Uncategorized

Linn Nwe Eain – Poem

၂ဝဝ၃ ဒီပဲယင်းဒဏ်ရာ
လင်းနွေးအိမ်
မေ ၃၀၊ ၂၀၁၃


တနွေလုံး
အပူဒဏ်ကြိတ်ခံပြီး
မိုးဦးမိုးစက်တွေစောင့်နေတဲ့ ယာခင်းခမြာ
သွေးတွေသာလွှမ်းခဲ့ရ
အဓမ္မညပါလား။
ကြည့်လိုက်စမ်း
အငမ်းမရကိုက်ဖဲ့
အမှောင်နက်နက်ထဲက ချွန်ထက်နေတဲ့အစွယ်ငေါငေါတွေ
အဇာတသတ်ဇာတ်ခင်း
ဒါ——ဒီပဲယင်း  ၂ဝဝ၃။
ရိုးသားတည်ငြိမ်လှပအညာမြေအရေပြားပေါ်
မီးတောင်ပေါက်ကွဲ ချော်ရည်ပူတွေမုန်တိုင်းထ
ငြိမ်းချမ်းချင်လှတဲ့  ဆာဟာရနှင်းဆီနှလုံးသားတွေ
လဲ—
ပြို—
ကျ—-
အန်တီရေ ပြေး—ပြေး—
ငရဲခွေးတွေလွတ်နေပြီ၊၊
ကြံ့ဖွံ့ 
စွမ်းအားရှင်
သင်္ဃန်းခြုံ သောနူတ္ထိုများ
ဝါး–ဒုတ်–ကိုယ်စီနဲ့ 
အစွယ်လိုသူရဲ့ အလိုကျ
သတ္တိကောင်းလိုက်ကြပုံ။
ကျည်ရွာရေ—
လယ်ယာမြေ သင်္ချိုင်းလုပ်တတ်တဲ့ အတတ်ပညာ သူရို့မှာ ရှိနေရဲ့၊၊ 
မုန်တိုင်းထဲပက်လက်မျောလှေခွက်တော့
မဟုတ်ဘူး
အဖမဲ့ကြီးပြင်းရ ကမ္ဘာ့ ငြိမ်းချမ်းရေးသမီးပျို
တောင်တန်းလို ကျင့်ကြံ
သံစဉ်သစ်ဖန်တီး
မပြီးသေးတဲ့ မီးတောက်ကို အရည်ဖျော်ဖို့ 
သူ့ခန္ဓာထဲကသစ္စာ
ဆာလောင်မွတ်သိပ်မျက်လုံးများကိုဝေငှ
တံခါးတွေဖွင့်ပြနေတုန်း
ဗြုန်းဆို
အို—မသေကောင်းမပျောက်ကောင်း
သူရဲကောင်းတို့  ကျောခင်းဝန်းရံလိုက်ပုံများ။
ရွံ့ စေးတွေနီကြန်
သစ်ရွက်စိမ်းတွေဝေဒနာအပူဟပ်
အော်ဟစ်ငြီးငြူသံတွေ ပဲ့တင်ထပ်လို့ 
ကမ္ဘာမြေရေ
ခြေတဘက်ဆာနေတဲ့ မြေပုံတခုမှာ
နာရီလက်တံတချက်တုန်တိုင်း
ကြယ်စင်တွေ
တဗိုင်းဗိုင်းလဲပြိုနေတဲ့မြေကနေ
အက်စ်—အို–အက်စ် အီးမေးတွေပို့ နေတာ
ဖတ်ဖြစ်အောင်ဖတ်
ခံစား
ပြီးတော့
နားလည်ရင်ခုန်လက်လှမ်းပါ
အနာဂတ်ဆိုတဲ့စကားလုံး
အဲသမှာ ပျောက်ဆုံးနေတာကြာပေါ့။     ။
လင်းနွေးအိမ်
၁၃၊၇၊၂ဝဝ၃

(ဒီပဲရင်းလုပ်ကြံမှု ၁၀ နှစ်ပြည့်အောက်မေ့ဖွယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts