>Maung Tha Cho – San Mya Thida – Social Care Center

>

“စမ်းမြသီတာ” က ကောင်းသောလက်များ
မောင်သာချို
ဆဲဗင်းဒေးစ် သတင်းဂျာနယ်က ကူးယူဖော်ပြသည်
ဒီဇင်ဘာ ၁၉ ၊ ၂၀၁၀
(တစ်)
“စမ်းမြသီတာ”ကို နေ့ချင်းညချင်းဆိုသလို အပြောင်းအလဲကြီး ပြောင်းလဲသွားအောင် ပခုံးဖြင့်ထမ်းတင်ပေးလိုက်တာက ဟွာဆောက်ဂျူ အဖွဲ့ပဲ ဖြစ်ပါသည်။ ဟုတ်ပါသည်။ ဟွာဆောက်ဂျူ။ တောင်ကိုးရီးယားနိုင်ငံက ဟွာဆောက်ဂျူ။ မှတ်မှတ်ရရ “စမ်းမြသီတာ”သို့ ဟွာဆောက်ဂျူ ရောက်လာသည်မှာ ၂၀၀၉ ခုနှစ် မေလလောက်ကဖြစ်ပါသည်။ မြင်မြင်ချင်းမှာပင်လျှင် ဟွာဆောက်ဂျူအဖွဲ့သားတွေ မျက်နှာမကောင်း ကြတော့။ တောင်ကိုးရီးယားတယောက်ဆိုလျှင် မျက်ရည်များပင်စီးကျ၍လာပါသည်။ တကယ်လည်းသည်တုန်းက “စမ်းမြသီတာ”၏ အနေအထားသည် မျက်ရည်ကျလောက်သည့်အနေအထားဖြစ်ပါသည်။
နှစ်ဧကခွဲ သုံးဧကလောက်ကျယ်ဝန်းသည့် ခြံဝန်းကြီးထဲမှာ ဘာအဆောက်အအုံမှမရှိ။ မင်္ဂလာဒုံပုလဲမြို့သစ်၏ မြေရိုင်းရေရိုင်းအပေါ်မှာ တဲကြီးတွေထိုးကာ သီလရှင်ကလေးတွေ၊ ကိုရင်ကလေးတွေ၊ အရပ်သူအရပ်သား ကျောင်းသားကျောင်းသူလူငယ်ကလေးတွေကို စာသင်ပေးနေရသည့်အနေအထားဖြစ်ရာ သည်ကျောင်းကို ဦးဆောင်နေရသည့် ဆရာလေးတို့အနေနှင့် ဖြစ်သလိုနေ ဖြစ်သလိုအိပ် ဖြစ်သလိုစားရသည့်ဘဝကို ဟွာဆောက်ဂျူတွေ့မြင်သွားခဲ့ရ သည်ဖြစ်ရာ မျက်နှာတွေညှိုးကျသွားတာ ဘာမှမဆန်း။ မျက်ရည်ကျသူကျတာလည်း ဘာမှမဆန်း။
ဟွာဆောက်ဂျူအဖွဲ့က ရန်ကုန်သို့ရောက်လျှင်ရောက်ခြင်း ဝါယာလက်တောတိုက်ဓမ္မရိပ်သာသို့သွားကာ ဆရာတော်ဦးဓမ္မသာရနှင့် သွားရောက်ဖူးမြော်တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။ ဆရာတော်က ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၊ သီလရှင် စာသင်ကျောင်းများ၏ ဥက္ကဋ္ဌဖြစ်ရာ ဆရာတော့်ကိုဖူးမြော်တွေ့ဆုံလိုက်ခြင်းအားဖြင့် သည်စာသင်ကျောင်းတို့၏စာရင်းတွေအကုန်လုံးကို ဟွာဆောက်ဂျူအဖွဲ့ကရရှိသွားခဲ့သည်။ သို့ဖြင့် ထိုစာသင်ကျောင်းများအားလုံးရှိရာသို့ ဟွာဆောက်ဂျူ သွားရောက်အကဲခတ်ခွင့်ရခဲ့သည်။ ဤနည်းဖြင့် ဘယ်နေရာမှာ အလှူဒါနပြုမလဲဆိုသည့် ရွေးချယ်ဆုံးဖြတ်ခွင့်ကိုပါရရှိခဲ့ရာ ဟွာဆောက်ဂျူရောက်ရှိရွေးချယ်လိုက်ရာတစ်နေရာက ထို “စမ်းမြသီတာ”ပဲဖြစ်ပါလေသည်။
(နှစ်)
မင်္ဂလာဒုံပုလဲမြို့သစ်ရှိ “စမ်းမြသီတာ”ကို ၂ဝဝ၁ ခုနှစ်ကတည်းကတည်ထောင်ခဲ့ကြခြင်းဖြစ်ပါသည်။ နာယက ဒေါ်ဟေမာရီက ဓမ္မစရိယ။ တိုက်အုပ်ဒေါ်ဧသင်္ဂီက  အဝေးသင်တက္ကသိုလ်မှ ပထဝီဝင်အဓိကဖြင့် ဝိဇ္ဇာဘွဲ့ရရှိပြီးသူ။ ဒေါ်ဓမ္မနန္ဒီကတော့ မဟာသိပ္ပံဘွဲ့ရ။
ခြေဖဝါးလက်ဖဝါးဖြင့် သူ့ခရီးကိုစခဲ့ရသော “စမ်းမြသီတာ”က ယခု ဆယ်နှစ်သက်တမ်းရှိလာလေသောအခါမှာတော့ ထိုက်တန်သလောက် တောင့်တောင့်တင်းတင်းရှိလာခဲ့ပါပြီ။ ဟွာဆောက်ဂျူကဆောက်ပေးထားသော စာသင်ကျောင်းက တော်တော့်ကိုခေတ်မီကာတောင့်တင်း သပ်ရပ်ပါသည်။ ထို့ပြင် နှစ်ထပ်ကျောင်းဆောင်တစ်ခု။ ခန်းမကျယ်ကြီးတစ်ခု။ သန့်စင်ခန်းတွေက အစီအရီ။
သည်ကျောင်းမှာ ကျောင်းသားကျောင်းသူ ၃၅ဝ ရှိပါသည်။ ကျောင်းအိပ်ကျောင်းစား ၁၃၄ ယောက်မှာ လူဝတ်ကြောင်က ၄၈ ယောက်။ သီလရှင်နှင့်ကိုရင်က ၈၆ ပါး။ ၁ဝ တန်းကျောင်းသား ၂၂ ယောက်။ ၉ တန်းကျောင်းသား၁၄ ယောက်။ ကျန်တာတွေက စာသင်ရုံလာသင်သည့် ပြင်ပကကျောင်းသားများ။  “သည်မှာ သူငယ်တန်းကနေ ရှစ်တန်းအထိ အဓိကပေါ့။ ဆရာမ ၁၂ ယောက်ရှိတယ်”
ဆရာလေး ဒေါ်ဧသင်္ဂီက အဖြူအစိမ်းဝတ်ဆရာမလေးတွေကိုလှမ်းကြည့်ကာ ကျနော့်အတွက် ကော်ဖီတစ်ခွက်ဖျော်လာဖို့ “ချင်း” ဘာသာဖြင့်လှမ်းပြောသည်။ သည်မှာ ဆရာလေးဒေါ်ဧသင်္ဂီအပါအဝင် ဆရာမတော်တော်များများက ချင်းတိုင်းရင်းသူတွေဖြစ်ပါသည်။ ဟိုး ရခိုင်ရိုးမကြီး၏အရှေ့ဘက်ခြမ်း ချင်းရွာကလေးတွေကနေလာကြသူတွေ။ အရှိုချင်းတဲ့။ ဒါကြောင့် သူတို့အချင်းချင်း “ချင်း” ဘာသာဖြင့်ပဲပြောပါသည်။
သည် ဆရာမလေး ၁၂ ယောက်ကို လခ ၃ သောင်းစီပေးထားသည်။ တစ်ယောက်ကို ၂ သောင်းနှုန်းနှင့် ၁၂ ယောက်က (အတွက်) ၂ သိန်း လေးသောင်းကို ရှိုင်းဟုတ်ကုမ္ပဏီက လစဉ်တာဝန်ယူထားသည်။ သည့်အပြင် ကိုးတန်း ဆယ်တန်းကျောင်းသားကျောင်းသူတွေ အတွက်လည်း ပညာဒါနအတွက် သင်ကြားပေးနေရပေရာ ဆရာ ဆရာမ ၈ ယောက်ထပ်ခေါ်ထားရသဖြင့် တစ်ယောက်ကို လေးသောင်းခွဲ နှုန်းဖြင့်ထပ်ရှင်းရသည်။ ဒါတွေအားလုံးကို ဆွမ်းဆန်စိမ်းထွက်အလှူခံရာကရသော ဝတ္ထုပစ္စည်းအဝဝဖြင့် ဖြေရှင်းနေရခြင်ပင်းဖြစ်ပါသည်။
“ဆရာလေးတို့ ကျောင်းအိပ်ကျောင်းစားတွေရှိတယ်ဆိုတော့ မနက်စာက ထမင်းကြော်လေးဘာလေးပဲနေမှာပေါ့” “တကာကြီးရယ်။ ကြံကြံဖန်ဖန် ဘယ်လိုလုပ်ကြော်နိုင်မှာလဲ။ ထမင်းကြမ်းနဲ့ ငါးပိရည်ပေါ့။ ငါးပိရည်ကတော့ ငရုပ်စီးစိမ်းရယ်၊ ငရုပ်သီးမှုန့်ရယ်အကုန် ရောဖျော်ထားရတာ။ ထမင်းချိန်ကျတော့လည်း ဟင်းက အသီးအရွက်ရေလုံပြုတ်ပဲ။ ဒီကလူတွေ အစက မစားနိုင်ကြဘူး”
မှန်ပါသည် ချင်းတွေကလည်း ကချင်တွေလိုပဲ ဆီကိုရှောင်ကွင်းကြသူများဖြစ်ရာ ဆရာလေးဒေါ်ဧသင်္ဂီအပါအဝင်ဆရာမအများစုက အရှိုချင်းတွေ ဖြစ်ကြသဖြင့် သည် “စမ်းမြသီတာ” မှာတော့ ဟင်းက ဆီမဖက် မျှင်ငါးပိနည်းနည်းလေးစွက်သည့် ရေလုံပြုတ်ပဲ ဖြစ်နေပုံရပါသည်။
“အခုလို အလှူရှင်တွေလာတဲ့နေမျိုးတော့ စိုစိုစွတ်စွတ်ကလေး စားကြပေါ့”
ဟုတ်ပါသည်။ ထိုနေ့ကတော့ အလှူရှင်တွေက နံနက်ခင်းမှာမုန့်ဟင်းခါး၊ နေ့လည်ခင်းမှာ ကြက်သားဘူးသီးချက်နှင့်တည်ခင်းပါသည်။ ပြီးတော့ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ မုန့်ပဲသွားရည်စာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာကအစ လာရောက်လှူဒါန်းကြခြင်းဖြစ်ရာ “စမ်းမြသီတာ” ထဲမှာ စည်ကားသိုက်မြိုက်နေပါသည်။
အထူးသဖြင့် ထိုနေ့က “စမ်းမြသီတာ” ထဲကို ပရဟိတလူငယ်အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြသည်။
ဂီတမိတ်အဖွဲ့က ပြဇာတ်တိုကလေးတွေကပြသည်။ တေးဂီတမပါ။ နောက်ခံ Setting မပါ။ ဇာတ်ခုံမရှိ။ ပြည်ဖုံးကားမရှိ။ သည်အတိုင်းမြေတလင်းပြင်မှာ ကပြကြခြင်းဖြစ်ပါသည်။ စကားမပြောသလောက်ဟု ဆိုရလောက်အောင် အပြောနည်းနည်းအပြများများဖြင့် ပညာပေးကပြသောပြဇာတ်တို ကလေးများကို ဝိုင်းပတ်ကြည့်နေကြသောကလေးပရိသတ်က သဘောကျမဆုံးရှိနေကြပါသည်။
နောက်တော့ ပုံပြောသူများအဖွဲ့။ ဇာတ်လမ်းပြောသူက ပုံကိုရပ်ပြောပြလိုက်၊ သူ့အဖွဲ့သားတွေက ပုံပြင်ပါဇာတ်ဆောင်များအဖြစ် သရုပ်ဆောင်ပြလိုက်နှင့်။ ကလေးတို့ကား ဝေါကနဲသဘောကျသွားလိုက် ငြိမ်သက်တိတ်ဆိတ်သွားလိုက်နှင့်။ ဘဝ သင်ခန်းစာကို ပုံပြင်နှင့် သယ်ဆောင်သွားကြသော ခေတ်ပညာတတ် ပရဟိတလူငယ်ကလေးတွေပါ။
Education Network က ကိုကောင်းညွန့်နှင့်ကိုထက်လင်းအောင်တို့ကမူ ကျနော့်နားမှာလာထိုင်နေကြသည်။ ဆန်ဖရန်စစ္စကိုအခြေစိုက် ဗုဒ္ဓဘာသာဝင် အမေရိကန် ၂၀ လောက်(က) နွမ်းပါးသူတို့၏ပညာရေးနှင့်ကျန်းမာရေးကိုတတ်စွမ်းသလောက် လှမ်းလှမ်းပြီးကူညီနေကြရာ ထိုအကူအညီ သက်ရောက်သွားသင့်သည့်နေရာတွေကို Education Network က လူငယ်တွေကရှာဖွေကာ အကောင်အထည်ဖေါ် ပေးနေကြခြင်းပင်ဖြစ်ပါသည်။
School Health Promotion တဲ့။ Child Emotional Promotion တဲ့။ Reading Promotion တဲ့။ Teacher Trainning တဲ့။ Theatre တဲ့။ ကျန်းမာရေး၊ ကလေးတို့၏စိတ်ခံစားမှု၊ စာဖတ်ခြင်း၊ ဆရာဆရာမလေ့ကျင့်မှု၊ သဘင်ရေးရာ စသည်ဖြင့်နယ်ပယ်ဖြန့်ကျက်ကာကူညီနေပုံက အသိအမှတ်ပြုလောက်ပါသည်။
ကျနော်ကတော့ လူကြီးတွေကိုတစ်ပွဲ၊ ကလေးတွေကိုတစ်ပွဲ ဟောပြောပွဲလုပ်ပေးပြီးနောက် ကလေးတွေနှင့်အတူသီချင်းဆိုပါသည်။ ကျနော်ကတိုင်ပေး၊ ကလေးတွေကလိုက်ဆို။ ကိုဇော်ဝမ်း၏ “လင်းလိုက်စမ်းပါကြယ်ကလေး” သီချင်း။ “ဟေ့..ငွေကြယ် အားငယ်နေသလားကွယ်…ကိုယ်လည်းမင်းဘဝနှယ်…။ ဘဝဆိုတာရယ်… ရုန်းကန်ရစမြဲကွယ်…ကိုယ်အားမလျှာ့သင့်တယ်…”
“စမ်းမြသီတာ” ထဲမှာ ကလေးတွေ၏အသံတွေက ဟိန်းညံ၍နေပါသည်။ “စမ်းမြသီတာ” ကို တောင်ကိုးရီးယားနိုင်ငံ ဟွာဆောက်ဂျူ (Hwa Seok Juk) က အုတ်မြစ်ချကာ Good Hands အဖွဲ့(က) တည်ဆောက်ခဲ့သည်။ ကောင်းသောလက်များတဲ့။ နေစရာကိုပေးတာ ကောင်းသောလက်။ မေတ္တာကိုပေးတာ
ကောင်းသောလက်။ ကရုဏာကိုပေးတာ ကောင်းသောလက်။ ကောင်းသောလက်တို့ ကမ္ဘာအနှံ့တွဲဆက်မိကြကာ ကောင်းသောကမ္ဘာကိုတည်ဆောက်နိုင်ပါစေတော့လား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts