>Letters from Michigan – 45

>

မစ်ရှီဂန်မှပေးသောစာ (၄၅)
အောင်ဝေး
ဒီဇင်ဘာ ၂၄၊ ၂၀၁၀“—ဒီသံကြိုးကွင်းဆက်ကြီးကို ဖြတ်ဖို့ ဆိုရင်၊ အဲဒီ အပါးဆုံး သံကွင်းနေရာကို ပစ်မှတ်ထား၊ အားစိုက်ပြီး ဖြတ်။ ဒါဆိုရင် အဲဒီ သံကြိုးကွင်းဆက်ကြီး ကျိန်းသေ ပြတ်တောက်သွားမှာပဲ တဲ့—”


မိတ်ဆွေကြီး ကိုဒေါင်း-
ကျန်းခံ့သာလို့ မာကြမယ် ထင်ပါရဲ့။ ဒီတစ်ခါတော့ ကျနော်တို့ချင်း နားလည်တဲ့ဘာသာ စကားဟောင်း တစ်ခု ပြန်ပြောကြည့်မလားလို့ စိတ်ကူးမိတယ်ဗျာ။

ဒီနေ့ခေတ်ပြိုင်ထဲမှာ ဒီမိုကရေစီ ခရီးကြမ်းကြီးကို ချီတက်နေကြတဲ့နေရာမှာ ဒီနေ့ ဆိုတာဟာ ကျနော်တို့ ခင်ဗျားတို့ခေတ်နဲ့ ယှဉ်လိုက်ရင် အခြေအနေသစ်၊ အချိန်အခါသစ်၊ အနေအထားသစ်လို့ ဆိုရမှာပေါ့။ ခင်ဗျားတို့ ကျနော်တို့ခေတ်က ကျန်ရစ်ခဲ့ပြီလေဗျာ။ ဒီနေ့ခေတ်က အခြေအနေ၊ အချိန်အခါ၊ အနေအထားအသစ် ဖြစ်တာနဲ့လျော်ညီစွာ၊ ဒီကနေ့ခေတ်ကို ရင်ဆိုင် ကျော်လွှားနေကြတဲ့၊ ရုန်းကန် ဖြတ်သန်းနေကြတဲ့ လူငယ်တွေကလည်း အသစ်၊ ပြည်သူတွေကလည်း အသစ်၊ လူထုသစ်၊ အင်အားစုသစ်လို့ ဆိုရမယ်။

အားလုံးဟာ အသစ်ဖြစ်နေတယ် ကိုဒေါင်းကြီး။ ယုတ်စွအဆုံး ဒီကနေ့ လတ်တလော အချုပ်အနှောင်က ပြန်လည် လွတ်မြောက်လာတဲ့ ကျနော်တို့ ခေါင်းဆောင်၊ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု၊ ခေါင်းဆောင်မှုတောင်မှ အသစ်ပဲ မဟုတ်လား ကိုဒေါင်း။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် လူထုကို ခေါင်းဆောင်နေတာ နဂို ခေါင်းဆောင်မှုအဟောင်း မဟုတ်တော့ဘူး။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုက ပိုပြီး နုပျို လတ်ဆတ်လာတဲ့ ခေါင်းဆောင်မှုအသစ်လို့ ကျနော်တော့ ခံစားမိတယ်ဗျာ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ဦးဆောင်မှုအသစ်လို့ ပြောလိုက်တော့၊ နောက်လိုက်တွေကကော ဆိုရင်၊ ကိုဒေါင်းကြီး – – ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အသစ်နောက်ကို ယုံယုံကြည်ကြည်နဲ့ မမှိတ်မသုန် လိုက်ပါနေတဲ့ နောက်လိုက်တွေကိုလည်း နောက်လိုက်အသစ်လို့ ဆိုချင်တယ်ဗျာ။

အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြတဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် ကိုးစားကြတဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ၀န်းရံနေကြတဲ့၊ ကိုဒေါင်းရေ – ပိုပြီး ပြည့်ပြည့် စုံစုံနဲ့ တိတိပပ ရည်ညွှန်းရမယ် ဆိုရင်တော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးက မွေးဖွားပေးလိုက်တဲ့ ကျောင်းသားအရွယ် လူမမယ် မျိုးဆက်သစ်ကလေးတွေဟာ ပီဘိ နောက်လိုက်အသစ်တွေပဲ မဟုတ်လားဗျာ။

ခေါင်းဆောင်မှုအသစ်ရဲ့ နောက်မှာ၊ မျက်ခြည်မပြတ်၊ ထက်ကြပ်မကွာ လိုက်ပါလာတဲ့ နောက်လိုက် အသစ်။ အဲဒီ သူတို့ကလေးတွေဟာ၊ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ နောက်ကနေ ရဲရဲရင့်ရင့်၊ ညီညီ ညွတ်ညွတ်၊ တက်တက် ကြွကြွ လိုက်ပါလာတဲ့ နောက်လိုက်ကောင်းတွေပဲ လို့လည်း ဆိုရမယ် ကိုဒေါင်း။

အဲဒီတော့ ဒီကနေ့ ခေါင်းဆောင်မှုအသစ်၊ နောက်လိုက်အသစ်၊ အခြေအနေသစ်၊ အချိန် အခါသစ်၊ အနေအထားသစ်၊ လူငယ်သစ်၊ ပြည်သူသစ်၊ လူထုသစ်၊ ကုန်ကုန် ပြောရရင် ကိုဒေါင်းရေ – – ဒီကနေ့ လှုပ်ရှားမှုသစ်၊ တိုက်ပွဲသစ်မှာ၊ ဒီနေ့ခေတ်ရဲ့ ဘာသာစကားကလည်း အသစ် ဖြစ်လာရတော့တာပေါ့။

ဒီကနေ့ဟာ ဆိုပါစို့ဗျာ – – ကျနော်တို့ဆရာ ဦးဝင်းတင်ပြောနေတဲ့ လူထုနိုင်ငံရေးသစ်၊ နိုင်ငံရေး အခင်းအကျင်းသစ်ထဲမှာ၊ ဒီနေ့ ဘာသာစကား အသစ်က “အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး” ပဲ။ အခု ကျနော်တို့ နောက်ဆုံးကြားလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ “ဒီမိုကရေစီကွန်ရက်” တို့၊ ”၂၁ ရာစုပင်လုံ” တို့၊ ပြီးတော့တစ်ခါ အခု တိုင်းရင်းသား ခေါင်းဆောင်တွေ ပြောနေကြတဲ့ “ဖက်ဒရယ်ပြည်ထောင်စု” တို့၊ ဒါတွေဟာ လက်ငင်း လတ်တလော ခေတ်ပြိုင် ဘာသာ စကားအသစ်တွေပဲ မဟုတ်လား။

သမိုင်းကို ပြန်ကြည့်လိုက်ရင်၊ ကျနော်တို့ ခေတ်ဟောင်းတုန်းက ဘာသာစကား အဟောင်းထဲမှာ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ ဆိုတာ ဒီနေ့လို ခေတ်မစားခဲ့သေးဘူးနော် ကိုဒေါင်း။ အလွန်ဆုံး ကျနော်တို့ ပြောလေ့ပြောထ ရှိတာက “ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး” တို့၊ တချို့ ပြောကြတဲ့ “အရင်းရှင် ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်” ဆိုတာမျိုးလောက်ပဲ အသုံး တွင်ခဲ့ဖူးတာပါ။

ကျနော်တို့ ခေတ်ဟောင်းတုန်းက ကျနော်တို့ တွင်တွင် သုံးစွဲခဲ့ကြတဲ့ ဘာသာစကား ဟောင်းတွေက “ပစ္စည်းမဲ့တော်လှန်ရေး” တို့၊ “ဘုံနိုင်ငံတည်ထောင်ရေး”တို့၊ “လူတန်းစားလွတ် မြောက်ရေး” တို့၊ “ပြည်သူ့အာဏာ” တို့၊ အချစ်ကိုတောင်မှ လူတန်းစားတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းထဲမှာ၊ လူတန်းစားအချစ်ပဲ ရှိမယ် ဆိုတာမျိုးတို့၊ အဲဒီလိုဟာတွေပဲ များခဲ့တယ် မဟုတ်လားဗျာ ကိုဒေါင်းကြီး။

၁၉၆၂ ကနေ၊ ၁၉၇၀-၇၄-၇၅-၇၆ တောက်လျှောက်၊ စစ်အစိုးရ၊ စစ်အုပ်စုကို ခေတ် အဆက်ဆက် ဆန့်ကျင် တိုက်ခိုက်လာခဲ့တဲ့ ကျောင်းသား၊ အလုပ်သမား တိုက်ပွဲတွေရဲ့ကြွေး ကြော်သံ သည်ပင်လျှင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မဟုတ်ခဲ့သေးဘူးလေဗျာ။ အဲဒီတုန်းက ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ ဆိုတာ ဒီလောက် ခေတ်မစားသေးဘူး။ အဓိက ကြွေးကြော်တဲ့ အထဲမှာ မပါသေးဘူး။ အရန်ပဲ ဖြစ်နေသေးတယ်။
၁၉၈၈ ကျောင်းသားတွေရဲ့ ရှစ်လေးလုံး အရေးတော်ပုံ တိုက်ပွဲကြီး ဆင်နွှဲတဲ့ အခါကျတော့မှပဲ တိုက်ပွဲ တစ်ခုလုံးရဲ့ အဓိက ကြွေးကြော်သံက “ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး ရရှိရေး” ဆိုပြီး ပီပြင် ထင်ရှား ပေါ်လွင်လာတာ မဟုတ်လား။

ကိုဒေါင်းရေ၊ အခု အခြေအနေနဲ့အချိန်အခါ တိုက်ဆိုင်လာလို့၊ ကျနော်တို့ ခေတ်ဟောင်းသမားတွေရဲ့ ဘာသာစကားဟောင်း တစ်ခုကို ကျနော် ချပြ ပြောကြည့်ချင်တာပါ။ တခြားတော့ မဟုတ်ပါဘူး။ Mathematical Physics လို့ဆိုတဲ့ သင်္ချာရူပဗေဒ စကား တစ်ခွန်းပါ။ သံကြိုးကွင်းဆက် သဘောတရား လို့လည်း ခေါ်ပါတယ်။

သံကြိုး ကွင်းဆက်ကြီး တစ်ခုရဲ့ အင်အားဟာ ဘယ်မှာ တည်သလဲ။ အပါးဆုံး သံကွင်းမှာ တည်တယ်။ အဲဒီတော့ ဒီသံကြိုးကွင်းဆက်ကြီးကို ဖြတ်ဖို့ ဆိုရင်၊ အဲဒီ အပါးဆုံး သံကွင်းနေရာကို ပစ်မှတ်ထား၊ အားစိုက်ပြီး ဖြတ်။ ဒါဆိုရင် အဲဒီ သံကြိုးကွင်းဆက်ကြီး ကျိန်းသေ ပြတ်တောက်သွားမှာပဲ တဲ့။

ဒီသဘောတရားလေးပါပဲ ကိုဒေါင်း။ ဘာသာစကားကတော့ ဟောင်းနေပါပြီ။ ဒါပေမဲ့ အတွေးအခေါ်က မဟောင်းသေးဘူး ထင်လို့ ကျနော် ပြောကြည့်တာပါ။ မကြာသေးခင်က ကျင်းပ ပြီးစီးသွားတဲ့၊ နအဖ ၂၀၁၀ ရွေးကောက်ပွဲဟာ၊ တိတိကျကျ ပြောရရင်၊ နအဖ ရွေးကောက်ပွဲ လုပ်ကြံမှု၊ ရွေးကောက်ပွဲ အကြမ်းဖက်မှု၊ ရွေးကောက်ပွဲ ညစ်ပတ်မှုတွေဟာ၊ နအဖ စစ်အုပ်စုရဲ့ အပါးဆုံး သံကွင်းပဲလို့ ကျနော်တော့ ယူဆတယ်ဗျာ။ ကိုဒေါင်းတို့တွေလည်း ဒီအချက်ကို ၀ိုင်းဝန်း ဆွေးနွေးကြည့်ကြစေချင်ပါတယ်။

ကျနော့် အယူအဆ မှားနေရင်၊ သိတဲ့ တတ်တဲ့သူများက ပြင်ပေးကြပါခင်ဗျား။

အားလုံးကို လေးစားလျက်-

အောင်ဝေး
၁၁-၂၃-၁၀။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts