့ညမှာ ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ရပ်ကွက်မှာ နေတဲ့ အရပ်သားလူငယ်အချို့နဲ့ စစ်တပ်ကစစ်ဗိုလ်တို့ စကားများ ထိုးကြိတ်ခဲ့ပြီး အချိန်အတန်ကြာမှာ ထိုးကြိတ်ခံရတာကို မကျေနပ်တဲ့ စစ်ဗိုလ် က ဘူတာလုံခြုံရေး တာဝန်ကျနေတဲ့ စစ်တပ်ကိုခေါ်ပြီး သေနတ်နဲ့ ပစ်သတ်ခိုင်းခဲ့ပါတယ်။ အရပ်သားလူငယ်ရော စစ်ဗိုလ်ပါမူးနေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အရုပ်ဆိုးဆုံး ဖြစ်ပျက်ခဲ့တာကတော့ ရပ်ကွက်ထဲ၊ လူတွေကြားထဲ အာဏာကိုသုံးပြီး ပစ်သတ်ခိုင်းခဲ့တဲ့ အဖြစ်အပျက်ပါပဲ။

အဲဒီ အရပ်သားလူငယ် ၂ဦးရဲ့ အလောင်းကို ရေခဲတိုက်မှာထားရာက အရပ်သူအရပ်သားတွေ လာရောက်ကြည့်ရှုတာများပြားလာတာကြောင့် မိဘတွေရဲ့ အိမ်ကိုပြန်သယ်ခွင့်မပေးပဲ အသုဘချတဲ့နေ့မှာမှ တိုက်ရိုက်သုဿန်ကို သယ်ဆောင်ခွင့်ပြုခဲ့ပါတယ်။ ဒီအဖြစ်အပျက်က မီဒီယာမှ တဆင့်ပြည်သူအများက စိတ်ဝင်စားတဲ့ အဖြစ်အပျက်ဖြစ်ခဲ့ပြီး အသုဘချတဲ့နေ့မှာ တစုံတခုဖြစ်ပွားမလား ဆိုတာကိုလည်း လူအများက စောင့်ကြည့်ခဲ့ကြတဲ့ ဖြစ်ရပ်တခုဖြစ်ခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ ပုဂ္ဂလိကပိုင် သတင်းမီဒီယာ
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ ဥပဒေထွက်ရှိလာပြီးကတည်းက အစိုးရမဟုတ်တဲ့ သတင်းမီဒီယာတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖေါ်ပြဖို့ ပြင်ဆင်ကြိုးစားလာကြပါတယ်။ ပြည်တွင်း ဂျာနယ်များ အနေနဲ့ ဥပဒေ ထွက်ရှိလာပြီးနောက် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖေါ်ပြဖို့ ကြိုးစားခဲ့ကြပါတယ်။ ဥပဒေ ထွက်ရှိပြီး သီတင်းတပတ်ကျော်အကြာမှာတော့ အရေအတွက် ကန့်သတ်မှုနဲ့ ဝေဖန်မှု အကန့်အသတ်အောက်မှာ ဖေါ်ပြခွင့်ရခဲ့ကြပါတယ်။

အပတ်စဉ်ဂျာနယ်တိုက်တွေမှာ နိုင်ငံရေး သတင်းရေးသားတဲ့ သတင်းထောက်တွေ တွေ့မြင်လာရပြီး၊ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာလည်း ဆက်လက်ရေးသားကြဖို့ စိတ်အားထက်သန်နေခဲ့ကြပါတယ်။ အပတ်စဉ် သတင်းဂျာနယ်တွေရဲ့ အစောပိုင်း နိုင်ငံရေး သတင်းဖေါ်ပြမှုတွေကတော့ နိုင်ငံရေးပါတီတွေ ဖွဲ့ကြတဲ့သတင်း၊ ပါတီမှာ လှုပ်ရှားသူတွေရဲ့ ကိုယ်ရေးရာဇ၀င်၊ ပါတီရဲ့ ရည်မှန်းချက်၊မူဝါဒတွေဟာပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကာလအကြိုမှာ မဲဆန္ဒရှင်တွေအတွက် ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေး၊ ဗဟုသုတပညာပေး ဆိုတာတွေကို တတ်နိုင်သရွေ့ဖေါ်ပြဖို့ကြိုးစားခဲ့ကြပါတယ်။ သို့ပေမယ့် မဲမပေးပဲ နေနိုင်ခွင့်ရှိတယ်ဆိုတာကို ပေါ်လွင်အောင် ဖေါ်ပြခွင့်မပြုခဲ့ပါဘူး။ ဒီကာလမှာ အန်အယ်လ်ဒီနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု၊ အမြင်တွေကို ဖေါ်ပြခွင့် မရခဲ့ပါဘူး

နိုဝင်ဘာ ၇ ရက်နေ့မတိုင်မီသီတင်းပတ် အလိုမှာတော့ ပြည်တွင်းဂျာနယ်တွေရဲ့ စာမျက်နှာ ၇၀၊ ၈၀ ရာနှုန်းဟာ ရွေးကောက်ပွဲ သတင်းတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ရွေးကောက်ပွဲနေ့မှာ သတင်းမီဒီယာတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မဲမသမာမှု၊ ကြိုတင်မဲနဲ့ အနိုင်ယူတဲ့ကိစ္စရပ်တွေကို လိုက်လံမှတ်တမ်းတင်ခဲ့ကြပေမယ့် ပြည်တွင်း မီဒီယာတွေမှာ ပေါ်လွင်အောင် ဖေါ်ပြခွင့်မရခဲ့ကြပါဘူး။ ရွေးကောက်ပွဲ ပြီးနောက်မှာတော့ အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပြောဆိုချက်တွေသာ ဖေါ်ပြခွင့်ပြုပြီး ရှုံးတဲ့ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်တွေကို ဖေါ်ပြခွင့်မပြုတော့ပါဘူး။

ရွေးကောက်ပွဲ သတင်းကိုဖေါ်ပြလို့ မပြီးခင်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မယ်လို့ မျှော်လင့်ထားတဲ့ ၁၃ ရက်မတိုင်ခင်တရက်အလိုကတည်းက အန်အယ်ဒီရုံးအနီးမှာ လာရောက်စောင့်ဆိုင်းသူတွေနဲ့ စည်ကားနေခဲ့ပြီး ပြည်တွင်း မီဒီယာက သတင်းထောက်တွေလည်း စည်ကားနေခဲ့ပါတယ်။ ၁၃ ရက်နေ့မှာတော့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်စုခြံအနီးမှာ သတင်းထောက်များနဲ့ ဒေါ်စုကို ထောက်ခံသူတွေ နံနက်ကတည်းက လာရောက်စောင့်ဆိုင်းနေခဲ့ကြတာပါ။ အလည်အပတ် ဗီဇာနဲ့ ၀င်ရောက်လာတဲ့ နိုင်ငံခြားသား သတင်းထောက်တွေလည်း ခြံအနီးမှာ ဒါဇင်နဲ့ချီ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ညနေ ၅နာရီ ၂၀ ၀န်းကျင်မှာ လုံခြုံရေးတွေက အတားအဆီးတွေ ဖယ်ရှားပြီးခဲ့ပြီးနောက် လူအုပ်ကြီးက ခြံရှေ့ကိုပြေးဝင်သွားတဲ့ မိနစ်ပိုင်းကတော့ သမိုင်းမှာ မှတ်တမ်းတင်ရမယ့် အခိုက်အတန့်လို့ ခေါ်ဆိုနိုင်ပါလိမ့်မယ်။

ပြည်တွင်းပြည်ပ ကမ္ဘာတခုလုံးမှ မီဒီယာရဲ့ အာရုံစိုက်မှု၊ မြန်မာလူထုရဲ့ စိတ်အာရုံဟာ ရွေးကောက်ပွဲကနေ ဒေါ်အောင်ဆန်းစုကြည်ဆီကို ရုတ်တရက်ပြောင်းလဲ သွားပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးရေးနေတဲ့ သတင်းထောက်တွေလည်း ရုတ်တရက် ဒေါ်စုနဲ့ ပတ်သက်တဲ့ သတင်းတွေဆီကို အာရုံပြောင်းကုန်ကြပါတယ်။ သို့ပေမယ့် စာပေစိစစ်ရေးက ဒေါ်စုလွတ်တဲ့ သတင်းကို စာမျက်နှာပြည့်ဖေါ်ပြလို့၊ သုံးခွင့်မပြုတဲ့ ပုံကိုသုံးလို့၊ မျက်နှာဖုံးမှာ ဖေါ်ပြခွင့် မပြုတာကို မျက်နှာဖုံးသတင်း သဘောမျိုး ဖေါ်ပြခဲ့လို့ဆိုပြီး ဂျာနယ် ၉စောင်ကို တပတ်၊ ၂ပတ်စီရပ်နားစေခဲ့ပါတယ်။ ဒေါ်စုရဲ့ ဓါတ်ပုံအပြည့်ဖေါ်ပြတဲ့ ဂျာနယ်တွေ ရှိသလို၊ မျက်နှာဖုံးသတင်းအဖြစ် ဖေါ်ပြခဲ့ကြလို့ စာပေလွတ်လပ်ခွင့်များရှိနေပြီလားလို့ လူတွေအံ့သြနေကြတာကို ဂျာနယ် ကိုးစောင် ရပ်နားစေခဲ့တဲ့ အဖြစ်က စိစစ်ရေးရှိနေသေးတဲ့ အဖြစ်ကို သတိပေးခဲ့သလိုဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ပြည်တွင်းဂျာနယ်တွေလည်း ရွှေဂုံတိုင် အန်အယ်လ်ဒီရုံးကို ၀င်ထွက်လျက်ရှိပြီး အင်တာဗျူးဖို့ ကြိုးစားလာကြတာတွေ ရှိလာပြီး စာမျက်နှာပေါ်မှာတော့ ဖေါ်ပြခွင့်တော့ မရကြပါဘူး။

ခြုံပြောရရင်တော့ ၂၀၁၀ ခုနှစ်ဟာ အတက်အကျ များပြီး စိတ်ဝင်စားဖွယ်ရာတွေ၊ စိတ်ဓါတ်တက်ကြွဖွယ်ရာတွေ တွေ့မြင်နေရသလို စစ်အစိုးရ ကြိုးကိုင်ပါတီ ကြံ့ဖွံ့က မရရတဲ့နည်းနဲ့ အနိုင်ယူသွားခဲ့တဲ့ ရွေးကောက်ပွဲကြီးကို မြန်မာလူထုက မဖြတ်သန်းချင်လည်း ဖြတ်သန်းခဲ့ရပြီဖြစ်ပါတယ်။