>Khin Hnin Lwin – 2010 to 2011 Looking Back & Forward

>

၂၀၁၀ လည်ပြန်နဲ့ ၂၀၁၁ သို့ အလှမ်း
ခင်နှင်းလွင် ၊ ရန်ကုန်
ဒီဇင်ဘာ ၂၉ ၊ ၂၀၁၀

       မကြာမှီ ရက်ပိုင်းအတွင်း ၂၀၁၀ဆိုတဲ့ နှစ်ဟောင်းတစ်ခု လျင်လျင်မြန်မြန်နဲ့ ပြီးဆုံးသွားတော့မှာပါ။ နှစ်တစ်နှစ်
ပြီးဆုံးပြီဆိုရင်တော့ ဒီနှစ်ဟောင်းနဲ့ ပတ်သတ်ပြီး အလုပ်အရှုပ်တဲ့အထဲမှာမီဒီယာသမားတွေ ပါဝင်နေကြမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ နှစ်သစ်ကိုကြိုဆို နှုတ်ခွန်းဆက်ဖို့အတွက် နယ်ပယ်အသီးသီးက နာမည်ကြီး ၀ါရင့်ပုဂ္ဂိုလ်တို့ရဲ့ နှုတ်ခွန်းဆက် သ၀ဏ်လွှာတွေကို တောင်းယူ စုဆောင်းရင်း တဖက်ကလည်း ကျန်ခဲ့မဲ့ နှစ်ဟောင်းရဲ့ လူမှုရေး၊နိုင်ငံရေး စီးပွားရေး သုံးသပ်ချက်တွေကို  ထုတ်ပြန်ရေးသား အသံလွှင့်နေကြ တာကိုတွေ့ရှိရပါတယ်။
ရွေးကောက်ပွဲ နဲ့ ဖုန်း
ကုန်ဆုံးတော့မဲ့ ၂၀၁၀ရဲ့ အစပိုင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ အနှစ်နှစ်ဆယ်မှာ တကြိမ်သာ ပထမဦးဆုံး ကြုံခွင့်ရမဲ့ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်တွေက မြန်မာ့နိုင်ငံရေးသာမက စီးပွားရေးကိုပါ ကိုင်လှုပ်ခဲ့တာ တွေ့နိုင်ပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်မှုအတွက် နေ့စဉ်ရတက်မအေး ဖြစ်နေခဲ့ရတဲ့ ပြည်သူတွေကို အရင်ဦးဆုံး ၂၀၁၀ ဇန်န၀ါရီလ ၁ရက်နေ့မှာ နှုတ်ခွန်းဆက်လိုက်တာတော့ ဖုန်းခေါ်ဆိုခတွေ ၃ဆ မြင့်တက်သွားတယ် ဆိုတဲ့ သတင်းပါ။
မြို့တွင်းပြောဆိုခ တစ်မိနစ် ၁၅ကျပ် သတ်မှတ်ထားတဲ့ လိုင်းဖုန်းခေါ် ကြိုးဖုန်းတွေ၊ စီဒီအမ်အေ ခြင်းဖုန်းများ၊ တစ်မိနစ် ၂၅ကျပ် သတ်မှတ်ထားသော မိုဘိုင်းဖုန်းအားလုံးကို အထွက်ခေါ်ဆိုခ တမိနစ်လျှင် ကျပ် ၅၀သို့ တိုးမြင့်လိုက်သည် ဟူသော သတင်းကတော့ ဖုန်းဆက်သွယ်ရေးကို အားထားနေသူတွေအတွက် လိုတိုရှင်းပြောဖို့  သတိပေးချက်
တစ်ခုလိုဖြစ်လာပါတယ်။
နောက်ထပ်ဖုန်းနဲ့ ပတ်သတ်ပြီး ထူးခြားချက်ကတော့ စီဒီအမ်အေ ၈၀၀လို့ခေါ်တဲ့ မြို့တစ်မြို့ တွင်းသုံး ငါးသိန်းတန် ဖုန်းတွေပေါ်ပေါက်လာတဲ့ ကိစ္စပါ။ အိမ်နီးချင်းထိုင်းနိုင်ငံလို နိုင်ငံမျိုးမှာ မြန်မာငွေကျပ် ၁၅၀၀မျှနဲ့ ဖုန်းတလုံး ၀ယ်ကိုင်နိုင်နေတဲ့အချိန် မြန်မာနိုင်ငံမှာတော့ ငါးသိန်းမျှငွေကြေးနဲ့ ဘယ်အခါမှမရဘူးတဲ့ ဖုန်းတလုံးကို အလုအယက် ၀ယ်ယူအားပေးခဲ့ကြရပါတယ်။
ဒီနောက်အမျိုးမျိုးသော ငွေချွေနည်းတွေနဲ့ ပြည်သူ့ အိပ်ကပ်ထဲမှ ငွေကိုဖဲ့ယူနည်း သုံးနေတဲ့ အစိုးရရဲ့ စီမံချက်နဲ့ တစ်နိုင်ငံလုံးသုံး နေပြည်တော်ဖုန်း ကိုပြည်သူတွေ အပြုံးမပျက် ၀ယ်ယူသုံးစွဲနေရတာကို တွေ့နိုင်ပါတယ်။ နောင်လာမဲ့ ၂၀၁၁မှာ တိုင်းနဲ့ ပြည်နယ်ဘယ်နှစ်ခုကို ဘယ်လိုခွဲခြမ်းပြီး ဆက်သွယ်ထားတဲ့ ဘယ်လိုဖုန်းမျိုး လာဦးမလဲဆိုတာကိုလည်း မျှော်လင့်နေကြရမှာပါ။
နိုင်ငံရေး အလှုပ်
၂၀၁၀အတွက် ပထမဆုံး နိုင်ငံရေး လှုပ်ရှားမှုဖြစ်တဲ့ လွတ်မြောက်ရေး စာတမ်းပါ ငွေစက္ကူတွေကို မန္တလေး မြို့မှာ လူငယ်တစ်စုက ဖြန့်ဝေခဲ့တာပါ။ အစိုးရရဲ့ ရွှေရေစိမ် ရွေးကောက်ပွဲကို မကျေနပ်သူတွေအဖို့ နှစ်သစ်မှာ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုလို လူထုလှုပ်ရှားမှုတွေ ပေါ်လာမလားလို့ စောင့်ကြည့်ရဖွယ် ဖြစ်ခဲ့ပါတယ်။
နောက်ကမ္ဘာ့မဂွဇင်းတွေမှာ ဖော်ပြခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံယက်တော နောက်မှာ ထပ်မံအဖမ်းခံ ခဲ့ရတဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို ထောင်ဒဏ် လေးနှစ်ချပြီး ပြန်လွှတ်လိုက်တဲ့ သတင်းပါ။ ဒီနေရာမှာတော့ အ၀င်သာရှိပြီး ထွက်ဖို့မလွယ်တဲ့ အင်းစိန်ကျောင်းတော်ကြီးထဲက ပြန်ထွက်နိုင်တဲ့ နိုင်ငံရေးအမှုတစ်ခုပါပဲ။
စီးပွားရေး အလှုပ်
နောက်တစ်ခုကတော့ မကြုံစဘူး မြန်မာ့ငွေတန်ဖိုး မြင့်တက်ခဲ့ရတဲ့ အဖြစ်ပါ။ နိုင်ငံတကာ စီးပွားရေးကျဆင်း မှုတွေကြားမှာ ထပ်မံကျဆင်းစရာမရှိတော့တဲ့ မြန်မာ့စီးပွားရေးကတော့ ဒီတခေါက် ပန်းပန်လျက်ပါပဲ။
ဒေါ်လာငွေတွေ ဈေးကျသွားတဲ့အချိန် မြန်မာနိုင်ငံမှာတော့ အန်ဂျီအို လုပ်ငန်းက ၀န်ထမ်းတွေအတွက် ဒေါ်လာနဲ့ ရတဲ့လစာငွေအတွက် မျက်ဖြူဆိုက်ရတဲ့ ကိစ္စပါပဲ။ အကျကြမ်းတဲ့ ဒေါ်လာငွေကို လက်ထဲမှာ ကိုင်ထားမိသူတွေကတော့ ဈေးနည်းနည်းတက်တာနဲ့ ထုတ်ရောင်းနေရတဲ့ အဖြစ်ပါပဲ။ စီးပွားရေးနဲ့ ပတ်သတ်တဲ့ နောက်သတင်း တစ်ခုကတော့ အစိုးရကနေ ကားလိုင်စင်တွေချပေးတဲ့ ကိစ္စပါ။
အပေးယူအပိတ်အဖွင့်တွေနဲ့ နားလည်မှုယူ ချပေးတဲ့လူတွေထဲမှာ ငွေလက်ထဲရှိတုန်း ဈေးသက်သက် သာသာနဲ့ ကားကောင်းကောင်း ၀ယ်လိုက်နိုင်တဲ့ လူကတော့အနည်းငယ်သာ ရှိလိမ့်မှာ ဖြစ်ပေမယ့် ရာဖြတ်နှုန်းသတ်မှတ်တဲ့ အဖွဲ့မှာ မျက်စေ့မပါတာကြောင့် ကားဖိုးထက် လိုင်စင်ရာဖြတ်ကြေးက များနေပါတယ်။ ဒါကြောင့် သွင်းထားတဲ့ ကားကို အစိုးရကို ထိုးအပ်လိုက်ရတဲ့ အဖြစ်တွေကလည်း မနည်းပါဘူး။
မင်းသမီးနဲ့ သတင်း အလှုပ်
ဒီတခါတော့ ပြည်သူကြားက အနုပညာရှင်လို့ ခံယူထားတဲ့ အနုပညာရှင်တွေရဲ့ သတင်းလေးတွေပါ။ ပြည်သူတွေ စီးပွားရေးကျ ထမင်းနပ်မမှန်တဲ့အချိန်မှာ မော်ဒယ်လ်ပေါက်စလေးက သူကိုင်တဲ့ဖုန်း သိန်း ၃၆၀ တန်တာကို မသိလို့ ကြွားမိတာပါ ဆိုတာနဲ့ ဂျာနယ်စာမျက်နှာတွေအပေါ် အလုအယက် တက်လာခဲ့ပါတယ်။
အခြေသတင်းကြီးတဲ့ ရွှေမင်းသမီး ထက်ထက်မိုးဦးနဲ့ 7ဆဲဗင်းဒေးဂျာနယ်က သတင်းထောက်မလေးရဲ့ အမှုကတော့ ၂၀၁၀မှသည် ၂၀၁၁ဆီသို့တိုင် တဲ့အထိမပြီးဆုံးနိုင်သေးတဲ့ ပုစ္ဆာတစ်ပုဒ်လို မျောနေပါသေးတယ်။
မီဒီယာ မီးမောင်းအောက် အဖြူအမည်း
နောက်တစ်ခုကလည်း မြန်မာနိုင်ငံမှာ မီဒီယာတခောတ် ဆန်းသစ်လာပြီလား ဆိုရလောက်အောင် အစိုးရ လုပ်တဲ့ ရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ နိုင်ငံရေးသတင်းဂျာနယ် မျိုးတွေ ပေါ်ပေါက်လာတာကတော့ အတော်အားရစရာကောင်းတာ အမှန်ပါ။
အမှားအမှန် ရပ်တည်ချက်တွေကတော့ သိပ်ကြာကြာမစောင့်ရပဲ အစိုးရဘက်တော်သား၊ လူထုဘက်တော်သား ကွဲကွဲပြားပြား မြင်တွေ့လိုက်ရတာပါပဲ။
ဒါ့အပြင် မျိုးဆက်သစ် သတင်းသမား လူငယ်တို့အတွက် အကြောက်တရား ဘေးချိတ်နိုင်ပြီး နိုင်ငံရေးတဲ့ ပတ်သတ်တဲ့ သတင်းတွေကို အန်အယ်ဒီရုံးချုပ်သို့ ဥးဒဟို သွားရောက်ယူနေကြတာကတော့ သတင်းလောကအတွက် တိုးတက်မှု တစ်ရပ်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ဂျာနယ်ကိုးစောင် တစ်ပြိုင်နက်ထဲ ပိတ်ခံလိုက်ရတဲ့အတွက် စာပေစိစစ်ရေး ဘာလဲ၊ ဘယ်လဲတွေနဲ့ ဂယက်ထခဲ့ရပါတယ်။
ခုနှစ်နှစ်တာကြာမှ နေအိမ်အကျယ်ချူပ်မှ လွတ်မြောက်လာတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ မဖြူဖြူသင်းရဲ့ အိတ်ခ်ျအိုင်ဗွီ ပြုစုစောင့်ရှောက်ရေး ဂေဟာကို သွားရောက်ပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။ ဒီလိုဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးခဲ့ပြီးတော့ နောက်တနေ့မှာတော့ မဖြူဖြူသင်းရဲ့ အိတ်ခ်ျအိုင်ဗွီဂေဟာကို အာဏာပိုင်တွေက ပိတ်ပင်ဖို့ကြိုးစားလာပါတယ်။ ဒီအခါမှာ အနုပညာနယ်ပယ်က အနုပညာသမား တစ်ချို့နဲ့ စာနယ်ဇင်း သတင်းထောက်တွေရဲ့ ဖေးမအားပေးမှုတွေ ကြားမှာပဲ အိတ်ခ်ျအိုင်ဗွီ ဝေဒနာသည်တို့ ဆက်လက်ရပ်တည်နိုင်ခဲ့ရတာကို တွေ့ရပါတယ်။    
အခြေခံလူတန်းစားအတွက် အခြေခံလိုအပ်ချက် – ဥတုရာသီ မြန်မာပြည်

ရာသီဥတုနဲ့ ပတ်သတ်လို့ ဒီနှစ်နွေရာသီမှာတော့ မကြုံစဖူးထူးကဲတဲ့ အင်းလေးကန် ရေခမ်းခြောက်မှု ကြုံခဲ့ရပါတယ်။ မိုးလေ၀သ ပညာရှင်ဦးထွန်းလွင်လည်း ဂျာနယ်စာမျက်နှာတွေ ပေါ်မှ မဆင်းတမ်း ဟောစာတမ်းတွေ ထုတ်၊ သဘာဝ ပတ်ဝန်းကျင် သမားတွေကလည်း အလုပ်ရုံဆွေးနွေးပွဲတွေ ခေါ်ရနဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတု ပတ်ဝန်းကျင်အတွက် ခေါင်းအစားဆုံးနှစ် ဆိုရင်မှားမယ် မထင်ပါဘူး။ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သတ်လို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးရဲ့ အင်းသီး လို့အမည်ပေးထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းမှတ်တမ်းကားလည်း နာမည်ကြီးလာခဲ့ရပါတယ်။
နာဂစ်ကြောင့် အယ်နီညို ၊လာနီညာတွေလာမယ်လို့ ပြောမဆုံးခင် ရခိုင်မှာထပ်တိုက်ခဲ့တဲ့ ဂီရိမုန်တိုင်းကလည်း ဒီနှစ်အတွက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကပ် တခုဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုရဲ့ နောက်ဆက်တွဲ ရလဒ်တစ်ခုလို့ ဆိုရမှာပါ။
အချိန်မှီမလာတဲ့မိုး၊ အချိန်မတိုင် လာတဲ့မိုးတွေကြားမှာ လယ်သမားတို့ မျက်ရည်လျံခဲ့ရပြီး မိုးထက်ဆိုးတဲ့ သဃံဇာတ သူခိုးတွေရဲ့ ဂုတ်သွေးစုတ် အမြတ်ထုတ်မှုကြောင့် ယခုတိုင် မြန်မာပြည်က လယ်သမားတို့မှာ အကြွေးပင်လယ်ထဲ ကူးခတ်ရင်း ၂၀၁၁ကို စောင့်မျှော်နေကြပါတယ်။

 

(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts