>CoBA SF Chapter to hsot fund raising in coming Jan 23

>

ပြည်သူ့ဂုဏ်ရည်၏ ဆန်ဖရန်ဘေးဧရိယာအဖွဲ့က ဇန်န၀ါရီ ၂၃ မှာ ရန်ပုံငွေဈေးရောင်းမည်
မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၁၉ ၊ ၂၀၁၀
မြန်မာပြည်သားချင်း ရိုင်းပင်းကူညီဟူသော တိုက်တွန်းချက်ဖြင့် နှစ်စဉ် နှစ်တိုင်း မြန်မာပြည်တွင်းရှိ စေတနာဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးမဖက် စွမ်းဆောင်သူများ၊ အဖွဲ့များကို စာရင်းပြုစု ပြန်ကြားခြင်း၊ အများဆန္ဒဖြင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းတို့ လုပ်ကိုင်ရန် ဖွဲ့စည်းထားသော ပြည်ပရောက် မြန်မာပြည်ဖွားများ၏ ပြည်သူ့ဂုဏ်ရည်အဖွဲ့သည် လာမည့်နှစ် ၂၀၁၁ တွင် ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ရန် အမေရိကန်မြို့နယ်များအနှံ့ လှုပ်ရှားမှုများ၊ စည်းရုံးလှုံဆော်မှုများ ပြုလုပ်လျက်ရှိသည်။
၂၀၁၁ ခုနှစ် မေလတွင် ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အမေရိကန်ပြည်အနောက်ခြမ်း ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြို့နယ်အဖွဲ့က တာဝန်ယူ ကျင်းပရမည်ဖြစ်ရာ ၂၀၁၁ ဆုပေးပွဲ အောင်မြင်စွာ ၀ိုင်းဝန်းလုပ်ဆောင်နိုင်ရေးအတွက် ဆန်ဖရန်မြို့နယ် စေတနာဝန်ထမ်းလုပ်အားပေးများက လာမည့် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ရန်ပုံငွေ ဈေးရောင်းအလှူပွဲတော် တခု ဖြစ်မြောက်အောင် စီစဉ်လျက်ရှိသည်။
ရန်ပုံငွေ အလှူပွဲတော်တွင် စေတနာရှင် မိဘပြည်သူများက အာရှသားတို့အကြိုက် အစားအသောက်များ ရောင်းချပြီး အလှူခံခြင်း၊ မြန်မာ့မိသားစုများတွင်းမှ အနုပညာချစ်သူ လူကြီး လူငယ်တို့က ၎င်းတို့စိတ်ကြိုက် မြန်မာ ဂီတ၊ အလှ၊ အက ဖျော်ဖြေမှုတို့ဖြင့် ဧည့်ခံခြင်း နှင့် ပြည်သူ့ဂုဏ်ရည်အဖွဲ့သားတို့၏ တနှစ်တာ ဆောင်ရွက်မှုများ၊ စည်းရုံးလှုံဆော်မှုများ၊ ဒေသအလိုက် မြို့နယ်များတွင် မြန်မာမိသားစုများနှင်အတူ လူမှုရေး၊ ဘာသာရေး ပူးပေါင်း ဆောင်ရွက်ခဲ့မှုများကို ဓာတ်ပုံ၊ မီဒီယာ၊ ပိုစတာတို့ဖြင့် ပြပွဲများ ခင်းကျင်းပြသမည် ဖြစ်သည်။
ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုတွင် အမေရိကန်ရောက် မြန်မာမိသားစု အများစုပေါင်း နေထိုင်သည့် မြို့နယ်ပေါင်း ၁၅ မြို့နယ်ခန့်က ပူးပေါင်းပါဝင်ခဲ့ကြသည်။ ဆက်လက်ပြီး ၀ိုင်းဝန်း ကူညီ အားပေးကြမည့် စေတနာရှင်များ၊ လုပ်အားပေးများကိုလည်း ဖိတ်ခေါ်ကြိုဆိုလျက်ရှိသည်။ ၂၀၁၀ ဧပြီလတွင် ပထမဦးဆုံး ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာပြည်တွင်းရှိ နာရေးကူညီမှုအသင်းက ဦးဆောင်သူ ဦးကျော်သူကို ဂုဏ်ပြုချီးမြှင့်နိုင်ခဲ့သည်။ ထိုအချိန်နောက်ပိုင်းမှ စတင်ပြီး မြို့နယ်အလိုက် ရန်ပုံငွေပွဲများ ကျင်းပခြင်းနှင့် မြန်မာ့လူမှုရေးအလှူပွဲတော်များတွင် ၀ိုင်းဝန်း လုပ်အားပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်က ပြည်သူ့ဂုဏ်ရည်၏ ဂုဏ်ထူးဆောင် ၂ ဦးဖြစ်သော ကိုကျော်သူ၏ သုခဆေးခန်း နှင့် မဖြူဖြူသင်း၏ HIV/ AIDS လူနာများ ဂေဟာတို့အတွက် ဇီဝိတဒါနအလှူကို ပြည်သူ့ဂုဏ်ရည် လုပ်အားပေးများအချင်းချင်းအတွင်းမှ တပတ်အတွင်း အလှူခံခြင်း ပြုခဲ့ကြရာ ၇ ရက်အတွင်း ကိုကျော်သူနှင့် မဖြူဖြူသင်းတို့၏ လုပ်ငန်းအသီးသီးအတွက် အမေရိကန်ဒေါ်လာ ၅၀၀ စီ လက်ခံရရှိ လှူဒါန်းနိုင်ခဲ့သည်။ လာမည့် လများအတွင်းတွင်လည်း မြို့နယ်အသီးသီးက ပြည်သူ့ဂုဏ်ရည်လုပ်အားပေးများ၊ စေတနာရှင်မိသားစုများက ရန်ပုံငွေပွဲများ အသီးသီး ကျင်းပကြရန် စီစဉ်လျက် ရှိသည်ဟု ဆိုသည်။ ၎င်းတို့ ၀က်ဆိုက် http://citizenofburma.org မှာ သွားရောက် ကြည့်ရှူနိုင်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts