>Questions for Aung San Suu Kyi – RFA Program

>

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
လွတ်လပ်တဲ့အာရှအသံမှ စီစဉ်တင်ဆက်သော
အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၁၇ရက်၊ ၂၀၁၀)
မေးခွန်းမေးသူ။   ။ ကိုမောင်ကျော် (ကနေဒါနိုင်ငံ)
Q: ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာ ဒီ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အတွင်းရေးမှူးအဖြစ်နဲ့ စတင်ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းကြီး တခုဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းကြီးဟာ မြန်မာ့လွတ်လပ်ရေး သမိုင်းတလျှောက်လုံးမှာ တောက်လျှောက် ဦးဆောင်ခဲ့ပြီးတော့ ဒီ ကျနော်တို့ ၁၉၄၈ခုနှစ်မှာ မြန်မာနိုင်ငံသမိုင်းရဲ့ အလှည့်အပြောင်း ကံကြမ္မာဆိုး တခုအနေနဲ့ ပြည်တွင်းစစ်ကို မလွှဲမရှောင်သာဘဲအတွက် ဖြစ်ခဲ့ရတဲ့အချိန်မှာ ဗမာပြည် ကွန်မြူနစ်ပါတီဟာ တောခိုသွား  ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော် အခု အန်တီစုကနေပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို တည်ဆောက်နေတဲ့ အချိန်မှာ ကျနော်တို့ သိသလောက် NLDနဲ့ အန်တီစုဟာ ဒီမိုကရေစီ ရေးအတွက် ဆိုလို့ရှိရင် ဘယ်ပါတီ၊ ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မဆို လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ သို့အတွက်ကြောင့် အန်တီစုတို့ အနေနဲ့ ဒီ အားလုံး ဘယ်နိုင်ငံရေး အဖွဲ့အစည်းနဲ့မဆို စောစောက ပြောသလိုမျိုး ဗကပနဲ့ပဲဖြစ်ဖြစ် အတူလုပ်ဖို့ အဆင်သင့်ရှိမရှိ၊ ဒီမိုကရေစီ ရပြီးနောက်ပိုင်းမှာကော ဗမာပြည် ကွန်မြူနစ်ပါတီကို တရားဝင်ပါတီ အနေနဲ့ အသိအမှတ်ပြုမယ်လို့ ရှိမရှိ သိချင်ပါတယ်ခင်ဗျား။  
A: ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို တည်ဆောက်နေတဲ့ အချိန်ဆိုတာဟာ အတိတ်ကို ပြန်ကြည့်တာထက် အနာဂတ်ကို ရှေ့ရှုရမယ့် အချိန်ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီအချိန်မှာ ဆိုလို့ရှိရင် ဘယ်ပါတီ၊ ဘယ်အစုအဖွဲ့ တခုအတွက်နဲ့တင် မဟုတ်ဘဲနဲ့ အားလုံးအတွက်၊ တနိုင်ငံလုံးမှာ ရှိတဲ့ အစုအဖွဲ့တွေ အားလုံး အတွက် လုပ်ရမယ့်အချိန် ဖြစ်လို့ အစုအဖွဲ့တွေ အားလုံးက ဒီလို အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ရရှိနိုင်ဖို့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာ ဝိုင်းပြီးတော့ စဉ်းစားပေးစေချင်ပါတယ်။ ဒီမိုကရေစီရပြီး၊ လူ့အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရပြီဆိုလို့ရှိရင် အစုအဖွဲ့ အားလုံးဟာ သူတို့ရသင့်တဲ့ အခွင့်အရေးတွေလဲ ရမှာပါ။ ဒါဟာ ကွန်မြူနစ်ပါတီရယ်လို့၊ ဘယ်ပါတီ ရယ်လို့၊ မဟုတ်ပါဘူး။ အားလုံးအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ပိုပြီးတော့ လုံခြုံမှုပေးမှာပါလို့ ကျမပြောပါရစေ။
မေးခွန်းမေးသူ။   ။ ကိုရွှေသွေး (နော်ဝေနိုင်ငံ)
Q: ဒီ အမျိုးသား ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့၊ စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားတာမှာ တဘက်ကရှုံးပြီး တဘက်ကနိုင်စေရန် ပြောတာမဟုတ်ဘူး၊ နှစ်ဘက်စလုံးအောင်နိုင်မှု ဖြစ်ရမယ်လို့ ပြောသွားတာ ကျနော်မှတ်မိပါတယ်။ ဆိုတော့ ကျနော်စဉ်းစားတာက ဒီ စစ်အာဏာရှင် အုပ်စုအနေနဲ့ ဆိုလို့ရှိရင်၊ လက်ရှိဆိုရင် အာဏာဆိုရင်လဲ သူတို့ လုံးဝ ပိုင်ဆိုင်ထားတယ်။ စီးပွားဥစ္စာဆိုလို့ ရှိရင်လဲ အတိုင်းအဆမရှိ ပိုင်ဆိုင်ထားတယ်။ နောက်ပြီးတော့ သူတို့ရဲ့ အသက်အိုးအိမ် လုံခြုံရေးအတွက်လဲ ဒီအာဏာဟာပဲ အဓိက အားကိုးရာဖြစ်တယ်။ ဆိုတော့ တွေ့ဆုံ ဆွေးနွေးရေး လုပ်လိုက်လို့ အာဏာကို စွန့်လွှတ်ပေးရမယ်၊ ဒီအာဏာကို ဝေမျှပေးရမယ် ဆိုလို့ရှိရင်၊ ဒါ သူတို့အတွက် စပြီး ရှုံးတာပဲ မဟုတ်ဘူးလား ခင်ဗျာ့။ အရှုံးတွေချည်းပဲ ဖြစ်နေတဲ့ အခါကျတော့ ဒါဘယ်လို နည်းနဲ့ ဒီ အာဏာရှင် ဘက်ကနေပြီးတော့ အနိုင်ရယ်လို့ ပြောနိုင်မလဲလို့ ဒေါ်အောင်ဆန်းစုကြည် အဲဒါလေးကို ပုံဖော်ပြပါလားခင်ဗျာ။    
A: အာဏာကို ဆုပ်ကိုင်ထားတာထက် သိက္ခာရှိရှိနဲ့ လုံလုံခြုံခြုံ နေနိုင်တဲ့ အခြေအနေက အများကြီး ပိုပြီးတော့ ကောင်းတယ်လို့ ကျမထင်ပါတယ်။ ဒီလို စစ်မှန်တဲ့ လုံခြုံမှု ရဖို့ဆိုတာဟာ၊ နိုင်ငံရေးအရ အဖြေရှာမှ ဖြစ်မှာပါ။ အားလုံးကနေပြီးတော့ သဘောတူညီပြီးတော့ ဆွေးနွေး တိုင်ပင်ပြီးတော့ အမျိုးသား ရင်ကြားစေ့ရေး ရအောင် လုပ်နိုင်မယ် ဆိုလို့ ရှိလို့ရှိရင် တပ်မတော်သားများ အားလုံး အပါအဝင်၊ ဒီနိုင်ငံက လူတွေ အားလုံးဟာ၊ လုံလုံခြုံခြုံနဲ့ နေနိုင်မှာပါ။ ကျမအနေနဲ့ တပ်မတော် အစိုးရထဲက လူတွေအားလုံးဟာ၊ အာဏာကိုပဲ အဓိကထားတယ်လို့ ကျမ မယုံပါဘူး။ သိက္ခာရှိရှိနဲ့ လုံလုံခြုံခြုံနေနိုင်မယ့် ဘဝကိုလည်း တန်ဖိုး ထားတတ်မယ်လို့ ကျမထင်ပါတယ်။   
မေးခွန်းမေးသူ။   ။ ကိုမျိုးသိန်း (အင်္ဂလန်နိုင်ငံ၊ Burma Democratic Concern – BDC မှ ဒါရိုက်တာတဦး)
Q: အန်တီ့အနေနဲ့ ဒီမြန်မာစစ်အစိုးရကိုပေါ့နော် ဒိုင်ယာလော့ဂ် Dialogue Table ကို ရောက်လာဖို့ ဘယ်လိုမျိုး အောင်မြင်စွာ စည်းရုံးမလဲ ဆိုတာနဲ့၊ ဒီ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် အန်တီ့ရဲ့ လုပ်ဆောင်မှုတွေ အပေါ် ကျနော်တို့ အနေနဲ့ ပြည်ပကနေပြီးတော့ ဘယ်လိုများ ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးလို့ရမလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ့။
A: ကိုမျိုးသိန်းရဲ့ မေးခွန်းက ခုနကမေးခွန်းနဲ့ နည်းနည်း ဆက်နွယ်နေပါတယ်။ တပ်မတော် အစိုးရကို ဒိုင်ယာလော့ဂ် လုပ်ဖို့ ဘယ်လို ဆွဲဆောင်မလဲ ဆိုလို့ရှိလို့ရှိရင် ဒီ ဒိုင်ယာလော့ဂ်၊ တွေ့ဆုံဆွေးနွေးရေး ဆိုတာဟာ၊ အားလုံး အတွက်ဖြစ်တယ် ဆိုတာ၊ နားလည်အောင်လို့ ကျမတို့ အားလုံး ကြိုးစားကြရမှာပါ။ အန်တီတို့လဲ ကြိုးစားသလို ကိုမျိုးသိန်းတို့လဲ အားလုံး ဝိုင်းပြီးတော့ ကြိုးစားပေးရမှာပါ။ ဒီလို တွေ့ဆုံဆွေးနွေးရေး ဆိုတာဟာ တဦးတဘက်အတွက် မဟုတ်ပါဘူး။ အားလုံးအတွက်ဖြစ်ပါတယ်၊ တိုင်းပြည် တပြည်လုံး အတွက် ဖြစ်ပါတယ်။ အစုအဖွဲ့အားလုံးရဲ့ စိတ်ချမ်းသာမှု၊ လွတ်လပ်မှု၊ လုံခြုံမှုအတွက် ဖြစ်ပါတယ် ဆိုတာကို တပ်မတော် အစိုးရ နားလည်အောင်လို့ အားလုံးဝိုင်းပြီးတော့ လုပ်ကြရမှာ ဖြစ်ပါတယ်။ နည်းအမျိုးမျိုးနဲ့ လုပ်ရမှာပေါ့။ အန်တီတို့လဲ တချိန်လုံး နည်းသစ်တွေ ရှာပြီးတော့ ကြိုးစားနေပါတယ်လို့ ပြောပါရစေ။   
မေးခွန်းမေးသူ။   ။ Ms. Janelle Saffin (Australia) သြစတြေလျနိုင်ငံ အမျိုးသမီးလွှတ်တော်အမတ်
A: ဒေါ်စုရှင့် ဒီမိုကရေစီ ရရှိရေးအတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေကို ကျမတို့ ဆက်လက် အားပေးကူညီချင်ပါတယ်။ သူတို့ကို ကူညီနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဒေါ်စု အနေနဲ့ ဘာများ အကြံဥာဏ် ပေးချင်ပါသလဲရှင်။ ကျမတို့ သြစတြေလျနိုင်ငံ တဝှန်းမှာ ဒေါ်စုနဲ့ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုကို ခိုင်ခိုင်မာမာ ထောက်ခံတဲ့သူတွေ အမြောက်အများ ရှိပါတယ်။ “ကျမတို့ လွတ်လပ်မှု ရရှိရေးအတွက် သင်တို့ရဲ့ လွတ်လပ်မှုကို အသုံးချပါ” ဆိုတဲ့ ဒေါ်စုရဲ့ စကားကို ကျမတို့ ကောင်းကောင်းကြားပါတယ် ဒေါ်စုရေ။  
Q: ကျမတို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် နှစ်ပေါင်းများစွာ ကူညီပေးနေခဲ့တဲ့ သြစတြေလျက မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်တယ်လို့၊ အခု အခွင့်ကြုံတုန်း ပြောပါရစေ။ ပိုပြီးတော့ ကျမတို့ကို ဘယ်လိုကူညီရမလဲလို့ မေးတဲ့အခါကျရင်၊ ကျမတို့ အခုအချိန်မှာဆိုရင် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တခု ပေါ်ပေါက်ဖို့ဟာ အများကြီး အရေးကြီးပါတယ်။ ဒီလို နိုင်ငံရေး ဖြစ်စဉ်တခု ပေါ်ပေါက်ဖို့ ပြည်တွင်း၊ ပြည်ပက အားလုံး လက်တွဲပြီးတော့ ကြိုးစားရမှာပါ။ အဲဒီတော့ သြစတြေလျမှာ ရှိတဲ့ ကျမတို့ မိတ်ဆွေများကလဲ မိမိတို့နည်း၊ မိမိတို့ဟန်များနဲ့ ကျမတို့နိုင်ငံမှာ တကယ်ကို တိုးတက်မှု ရှိဖို့၊ တကယ်ကို ဒီမိုကရေစီလမ်းပေါ် ရောက်ဖို့ ဆိုတာဟာ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ် လိုအပ်ပါတယ် ဆိုတာကို မြန်မာနိုင်ငံရဲ့ အုပ်ချုပ်နေသူများ ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက် နိုင်အောင်လို့ ဝိုင်းပြီးတော့ ကြိုးစားပေးစေ ချင်ပါတယ်။   
မေးခွန်းမေးသူ။   ။ ဒေါက်တာ တင်မိုးသူ (အမေရိကန်နိုင်ငံ)
Q: မေးခွန်းတော့ မဟုတ်ပါဘူးပေါ့နော်၊ ဒေါ်စုအတွက် တောင်းဆိုချက်လေး တခုကတော့  ဒီအခု ပြည်ပမှာ ရောက်ရှိနေတဲ့ ကလေး၊ လူငယ်တွေ အတွက်ပေါ့နော်၊ ဒီပြည်ပမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်းတွေကို လေ့လာသင်ကြား ရပါတယ်။ သူတို့ရဲ့ပေါ့လေ လူမှုရေး ပညာရပ်၊ Social Study ကအစ political science အထိပေါ့နော်၊ ဒေါ်စုအကြောင်းကို ဒီမြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ နိုင်ငံရေး ပညာရှင် တယောက် အနေနဲ့ အမြဲတမ်း သူတို့ စိတ်ထဲမှာ ရှိပါတယ်။ အဲလိုမျိုး ဒီမြန်မာပြည်က ရောက်ရှိနေတဲ့ ကလေးတွေ အားလုံးအတွက်ကို ပေါ့လေ၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က နေပြီးတော့ မြန်မာပြည်ကနေ ပြီးတော့ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည် ရေးလိုက်တဲ့ စာတွေလိုမျိုးပေါ့၊ Letters from Burma လို စာလေးမျိုးလေးကို အမြဲတမ်း တခုခု ဒေါ်အောင်ဆန်းစုကြည် ဆီကနေ ပို့ပို့ ပေးမယ်ဆိုရင် သူတို့တတွေ အရမ်း ဝမ်းသာမယ်လို့ ထင်ပါတယ်ပေါ့နော်။ နောက်ပြီးတော့ အခု မြန်မာပြည်မှာ ရှိနေတဲ့ ကလေးတွေ နဲ့ လူငယ်တွေ အားလုံးကိုလဲ မြန်မာပြည်အတွက် ဘယ်လိုကူညီရမယ်၊ ဘယ်လို စောင့်ရှောက်ပေးရမယ် ဆိုတာ လေးတွေကိုလဲ နည်းနည်း ပြောကြားစေချင်ပါတယ်နော်။ ဒေါ်အောင်ဆန်းစုကြည် မိသားစုအားလုံး နေကောင်းပါစေလို့ ကျမတို့ ဆုတောင်းပါတယ်ရှင်။  
 
A: နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျမတို့ မြန်မာပြည်က ကလေးတွေနဲ့ ဆက်သွယ်ဖို့ဆိုတာ ကျမ အမြဲစဉ်းစားနေတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ ဆောင်းပါးတွေနဲ့လဲ ရေးပြီးတော့ ဆက်သွယ်ချင်တယ်၊ နောက်ပြီးတော့ ခွင့်ပြုမယ် ဆိုလို့ရှိလို့ရှိရင် အင်တာနက်ကို သုံးပြီးတော့ ဆက်သွယ်တာတွေလဲ လုပ်ချင်ပါတယ်။ အဲဒါတွေအတွက် ကျမ အခုတည်းက စဉ်းစားပြီးတော့ စီစဉ်နေတာဖြစ်ပါတယ်။ များမကြာမီ မှာ ကျမတို့ မြန်မာပြည်က ကလေးတွေနဲ့ကျမ တိုက်ရိုက် ဆက်သွယ်မှုတွေ လုပ်နိုင်မယ်လို့ ကျမ မျှော်လင့်ထားပါတယ်။ ဆက်ပြီးတော့လဲ ဒီကလေးတွေဟာ မြန်မာပြည်အကြောင်း စိတ်ဝင်စားအောင်လို့ မိဘတွေကလဲ အားပေးကြပါ။ ကူညီကြပါလို့လဲ ကျမ မေတ္တာရပ်ခံ ချင်ပါတယ်။ 
မေးခွန်းမေးသူ။   ။ ကိုမျိုးမင်းအောင် (မဟာသိပ္ပံကျောင်းသားဟောင်းတဦး၊ ထိုင်းမြန်မာ နယ်စပ်)
Q: အခု ဒေါ်အောင်ဆန်းစုကြည်က ပြန်လွတ်လာပြီဆိုတော့ ဒီ ကျောင်းသားတွေအတွက်၊ အထဲမှာ ရှိနေတဲ့ ကျောင်းသားတွေ အတွက် ဘယ်လိုများ ကူညီပေးနိုင်မလဲပေါ့၊ လက်ရှိ မြန်မာနိုင်ငံမှာက တက္ကသိုလ် ကျောင်းတွေသာ ရှိပြီးတော့ အခွံတွေပဲရှိတယ် အထဲမှာ လက်တွေ့ ပစ္စည်းဆိုပြီးတော့ ဘာတခုမှ မရှိဘူး၊ အဲဒါမျိုးတွေ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လိုများ အဲဒါ ပြင်ဆင်ပေးနိုင်မလဲ၊ ဘာများ လုပ်ပေးနိုင်မလဲပေါ့။ ပြီးတော့ သင်တန်းတွေနဲ့ ပတ်သက်ပြီးတော့လဲ ကွန်ပြူတာ သင်တန်းပဲဖြစ်ဖြစ်၊ အင်္ဂလိပ်စာ သင်တန်းတွေပဲ ဖြစ်ဖြစ်၊ ရန်ကုန်မြို့မှ မဟုတ်ဘူး၊ နယ်တွေမှာရော အရမ်း သွားရလာရ ခက်ခဲတဲ့ နေရာတွေမှာရော ကျောင်းတွေကို တိုးချဲ့ပြီးတော့ ဖွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှိပါသလားလို့။ ကျောင်းသား လူငယ်တဦးပါ၊။ နယ်စပ် ဒုက္ခသည် စခန်းကို လောလောဆယ် ရောက်ရှိနေပါတယ်။  
A: ကျမ ရထားတဲ့ နိုဘဲလ်ဆု အပြင် တခြား ဆုငွေများနဲ့ ထူထောင်ထားတဲ့ ရန်ပုံငွေတခု ရှိပါတယ်။ အဲဒီ ရန်ပုံငွေကနေပြီးတော့ ကျမတို့ ပြည်ပရောက်နေတဲ့ ကျောင်းသားတွေကို ကူညီနေပါတယ်။ ဒါပေမယ့် ကူညီထောက်ပံ့မှုကလဲ ဒီ ရန်ပုံငွေရဲ့ အတိုင်းအဆ အထိပဲပေါ့နော်၊ ဒီဟာတွေကိုလဲ  ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့  ကြိုးစားနေပါတယ်။ ပြည်တွင်းက လူငယ်တွေအတွက် ဆိုလို့ရှိရင် ကျမတို့ဟာ နိုင်ငံရေး အဖွဲ့အစည်း တခုဆိုတော့ ကိုယ်လုပ်ချင်သလောက် မလုပ်နိုင်ပါဘူး။ ဒါပေမယ့်လဲ  ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဆက်နွယ်နေတဲ့ လူငယ်တွေကော၊ နိုင်ငံရေး အကျဉ်းသားများရဲ့ မိသားစုတွေရောကို ကျမတို့ တတ်နိုင်သမျှ ပညာရေးဘက်မှာ ကူညီနေပါတယ်။ ဒါဟာ ဆက်ပြီးတော့လဲ လုပ်သွားမှာပါ။ အင်္ဂလိပ်စာ သင်တန်းတွေ၊ ကွန်ပြူတာ သင်တန်းတွေ၊ တခြားပေါ့နော် ပညာပေးသင်တန်းတွေကို တတ်နိုင်သမျှ ကျမတို့ လုပ်ခဲ့ပါတယ်။ နောက်ပြီးတော့လဲ ဆက်ပြီးတော့ လုပ်သွားမှာဖြစ်ပါတယ် ဆိုတာ ပြောပါရစေ။  

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts